- ဂွမြို့ကို အလုံးစုံ သိမ်းပိုက်ကြောင်း AA အတည်ပြု
- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
အငတ်ဘေးနှင့် စစ်ရေးကြားက ရခိုင်ပြည်
ထိန်းချုပ်နယ်မြေများ ပိုမိုများပြားလာသည်နှင့်အမျှ ပြည်သူ့ဝန်ဆောင်မှုများကို ပုံမှန် တိုးချဲ့ ဆောင်ရွက်နေသော AA သည် ယခုအခါ နယ်မြေထိန်းချုပ်ရေး တိုက်ပွဲများ ဆင်နွှဲနေသည့် တချိန်တည်း၌ ခက်ခဲကြမ်းတမ်းသည့် “အုပ်ချုပ်ရေး” တာဝန်ကိုပါ ထမ်းဆောင်နေရပြီ ဖြစ်သည်။
26 Nov 2024
အာရက္ခတပ်တော် (AA) က ရခိုင်ဒေသ တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် နီးကပ်လာသည့် တစ်ချိန်တည်း၌ အဆိုပါဒေသရှိ ပြည်သူလူထုမှာ လူသားချင်းစာနာမှု ကပ်ဘေးကြီးတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
ဘင်္ဂလားဒေ့ရှ်နှင့်လည်း နယ်စပ်ချင်း ထိကပ်နေသလို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့်လည်း တဆက်တည်း ရှိနေသည့် ဤဒေသ၌ တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သည်။
AA သည် လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်ထားသည့် အမ်းမြို့ကို ထိုးစစ်ဆင်နေသည်။ မောင်တောကိုလည်း လပေါင်းများစွာ ထိုးစင်ဆင်ခဲ့ပြီးနောက် ယခုအခါ နောက်ဆုံးကျန်နေသည့် နယ်ခြားစောင့် အမှတ် (၅) စခန်း (နခခ-၅) ကို အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။
စစ်ကောင်စီဘက်ကလည်း အဆိုပါ နှစ်နေရာလုံးအတွက် ထောက်ပံ့ရေး ပစ္စည်းများကို လေထီး၊ ရဟတ်ယာဉ်တို့ဖြင့် ချပေးလျက်ရှိရာ တိုက်ပွဲသည် ရှည်ကြာနေပြီဖြစ်သည်။
AA သည် ပြင်းထန်သောတိုက်ပွဲများကို လပေါင်းများစွာ ဆင်နွှဲခဲ့ပြီးနောက်တွင် ဆယ်မြို့နယ်ထက်မနည်း သိမ်းပိုက်ထားသည်။ မြို့တော် စစ်တွေကိုလည်း ထိထိရောက်ရောက် ဝိုင်းထားကာ မြို့နေပြည်သူ ထောင်ပေါင်းများစွာသည်လည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။
စစ်တွေဆိပ်ကမ်းနှင့် လေယာဉ်ကွင်းမှာ လည်ပတ်ဆဲဖြစ်သော်လည်း ကုန်းလမ်းကြောများမှာ ပိတ်သွားပြီဖြစ်သည်။ စစ်ကောင်စီတပ်များသည် AA ထိုးစစ်ကို ခုခံရန် စစ်တွေကို အခိုင်အမာ ခံစစ်ပြင်ဆင်ထားသည်။ မကြာသေးမီက မြင်တွေ့ရသည့် ဓာတ်ပုံများ၌ စစ်တွေသည် လမ်းများပေါ်၌ လူသူကင်းမဲ့နေသည်ကို တွေ့ရသည်။ စစ်တွေတွင် အင်တာနက် ပြတ်တောက်နေသည်မှာ ကြာပြီဖြစ်သဖြင့် မြို့တွင်းအနေအထားကို အပြည့်အစုံ မခန့်မှန်းနိုင်ပေ။
ယခုဖြစ်အင်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်သမိုင်းတွင် မကြုံစဖူး တော်လှန်ရေးအောင်ပွဲ တစ်ရပ် ဖြစ်လာနိုင်ခြေ ရှိသော်လည်း ဆိုးဝါးသည့် လူမှုအရင်းအနှီးတစ်ရပ်ကို ပေးဆပ်ထားရသည် ဖြစ်ရာ နောက်ဆက်တွဲ ဆိုးကျိုးကို နောက်လာမည့် နှစ်များတွင် ခံစားရဖွယ် ရှိနေသည်။
နှစ်ချီကြာမြင့်လာသည့် ထိုးစစ်ကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက်သည် ငါးသိန်းကျော် ရှိလာသည်။ ထိုအထဲတွင် ရခိုင်၊ မွတ်ဆလင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူ အစရှိသဖြင့် ပါဝင်ကြသည်။
အဆိုပါဒေသတွင် ကန့်သတ်ချက်များကလည်း အများအပြား ရှိနေသည် ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့များကလည်း လက်လှမ်းမမီနိုင် ဖြစ်နေပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေသည်။
တိုက်ပွဲများ မတိုင်မီတည်းက ရခိုင်တွင် ၂၀၂၃ ခုနှစ် မေလက တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ရပြီ ဖြစ်သလို ဒုက္ခသည်စခန်းများ တွင်လည်း ၈၅ ရာခိုင်နှုန်းခန့် အပျက်အစီး ရှိခဲ့သည်။
အောက်တိုဘာလ နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ စစ်တမ်းတစ်ရပ်၌ ပြီးခဲ့သော တစ်နှစ်တာအတွင်း ကူညီကယ်ဆယ်ရေး ဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ဖော်ပြထားသည်။ စစ်တွေတွင် ဒုက္ခသည် ၇၆၀၉၀ ရှိသည့်အနက် ၁၀၆၃၄ ဦးဆီသို့သာ အကူအညီများ ရောက်ရှိနိုင်ခဲ့သည်ဟု စစ်တမ်းက ဆိုသည်။
ယခုနှစ် ဧပြီနှင့် မေလတွင် ဖြစ်ပွားခဲ့သည့် ဘူးသီးတောင် တိုက်ပွဲအတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၈၅၂၂၃ ဦးရှိသည့်အနက် ၂၇၈၉၃ ဦးထံသို့သာ အကူအညီများ လက်လှမ်းမီခဲ့သည်ဟု ကုလသမဂ္ဂ၏ စစ်တမ်းတစ်ရပ်အရ သိရသည်။ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောတို့ရှိ ပြည်သူ တစ်သိန်းခွဲခန့်မှာ မည်သည့် အကူအညီမျှ မရကြပေ။
ရခိုင်ပြည်တောင်ပို်င်းရှိ အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့သည်လည်း ပုံမှန်အားဖြင့် ပဋိပက္ခ ဧရိယာများ မဟုတ်ခဲ့သည့်အတွက် အဆိုပါ နေရာများသို့ အရေးပေါ် အကူအညီများ ပေးအပ်ရန် လွယ်လင့်တကူ လက်လှမ်းမမီနိုင်ပေ။
အဆိုပါဒေသများရှိ နေရာအများစုမှာလည်း အေအေက ထိန်းချုပ်ထားပြီဖြစ်ရာ စစ်ကောင်စီသည် အရပ်သားများကို ဒဏ်ခတ်သည့် သဘောဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေရာ ပြည်သူများ နေရပ်စွန့်ခွာနေကြရပြီး စီးပွားရေးလည်း ပုံမှန် မလည်ပတ်နိုင်တော့ပေ။
ရခိုင်ဒေသတွင် အငတ်ဘေးဒဏ်ကို လူပေါင်း နှစ်သန်းခန့် ရင်ဆိုင်ရမည့် အန္တရာယ် ရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်ထားသည်။ ပြည်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် မေလအထိ စုစုပေါင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကိုသာ ထောက်ပံ့နိုင်မည်ဟု မကြာသေးမီက ထုတ်ပြန်ထားသည့် အစီရင်ခံစာ တစ်ရပ်၌ ခန့်မှန်းထားသည်။
မျိုးစေ့နှင့် ဓာတ်မြေသြဇာ မလုံလောက်မှု၊ ရာသီဥတု ပြင်းထန်မှု၊ ပြည်သူများ စစ်ရှောင်ကြရသည့်အတွက် စိုက်ပျိုးရေး မလုပ်နိုင်မှု၊ ပဋိပက္ခ အရှိန်မြင့်လာမှုတို့ကြောင့် ပြည်တွင်းဆန်စပါး စိုက်ပျိုးမှုသည် ထိုးကျသွားသည်ဟု UNDP အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဤကဲ့သို့ စားနပ်ရိက္ခာဖူလုံမှု အံ့သြဖွယ်ရာ ကျဆင်းသွားခြင်းသည် ကုန်းလမ်းနှင့် ရေလမ်း အများစု ပိတ်ဆို့ခံလိုက်ရခြင်းကြောင့် ပိုမို ဆိုးရွားသွားသည်။ စစ်တွေနှင့် ကျောက်ဖြူ ဆိပ်ကမ်းလောက်သာ သင်္ဘောများ ရောက်ရှိတော့သည်။ စစ်ကောင်စီသည် ၎င်းထိန်းချုပ်မှု လျော့နည်းလာသည်နှင့်အမျှ ရခိုင်ဒေသကို လည်ပင်းညှစ်နေခြင်း ဖြစ်သည်။
ပဋိပက္ခကြောင့် AA ၊ ULA နှင့် အာရက္ခဒေသ အုပ်ချုပ်ရေး အစိုးရအပေါ် စားနပ်ရိက္ခာ ဝန်ထုပ်ဝန်ပိုး မတန်တဆ ပိုမိုပိသွားစေသည်။
ထိန်းချုပ်နယ်မြေများ ပိုမိုများပြားလာသည်နှင့်အမျှ ပြည်သူ့ဝန်ဆောင်မှုများကို ပုံမှန် တိုးချဲ့ ဆောင်ရွက်နေသော AA သည် ယခုအခါ နယ်မြေထိန်းချုပ်ရေး တိုက်ပွဲများ ဆင်နွှဲနေသည့် တချိန်တည်း၌ ခက်ခဲကြမ်းတမ်းသည့် “အုပ်ချုပ်ရေး” တာဝန်ကိုပါ ထမ်းဆောင်နေရပြီ ဖြစ်သည်။
ရခိုင်ပဋိပက္ခကို ပိုဆိုးသွားစေသည်မှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့က AA ကို စစ်ပွဲဆင်နွှဲရန် မြန်မာစစ်တပ်နှင့် နားလည်မှုယူကာ ပူးပေါင်းသွားသည့် လုပ်ရပ်ဖြစ်သည်။ ဤသည်မှာ နားလည်ရခက်သည့် ကိစ္စလည်း ဖြစ်သည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် မြန်မာ လုံခြုံရေး ကင်းစခန်းများကို တိုက်ခိုက်ခဲ့သည်မှာ ARSA အဖွဲ့ဖြစ်သည်။ ဤတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ကလည်း ဧရာမ လူမျိုးစုရှင်းလင်းရေး စီမံကိန်းကြီးကို ကျူးလွန်ကာ တုံ့ပြန်ခဲ့သည့်အတွက် မွတ်ဆလင် ၇ သိန်းကျော်သည် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ရခြင်း ဖြစ်သည်။
AA သည် မောင်တောင်မြောက်ပိုင်းတွင် မွတ်ဆလင် လက်နက်ကိုင်များနှင့် အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ စခန်းများကိုလည်း စီးနင်းသိမ်းပိုက်ခဲ့သည်။ ထိုလက်နက်ကိုင် အများစုမှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများနှင့် မောင်တောနှင့် ဘူးသီးတောင်တို့မှ လူသစ်စုဆောင်းယူထားသည့် မွတ်ဆလင်များ ဖြစ်ကြသည်။
မြန်မာစစ်တပ်တွင်လည်း အတင်းအဓမ္မ စုဆောင်းခြင်း၊ မိမိဆန္ဒအလျောက် ဝင်လာသူများကို လက်ခံခြင်းဖြင့် လူစုထားသည့် မွတ်ဆလင်စစ်သား ထောင်ပေါင်းများစွာ ရှိထားသည်။ AA သည်လည်း မွတ်ဆလင်များကို အဓမ္မ လုပ်အားပေးခိုင်းခြင်းနှင့် အခြားလုပ်ရပ်များ ကျူးလွန်ခြင်းများ ရှိကြောင်း စွပ်စွဲခံထားရသည်။
ရခိုင်ဒေသ ပဋိပက္ခ ပြီးခဲ့သည့်နှစ်အတွင်း အပြောင်းအလဲ ရှိခဲ့ပြီး ဇာတ်ဆောင်များ အများအပြား ပါဝင်ကာ အီလေးဆွဲနေမည့် ပဋိပက္ခပုံစံအဖြစ် ထွက်ပေါ်လာမည့် အန္တရာယ်ကို မြင်နေရသည်။ ဤသည်က ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် ဒုက္ခသည်များ ရခိုင်ပြည်သို့ ပြန်လာရေးအတွက် ပို၍ အန္တရာယ်ကြီးသွားစေပြီး လတ်တလော ရှေ့အနာဂတ်တွင် နေရပ်ပြန်နိုင်ကြမည့်ပုံ မရှိတော့ပေ။
AA နှင့် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်မြေများတွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ဘင်္ဂလားဒေ့ရှ်သို့ တောင်းဆိုမှုများမှာလည်း အရာမထင်ပေ။ မိုဟာမက်ယူနွတ်၏ အုပ်ချုပ်ရေးအဖွဲ့က မွတ်ဆလင်ဒုက္ခသည်များကို ကူညီပေးမည်ဟု ဆိုပါ၏။ သို့သော် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကမူ တစ်ဘာသာ ဖြစ်နေသည်။ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများ မဝင်အောင် တားမြစ်သည်။ မွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်သို့ ဝင်မလာအောင် ပိတ်ဆို့သည်။
ဤသို့ အဆက်ဖြတ်ခြင်းက ၂၀၂၄ နှစ်လယ်ပိုင်းက မောင်တောတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း ပိုမိုသိသာသည်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်က RSO ကို လက်နက်နှင့် စစ်သင်တန်းများ ကူညီပေးနေသည် ဆိုသော ခန့်မှန်းချက်များလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။
တစ်ချိန်တည်းတွင် အိန္ဒိယမှ ကုန်စည်များလည်း ကန့်သတ်ခံထားရပြန်သည်။ AA သည် ချင်းပြည်နယ် ပလက်ဝဒေသကို ဇန်နဝါရီလတွင် သိမ်းပိုက်ခဲ့သည်။
AA အတွက် မဟာဗျူဟာအရ အရေးပါသည့် ဤဒေသသည် အိန္ဒိယမှ စားနပ်ရိက္ခာနှင့် လောင်စာဆီများ တင်သွင်းပြီး ကုလားတန်မြစ်ကြောင်းတလျှောက်သာမက ကုန်းလမ်းဖြင့်ပါ သယ်ယူနိုင်မည့် အလားအလာရှိသည်။
သို့သော်လည်း လူမျိုးစုအကြား မသင့်မြတ်မှုကြောင့် ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် အခြေစိုက်ထားသည့် အဖွဲ့အစည်းဖြစ်သော ဗဟိုလိုင်လူငယ် အစည်းအရုံးသည် စားနပ်ရိက္ခာနှင့် လောင်စာဆီများ အိန္ဒိယမှ ပလက်ဝသို့ တင်သွင်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။
လိုင်လူငယ်အစည်းအရုံးသည် ချင်းပိုင်နက်ကို AA က သိမ်းပိုက်လိုက်သည့်အပေါ် ဒေါသထွက်သည့်အတွက် AA အပေါ် ဖိအားပေးသည့် သဘောဖြင့် ထောက်ပံ့ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်သည်။
စာနာမှုအကူအညီပေးအပ်ရေး လုပ်ငန်းနယ်ပယ်သည် လက်ရှိဖြစ်ရပ်များကို လေ့လာပြီး အနာဂတ်တွင် ဖြစ်လာနိုင်သည့် ကပ်ဘေးများနှင့် အရေးပေါ် အခြေအနေများကို ဟောကိန်းထုတ်သည့် အလုပ်ကိုသာ စွဲလမ်းနေကြသည်။ ရခိုင်ဒေသ၏ အငတ်ဘေးကြီးကို ရှောင်လွဲရန်မှာ ယခုချက်ချင်း ထလုပ်ရမည့် ဦးစားပေးအလုပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စာနာမှုအကူအညီများ လိုအပ်နေသည့် ပမာဏဟု တွက်ချက်ထားသော လူဦးရေ ၁၈ သန်းအနက် အများစုမှာလည်း အကူအညီများ မရကြသေးပေ။
စာနာမှုအကူအညီ အရေးပေါ်လိုအပ်ချက်ကို တုံ့ပြန်ရာ၌ မွတ်ဆလင်များအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများနှင့် ပတ်သက်ပြီး သားပုပ်လေလွင့် ပြောခံနေကြရသည့် ဌာနေ ရခိုင်လူမျိုးများအပေါ် နိုင်ငံတကာ၏ ချဉ်းကပ်မှုပုံစံများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။ အကွဲအပြဲများ ရှိနေသည့် ရခိုင်အသိုင်းအဝိုင်းများ အကြားတွင် ပေါင်းကူးတံတား ထိုးပေးနိုင်ရေးအတွက် အနောက်တိုင်းမှ ကူညီထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အလှူရှင်များ လိုလားကြသည့် လူမှုသဟဇာတဖြစ်ရေး” အစီအစဉ်ကိုလည်း အခြေခံကျကျ ပြန်လည်သုံးသပ်ရန် လိုအပ်သည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းတည်းက အနောက်နိုင်ငံများမှ လှူဒါန်းသည့် ရန်ပုံငွေ ဒေါ်လာ သန်း ဆယ်ဂဏန်းပေါင်းများစွာသည် မည်ကဲ့သို့ သုံးသည်ကို မည်မည်ရရ မပြနိုင်ဘဲ အချည်းနှီး ဆုံးရှုံးလျက်ရှိသည်။ အခါခါ ကျရှုံးနေသည့် ခေါက်ရိုးကျိုး ပုံစံကို ကျော်လွန်သည့် ချဉ်းကပ်မှုအသစ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ဆောင်ရွက်မှုများ သိသိသာသာ လိုအပ်နေပြီဖြစ်သည်။
ရန်ကုန်ရှိ ကုလသမဂ္ဂ၏ ဒေသဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့သည် စာနာမှု အကူအညီများ တိုးမြှင့်ပေးအပ်ရန်သော် လည်းကောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရန်သော်လည်းကောင်း တာဝန်ယူရမည့် အရည်အချင်း မပြည့်မီသည်မှာ မြင်သာသည်။
ယခင်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပြီး ယခုအခါ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သူ ဂျူလီဘစ်ရှော့သည်လည်း နေပြည်တော်သို့ သွားပြီး စစ်ကောင်စီခေါင်းဆောင်များနှင့် လျှို့ဝှက် တွေ့ဆုံခဲ့ပါ၏။ သို့သော် အကူအညီများ ပေးအပ်ရေးနှင့် ပတ်သက်၍ မည်သည့် လမ်းကြောင်းသစ်မျှ မဖောက်နိုင်ခဲ့သည်မှာ ထင်ရှားနေသည်။
အောက်တိုဘာလ နှောင်းပိုင်းက ကုလသမဂ္ဂတွင် သူမ၏ ပထမဆုံးမိန့်ခွန်း ပြောရာ၌ ဘစ်ရှော့က ပဋိပက္ခတွင် ပါဝင်နေကြသူများ၏ “အနိုင်-အရှုံး တွက်ချက်သည့်” စိတ်ထားအကြောင်းကို ညည်းညူသည်။ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့မှုများကို လက်နက်အဖြစ် အသုံးချနေသည့် အဓိကလက်သည်မှာ စစ်ကောင်စီသာ ဖြစ်ရာ ဘစ်ရှော့၏ အပြောက မြန်မာအများအပြားအတွက် စိတ်တိုစရာ ဖြစ်သည်။
နိုင်ငံတကာက လက်ရှိကျင့်သုံးနေသည့် ကြားဝင်ဖျန်ဖြေရေး ပုံစံသည် ဆက်လက်ကျရှုံးဦးမည်သာမက တင်းမာမှုများ ပိုတောင် မြင့်တက်စေဦးမည့်ပုံ ရှိသည်။ ဤအကျပ်အတည်းကြီးကို ဖြေရှင်းရန် ပင်မလမ်းကြောင်းမှာ AA ခေါင်းဆောင်ပိုင်းနှင့် ချိတ်ဆက်ပြီး ဤအုပ်စု၏ စာနာမှုအကူအညီ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်သင့်သည်။
အာရက္ခပြည် အာဏာပိုင်များမှတစ်ဆင့် ထောက်ပံ့ကူညီမှုများ တိုက်ရိုက် ပေးအပ်နိုင်ရေးတွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့လည်း ပါဝင်ပံ့ပိုးလာအောင် နိုင်ငံတကာက လမ်းကြောင်းချပေးမှုများ ပိုမိုဆောင်ရွက်သင့်သည်။
လူသားချင်းစာနာမှု အကျပ်အတည်းကြီးကို ဖြေရှင်းရန် ပျက်ကွက်ခြင်းသည် ရခိုင်ဒေသရှိ လူမှုအသိုင်းအဝိုင်း အားလုံးကို ဘေးအန္တရာယ် ကျရောက်စေမည်သာမက သက်ဆိုင်သူများ အားလုံးကိုပါ အပြစ်တင်စရာ ဖြစ်လာနိုင်ပေသည်။
Asia Times တွင်ဖော်ပြထားသော ဆောင်းပါရှင် David Scott Mathieson ၏ The strangulation of Myanmar’s ravaged Rakhine state ကို ကောက်နုတ်ဘာသာပြန်ပါသည်။