တရုတ်မှာ အားကစား လေ့ကျင့်နေကြသူများ ကားတိုက်ခံရသဖြင့် ၃၅ ဦး သေဆုံး
တရုတ်ပြည်တောင်ပိုင်း ကျူဟိုင်မြို့ရှိ အားကစားလေ့ကျင့်ရာ နေရာတစ်ခုသို့ ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် လူ ၃၅ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်အရာအကြီးအကျယ် ရရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
13 Nov 2024
တရုတ်ပြည် တောင်ပိုင်း ကျူဟိုင်မြို့ရှိ အားကစားလေ့ကျင့်ရာ နေရာတစ်ခုသို့ ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် လူ ၃၅ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်အရာအကြီးအကျယ် ရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၁၁ ရက် တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်၌ ကျူးလွန်သူဟု ယူဆရသော အသက် ၆၂ နှစ်အရွယ် အမျိုးသားသည် ဖြစ်စဉ်အပြီးတွင် ကားထဲ၌ ကိုယ့်ကိုယ်ကိုယ် ဓားဖြင့် ဒဏ်ရာရအောင် လုပ်ခဲ့သည့်အတွက် ယခုအခါ ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြသည်။
၎င်းမောင်းနှင်လာသည့် SUV ကားအငယ်ဖြင့် အားကစားဝင် ဂိတ်တံခါးကို ဖြတ်ဝင်လာပြီးနောက် အတွင်းလမ်း၌ အားကစား လေ့ကျင့်နေကြသည့် လူအုပ်ကြီးထဲသို့ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်မောင်းကို အခင်းဖြစ်ပွားရာ နေရာ၌ပင် ဖမ်းမိခဲ့သည်။ ၎င်း၏ အမျိုးသမီးနှင့် ကွာရှင်းပြတ်စဲထားသည့်အတွက် မကျေမနပ်ဖြစ်ရာမှ ယခုကဲ့သို့ ကားဖြင့် ဝင်တိုက်ခဲ့ခြင်းဟု ကနဦး သိထားရကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်ဆိုရှယ်မီဒီယာများပေါ်၌ ဒေါသတကြီး ပြောဆိုမှုများလည်း ရှိနေသည်။
“ကျူဟိုင်ဟာ တရုတ်ပြည်ထဲမှာ သက်သောင့်သက်သာနဲ့ အေးအေးချမ်းချမ်း နေလို့ကောင်းတဲ့ မြို့တွေထဲမှာ ပါတယ်။ ဒီဝမ်းနည်းစရာ ဖြစ်ရပ်ကြောင့် လူတွေရဲ့ စိတ်ထဲမှာ နောင်နှစ်ပေါင်းများစွာအထိ မေ့မရဘဲ ဖြစ်နေကြတော့မယ်” ဟု ဝီဘို ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးက ရေးသားထားသည်။
တရုတ်ပြည်ကူမင်းမြို့တွင် ၂၀၁၄ ခုနှစ်က မီးရထားဘူတာတစ်ခု၌ ဓားကိုင်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နောက်ပိုင်းတွင် ယခုကားတိုက်မှုသည် လူအသေအပျောက် အများဆုံး ဖြစ်သည်။