- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်အပါအဝင် ၈ ဦးဒဏ်ရာရ
စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်၊ နန်းချောင်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲ ရုံးခြံဝင်းနှင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
28 Nov 2024
DMG ၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းအချိန် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်အပါအဝင် ၈ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲမှုကြောင့် နန်းချောင်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲ ရုံးခြံဝင်းနှင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
“ဂျက်ဖိုင်တာနဲ့ကြဲသွားတာ။ ရုံးထဲမှာတစ်လုံးကျတယ်။ ရွာထဲမှာတစ်လုံးကျလို့ ၈ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတဲ့လူတွေထဲက သုံးယောက်က ဒဏ်ရာပြင်းလို့ အရေးပေါ်ဆေးကုသမှု ခံနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
နန်းချောင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် သံတွဲမြို့၊ လသာရပ်ကွက်မှ မောင်ခန့်ပိုင် (၁၇)နှစ်၊ မအိမြင့်မြတ်ဖြိုး (၁၇)နှစ်၊ ဒေါ်ငယ်မရီ (၅၀)နှစ်၊ ဂျိတ္တောရပ်ကွက်မှ ဒေါ်ခင်မာဝင်း (၇၁) နှစ်၊ ကိုအောင်ခန့်ကျော် (၂၄) နှစ်၊ ဦးမောင်ရိုးသိန်း (၅၈)နှစ် အပါအဝင် နန်းချောင်းကျေးရွာမှ ဦးကျော်လင်းသူ (၄၀)နှစ်နှင့် မအေးသန္တာထွေး (၁၇)နှစ် တို့ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ကလည်း သံတွဲမြို့နယ်၊ သစ်ငုတ်တိုကျေးရွာကို ဂျက်ဖိုင်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင်ကလေးတစ်ဦး အပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
“စစ်တပ်က သူလုပ်နိုင်တဲ့အရာဖြစ်တဲ့ လေကြောင်းနဲ့ ပြည်သူတွေကို အတော်လေးဒုက္ခပေးနေအုံးမယ်။ စစ်ရှုံးနေတဲ့စစ်ကောင်စီက အရပ်သားတွေကိုပဲ ဦးတည်ပြီး မိုက်ရူးရဲဆန်ဆန် တိုက်ခိုက်နေတယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်ကို AA သိမ်းပိုက်ပြီးချိန်မှစ၍ စစ်ကောင်စီသည် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေဖြင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် နေအိမ်အဆောက်အအုံများ ပျက်စီးနေရသည်။
သံတွဲတိုက်ပွဲစတင်ချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေ ဆုံးသူ ၁၄၀ ဦးထက်မနည်းရှိကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။