- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြန်ပေးသတင်းကြောင့် စိုးရိမ်မှုများ မြင့်တက်ပြီး တရုတ်ခရီးသွားများ ထိုင်းခရီးစဉ် ဖျက်သိမ်းမှုရှိလာ
ပြီးခဲ့သည့်သောကြာနေ့တွင် ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စအတွက် သွားရောက်ရာ၌ ပျောက်ဆုံးသွားခဲ့သော တရုတ်မင်းသား Wang Xing နှင့်ပတ်သက်သည့် အဖြစ်အပျက်ဖြစ်ပေါ်ခဲ့အပြီးတွင် ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသော တရုတ်နိုင်ငံသား ခရီးသွား အများအပြားက စိုးရိမ်ပူပန်လာခဲ့ကြခြင်းဖြစ်သည်။
14 Jan 2025
DMG ၊ ဇန်နဝါရီ ၁၁
လာမည့် နှစ်သစ်ကူးပွဲတော်အတွက် ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသော တရုတ်နိုင်ငံသား ခရီးသွား အများအပြားသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိလာပြီးနောက် ထိုင်းခရီးစဉ် ဖျက်သိမ်းမှုများ ရှိလာသလို လူမှုကွန်ရက်မီဒီယာများ၌လည်း စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ရေးသားခြင်းများ ရှိနေကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်သောကြာနေ့တွင် ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စအတွက် သွားရောက်ရာ၌ ပျောက်ဆုံးသွားခဲ့သော တရုတ်မင်းသား Wang Xing နှင့်ပတ်သက်သည့် အဖြစ်အပျက်ဖြစ်ပေါ်ခဲ့အပြီးတွင် ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသော တရုတ်နိုင်ငံသား ခရီးသွား အများအပြားက စိုးရိမ်ပူပန်လာခဲ့ကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် လူမသိသူမသိ သရုပ်ဆောင်တစ်ဦးဖြစ်သည့် Wang သည် ထိုင်းနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် အဆိုပါသတင်းသည် လူအများအကြားတွင် ပျံ့နှံ့သွားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် ကမ္ဘာလှည့်ခရီးသွားများ၏ နာမည်ကြီး ဦးတည်ချက်နေရာ ထိုင်းသို့ ခရီးထွက်ခွာအပြီးတွင် ၎င်းမှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံရှိ မြို့တစ်မြို့ ၌ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းလည်ပတ်မှုတစ်ခုမှနေ၍ သရုပ်ဆောင် Wang ကို အင်္ဂါနေ့၌ ကယ်တင်နိုင်ခဲ့သည်။ ယင်းကိစ္စကို လူထု၏ စိတ်ဝင်စားမှုမြင့်တက်နေချိန်တွင် ထိုင်းအာဏာပိုင်များက လျင်မြန်စွာ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ယူဆရသော Wang သည် စိတ်ထွေပြားနေသောပုံစံတွင် ရှိနေခဲ့ပြီး ဦးခေါင်းကိုလည်း ကတုံးတုံးခံထားရသည်ကို အာဏာပိုင်များက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မြင်တွေ့ရသည်။
တရုတ်လူနေမှုဘဝပုံစံများကို တင်ဆက်ပေးနေသော Xiaohongshu သို့မဟုတ် "Little Red Book" အွန်လိုင်းပလက်ဖောင်းတွင် "ကျွန်ုပ်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ကျွန်ုပ်မည်ကဲ့သို့ ပယ်ဖျက်ရမည်နည်း”ဟု မေးမြန်းစုံစမ်းမှုသည် ကြာသပတေးနေ့၌ ပို့စ်ပေါင်း ၃၈၀,၀၀၀ ကျော်အထိ ရှိခဲ့သည်။
ယခုကိစ္စရပ်ကြောင့် ခရီးသွားများ၏လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများ ရှိလာသည့်အတွက် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ လာရောက်လည်ပတ်မှုသည် လာမည့်အားလပ်ရက်ကာလတွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိသည်ဟု ထိုင်းခရီးသွားအေးဂျင့်များအသင်း (Atta) ၏ ခန့်မှန်းချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
ယမန်နှစ်၌ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ခရီးသွားစျေးကွက်သို့ တရုတ်ခရီးသွားအရေအတွက် ၆ ဒသမ ၇၃ သန်း လာရောက်ခဲ့ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် လည်ပတ်နေသော တယ်လီကွန်း ငွေကြေးလိမ်လည်မှုအဖွဲ့များက တရုတ်နိုင်ငံတွင် နေထိုင်သူများကို ၎င်းတို့၏လိမ်လည်လှည့်ဖြားမှု အစီအစဉ်များတွင် ပါဝင်ရန် လုပ်ဆောင်လာသည့်အတွက် ယင်း တယ်လီကွန်းလိမ်လည်မှုအဖွဲ့များထံတွင် တရုတ်နိုင်ငံသားအရေအတွက် တိုးပွားလာသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
မြဝတီမြို့တစ်ခုတည်း၌ပင် လူတစ်သိန်းခန့်သည် တယ်လီကွန်းငွေကြေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု တရုတ်အာဏာပိုင်များက ၂၀၂၃ ခုနှစ်တွင် ပြောကြားခဲ့ကြောင်း တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) က ဖော်ပြထားသည်။