- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောကို အေအေသိမ်းပိုက်ပြီးနောက် တက္ကနာ နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတင်းကျပ်
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် နယ်စပ်တလျှောက် ရေပြင်၊ မြေပြင် လမ်းကြောင်းများတွင် ကင်းလှည့်စောင့်ကြပ်မှုများကို အရှိန်မြှင့် ဆောင်ရွက်နေသည်ဟု ဒါကာထရီဗျူးန်၏ ဖော်ပြချက်အရ သိရသည်။
10 Dec 2024
မောင်တောတွင် နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ နခခ-၅ စခန်းကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်လိုက်သည့် သတင်း ထွက်ပေါ်လာပြီးနောက်တွင် တက္ကနာ နယ်စပ်တလျှောက်၌ ဘင်္ဂလားဒေ့ရှ်ဘက်က လုံခြုံရေးများ အထူးတင်းကျပ်ထားကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လတ်တလောတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် နယ်စပ်တလျှောက် ရေပြင်၊ မြေပြင် လမ်းကြောင်းများတွင် ကင်းလှည့်စောင့်ကြပ်မှုများကို အရှိန်မြှင့် ဆောင်ရွက်နေသည်ဟု ဒါကာထရီဗျူးန်၏ ဖော်ပြချက်အရ သိရသည်။
တက္ကနာ အုပ်ချုပ်ရေးမှူး (UNO) ရှိတ်အာဆန်အူဒင်ကလည်း ကြေညာချက်များ ထုတ်ပြန်ပြီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများနှင့် အခြားရေယာဉ်များအနေဖြင့် အဆိုပါဧရိယာကို ရှောင်ကြဉ်ကြရန် သတိပေးထားသည်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားမြစ်ရန်အတွက် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟုလည်း သူက ပြောသည်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်၏ ပြန်ကြားရေးအရာရှိ ရှော်အိဘီကက်ရှ်ကလည်း “ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ဘယ်သူ့ကိုမှ အဝင်ခံမှာ မဟုတ်ပါဘူး။ ဂျာလီယာကျွန်းကနေ စိန့်မာတင်ကျွန်းအထိ ကျွန်တော်တို့ ကင်းလှည့်နေပြီး ငါးဖမ်းသမားတွေကိုလည်း နယ်စပ်ဖြတ်မသွားကြဖို့ ညွှန်ကြားထားပါတယ်” ဟု ပြောကြားထားသည်။
စစ်ကောင်စီ၏ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေကြသည့် RSO ၊ ARSA ၊ ARA နှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် အစွန်းရောက် မွတ်ဆလင်အချို့သည်လည်း လက်နက်များဖြင့် ကစဉ့်ကလျား ထွက်ပြေးနေကြသည့်အတွက် လိုက်လံရှင်းလင်းနေသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့သည် ရခိုင်-ဘင်္ဂလာ နယ်စပ်၊ နတ်မြစ်တလျှောက်တွင် လှေများ၊ မော်တော်ဘုတ်များဖြင့် ထွက်ပြေးရန် ကြိုးစားနေကြသဖြင့် စစ်ရေးလိုအပ်ချက်အရ နတ်မြစ်အတွင်း ရခိုင်ရေပိုင်နက်အခြမ်း၌ ရေကြောင်းသွားလာမှုများကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။