မြန်မာ့ စားနပ်ရိက္ခာဖူလုံရေး EU က ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ထောက်ပံ့
မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၃.၃ သန်းမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေကြရပြီး ယင်းထဲမှ လူဦးရေ ၂ ဒသမ ၇ သန်းမှာ စားနပ်ရိက္ခာ အခက်အခဲ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း WFP ထုတ်ပြန်ချက်တွင် ပါရှိသည်။
01 Nov 2024
DMG ၊ နိုဝင်ဘာ ၁
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော စားနပ်ရိက္ခာအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဥရောပသမဂ္ဂ (EU)မှ ယူရို ၁ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ထောက်ပံ့ပေးထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။
စားနပ်ရိက္ခာဖူလုံမှုအခြေအနေ ဆိုးရွားနေမှုများကို ဖြေရှင်းနိုင်ရေး ထောက်ပံ့ခြင်းဖြစ်ပြီး အဆိုပါ ရန်ပုံငွေကို ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO)မှ တစ်ဆင့် WFP ထံ ပေးအပ်ထောက်ပံ့ထားခြင်းဖြစ်သည်။
WFP အနေဖြင့် ယခုထောက်ပံ့မှုရရှိသည့် ရန်ပုံငွေကို မြန်မာနိုင်ငံတဝန်းတွင် ရေကြီးရေလျှံမှုဒဏ် ထိခိုက်ခံစားခဲ့ကြရသူများအား အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ လွန်စွာစိုးရိမ်စရာဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများမှာ ကျယ်ပြန့်လာမှုနှင့်အတူ ထပ်တလဲလဲဖြစ်နေသည့် သဘာဝဘေးအန္တရာယ်ကြောင့်လည်း ပြည်သူများတစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေရကြောင်း EU က ဆိုထားသည်။
"လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့ အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ" ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်များ ကြီးကြပ်ရေး Mr. Luc Verna က ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၃.၃ သန်းမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေကြရပြီး ယင်းထဲမှ လူဦးရေ ၂ ဒသမ ၇ သန်းမှာ စားနပ်ရိက္ခာ အခက်အခဲ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း WFP ထုတ်ပြန်ချက်တွင် ပါရှိသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းမှာလည်း ပြီးခဲ့သည့်နှစ်ထက် ၅၀ ရာခိုင်နှုန်းမြင့်တက်နေပြီး တစ်ချိန်တည်းမှာပင် နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၄ သန်းခန့်အထိ တိုးလာနေကာ ထိုပမာဏမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကရှိခဲ့သည့် လူဦးရေ ၃ သိန်းထက် အဆများစွာ တိုးလာနေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
"အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး" ဟု WFP ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ထည့်သွင်းပြောကြားထားသည်။
ဥရောပသမဂ္ဂအနေဖြင့် ယခုထောက်ပံ့သည့်ရန်ငွေအပါအဝင် ယခုနှစ်အတွင်း ထောက်ပံ့မှုပမာဏ စုစုပေါင်း ယူရို ၇ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း)အထိရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအကျိုးဆက်အဖြစ် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများမှာ အသက်လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်မှာလည်း မြင့်မားနေဆဲဖြစ်သည်။