- တစ်နိုင်ငံလုံးတွင် ယခုလအတွင်း တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာ
- သံတွဲမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်အပါအဝင် ၈ ဦးဒဏ်ရာရ
- တောင်ကုတ် ခမရ (၃၄၆) တပ်ရင်းကို AA သိမ်းပိုက်
- အိမ်မွေးခွေးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ မြန်မာအိမ်အကူအား စင်္ကာပူတရားရုံးက ထောင်ဒဏ်ကိုးလ ချမှတ်
- ဂွမြို့နယ် ကင်းပုံတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
နိုင်ငံတဝန်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူ သုံးသန်းခွဲခန့် ရှိလာ
ပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေပြီး အရပ်သားကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်နှင့်အတူ လူသားချင်းစာနာမှုအကျပ်အတည်းမှာ ဆက်လက် ဆိုးဝါးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ချက်ထားသည်။
28 Nov 2024
DMG ၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနှင့် တိုက်ပွဲပြင်းထန်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေ ၃ ဒသမ ၄ သန်းအထိ ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။
မရပ်မနားဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေပြီး အရပ်သားကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်နှင့်အတူ လူသားချင်းစာနာမှုအကျပ်အတည်းမှာ ဆက်လက် ဆိုးဝါးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်ထားသည်။
“ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ရောက်ရှိဖို့ ရှုပ်ထွေးတဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားပေးရပါမယ်” ဟု UNOCHA က ဆိုသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးနှင့် စစ်ကောင်စီတို့ကြား ပြင်းထန်လာသည့် ပဋိပက္ခကြောင့် တိုင်းနှင့်ပြည်နယ် ၁၅ ခုအနက် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံစားနေရသည်။
စစ်ဘေးရှောင်များမှာ ဆောင်းရာသီအတွက် အနွေးထည်၊ စောင်၊ အိပ်ရာယာခင်းများ အရေးတကြီး လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက ပြောသည်။
“တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူတွေက အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ဒုက္ခမျိုးစုံကို ခံစားနေကြရတယ်။ အကူညီတွေရရှိမှုကလည်း အရမ်းအားနည်းနေတယ်။ ဆိုတော့ လူသားချင်းစာနာထောက်ထားမှု အကူညီတွေက အရမ်းကို လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင်လည်း တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာမှုနှင့်အတူ နေရပ်စွန်ခွာသူဦးရေ မြင့်တက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူညီလိုအပ်ချက် မြင့်မားနေသည်။
“အကူအညီမရတာလည်း ကြာပြီ။ စားဖို့သောက်ဖို့ ဘယ်လိုမှအဆင်မပြေဘူး။ အလုပ်အကိုင်က ရှားတယ်။ ကြုံရာကျပန်း တစ်နေ့လုပ်အားခက ငွေတစ်သောင်းအောက်ပဲရှိတယ်” ဟု ရခိုင်က စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်သည့် ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၅၅၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ၏ နိုဝင်ဘာ ၁၈ ရက်နေ့အထိ စာရင်းအရ သိရသည်။
လက်ရှိတွင် ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင် ၊ ကချင် ၊ မကွေး ၊ မန္တလေး၊ စစ်ကိုင်း စသည့်ဒေသများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ဦးရေမှာလည်း မြင့်တက်လာနေသည်။