- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
AA နှင့် ပတ်သက်သည်ဟုဆိုကာ ကျောက်ဖြူ ဒေသခံ ၅ ဦးကို စစ်ကောင်စီက ထောင်ချ
ဦးတင်လင်း၊ မောင်မျိုးဝင်း၊ မောင်ဝေအောင်၊ မောင်ကျော်မင်းထွန်းတို့ကို ထောင်ဒဏ် ၆ လစီနှင့် ဦးဝင်းမိုးအောင်ကို ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
28 Jan 2025

DMG ၊ ဇန်နဝါရီ ၂၈
စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကန္ဒီးကျေးရွာက ဒေသခံ ၇ ဦးထဲမှ ၅ ဦးကို ကျောက်ဖြူမြို့နယ်၊ တရားရုံးက ယခု ဇန်နဝါရီလတွင် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
ဦးတင်လင်း၊ မောင်မျိုးဝင်း၊ မောင်ဝေအောင်၊ မောင်ကျော်မင်းထွန်းတို့ကို ထောင်ဒဏ် ၆ လစီနှင့် ဦးဝင်းမိုးအောင်ကို ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
“ကျမ အမျိုးသားအပါအဝင် ၄ ယောက်ကိုတော့ ဇန်နဝါရီ ၁ ရက်က ထောင် ၆ လစီ ချလိုက်တာဖြစ်ပြီး ဦးဝင်မိုးအောင်ကိုတော့ ဇန်နဝါရီ ၂၂ ရက်က ထောင် ၃ နှစ် ချလိုက်တာဖြစ်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ အမှုရင် ဆိုင်နေရဆဲပါ။ သူတို့ကို ဘာပုဒ်မနဲ့ ထောင်ချတယ်ဆိုတာကိုတော့ ကျမလည်း ခုချိန်ထိ တိတိကျကျ မသိရသေးဘူး” ဟု ဦးတင်လင်းဇနီး ဒေါ်ခင်စုက ပြောသည်။
အဆိုပါ ကန္ဒီးကျေးရွာသား ၇ ဦးမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျေးရွာဘုန်းကြီး ကျောင်းအတွင်း ဝေယာဝိစ္စလုပ်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်သည်။
ယင်းအထဲမှ မောင်ဇော်လင်းထက်နှင့် မောင်မောင်ဌေးတို့နှစ်ဦးမှာ ယနေ့အထိ ကျောက်ဖြူမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။
၎င်းတို့ကို ကျောက်ဖြူအခြေစိုက် အမှတ် (၅၄၃) တပ်ရင်းတွင် ချုပ်နှောင်ပြီးနောက် AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် မည်သည့်ပုဒ်မနှင့် အမှုဖွင့်၍ ထောင်ဒဏ်ချမှတ်လိုက်သည်ကို မိသားစုဝင်များက တိတိပပ မပြောပြနိုင်သလို DMG က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
“သူတို့ကို AA နဲ့ ပတ်သက်လို့ဖမ်းတယ်။ ထောင်ချတာလည်း ဒါကြောင့်ဆိုပြီးတော့ သိရတယ်။ တကယ်တမ်းက အဖမ်းခံရတဲ့ ကလေးတွေဟာ ရပ်ရေး၊ ရွာရေး ကိစ္စတွေကို တက်တက်ကြွကြွ လုပ်ဆောင်ပေးနေကြတဲ့ သူတွေသာဖြစ်ပါတယ်။ သူတို့ (စစ်ကောင်စီ) က စွပ်စွဲသလို မဟုတ်ပါဘူး” ဟု ကန္ဒီးကျေးရွာသား တစ်ဦးက ပြောသည်။
ကန္ဒီးကျေးရွာသည် အမှတ် (၃၂) ရဲတပ်ရင်းနှင့် နှစ်မိုင်ခန့်အကွာနှင့် စစ်ကောင်စီ၏ နှမ်းဖဲတောင် စခန်းကုန်းနှင့်လည်း တစ်မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသဖြင့် ရွာခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်က ဒေသခံ ၃၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲ အချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၁၀၀ ထက်မနည်းမှာ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးခံထား ရဆဲဖြစ်သည်။