အခက်အခဲ စိန်ခေါ်မှုတွေကြားက ရသေ့တောင်ဒေသ (အင်တာဗျူး)

ရသေ့တောင်မြို့နယ်မှ ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စစ်ဘေးရှောင်များ အခြေအနေနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းပြီး လူမှုကူညီရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်သည့် ကိုကျော်လင်းဦးအား DMG က ဆက်သွယ်မေးမြန်းထားပါသည်။ 

By Admin 17 Dec 2024

အခက်အခဲ စိန်ခေါ်မှုတွေကြားက ရသေ့တောင်ဒေသ (အင်တာဗျူး)

ရခိုင်ဒေသကို စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ကာ လူ့အခွင့်အရေးချိုးဖောက်နေမှုကြောင့် ဒေသခံများ၏ နေ့စဉ်လူမှုစီးပွားများမှာ ထိခိုက်နစ်နာမှု များစွာဖြစ်ပေါ်နေရသည်။ 

ရသေ့တောင်မြို့နယ်မှ ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စစ်ဘေးရှောင်များ အခြေအနေနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းပြီး လူမှုကူညီရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်သည့် ကိုကျော်လင်းဦးအား DMG က ဆက်သွယ်မေးမြန်းထားပါသည်။ 

DMG - ရသေ့တောင်ဒေသမှာ လက်ရှိဘာတွေဖြစ်ပျက်နေလဲ သိပါရစေ။

ရသေ့တောင်မြို့နယ်က ဘက်ပေါင်းစုံမှာ နစ်နာနေရတယ်။ စားဝတ်နေရေးမှာလည်း အခက်အခဲရှိနေတယ်။ ကုန်ဈေးနှုန်းတွေလည်း တခြားမြို့နယ်တွေထက် တစ်ဆကျော်လောက် ကွာခြားမှုရှိတယ်။ ဒေသခံအများစုက အလုပ်အကိုင်မရှိကြဘူး။ ကျန်းမာရေကိစ္စ တစ်ခုခုဖြစ်ပြီဆိုရင်လည်း လမ်းခရီးအဆင်မပြေလို့ ပိုပြီးတော့ အခက်အခဲဖြစ်နေရတယ်။ ဒေသတစ်ခုခုနဲ့ ဆက်သွယ်ဖို့က အရင်ကထက်ပိုပြီး ခက်ခဲသွားတယ်။ ဖုန်းလိုင်းအင်တာနက်လိုင်း မရတာလည်း တိုက်ပွဲစဖြစ်တဲ့ အချိန်ကတည်းက မရတာ။ 

DMG - စားဝတ်နေရေးနဲ့ပတ်သက်လို့ ဒေသခံတွေ ဘယ်လိုအခက်ကြုံနေရလဲ။ ဘယ်လိုဖြေရှင်းနေကြလဲ။

အလုပ်အကိုင်တွေလည်းမရှိတော့ ဒေသခံတွေမှာ ကိုယ့်ဒေသကထွက်တဲ့  သီးနှံတွေကို အားထားရတယ်။ ဒေသထွက်သီးနှံတွေလည်း တိုက်ပွဲတွေကြောင့် မပြည့်အဝမစိုက်နိုင်တာရေ၊ စိုက်ပျိုးထားတဲ့သီးနှံတွေလည်း ဂရုတစိုက် မလုပ်ကိုင်တာကြောင့် အရင်ကလောက်တော့ မဖြစ်ထွန်းဘူး။ ဒေသခံတွေမှာတော့ အဆင်မပြေမှု တွေကြားက ဗိုက်ပြည့်ရုံပဲစားနေရတယ်။

အခြေခံစားသောက်ကုန်ပစ္စည်းတွေဆိုရင်  ကျောက်တော်နဲ့ ဘင်္ဂလာလမ်းကြောင်းကို အဓိကထားပြီး အသုံးပြု ကြတယ်။ အဲဒီထဲမှာတော့ ကျောက်တော်က ကုန်ပစ္စည်းနဲ့ ဘင်္ဂလာဖက်က ကုန်ပစ္စည်းဈေးနှုန်းကွာတယ်။ ဘင်္ဂလာလမ်းကြောင်းကတော့ နည်းနည်းမြင့်တယ်။ ကျောက်တော်ကလာတဲ့ပစ္စည်းက တစ်သောင်းဆိုရင် အဲဒီဖက်က ပစ္စည်းက ၁၅,၀၀၀ လောက်ကျတယ်။ ဈေးနှုန်းတွေကလည်း တခြားဒေသတွေထက် တစ်ဆကျော် လောက်ကွာနေတယ်။ ဒါတွေကြောင့် အခက်အခဲ ပိုပြီး ဖြစ်ရတယ်။

DMG - ဆက်သွယ်ရေးလိုင်းတွေ လုံးဝပြတ်နေတော့ ဒေသခံတွေ ဘယ်လောက်ထိ အခက်အခဲ ဖြစ်နေလဲ။

တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကစလို့ ဖုန်းလိုင်း၊ အင်တာနက်တွေ ပြတ်နေတာဆိုတော့  အခက်အခဲတွေက အားလုံးမှာရှိနေတာပဲ။ နိုင်ငံခြားမှာရှိတဲ့သူတွေကို မှီခိုပြီးနေရတဲ့ သူတွေလည်းရှိတယ်။ ဖုန်းလိုင်းမရတော့ ပိုပြီးခက်ခဲတယ်။ ဖုန်းတစ်ခါပြောဖို့ တစ်သိန်းလောက် ကုန်ကျခံရတယ်။ မေယုတောင်ကိုကျော်ပြီး သွားရတယ်။ xxx ကို သွားပြီး ပြောရတာ။ အဲဒီမှာ ဘင်္ဂလာဆင်းကဒ်နဲ့ သုံးရတယ်။ အဲဒါကလည်း အဲဒီကို ရောက်လို့အဆင်ပြေမှ၊ တစ်ဖက်ကပြောမယ့်သူက အဆင်သင့်ရှိနေမှ ဖုန်းပြောလို့ရတာ။ ပိုက်ဆံ အလုံးအရင်းကုန်ကျခံပြီး ဖုန်းဆက်ဖို့သွားတဲ့အခါ သုံးခါသွားရင် နှစ်ခါလောက်က အဆင်မပြေဘူး။ ပြောမယ့်သူနဲ့ အချိန်မတူညီတာ၊ ဖုန်းလိုင်း အဆင်မပြေတာတွေကြောင့်ပါ။ 

DMG - သတင်းအချက်အလက်သိရှိပိုင်ခွင့် ဘယ်လောက်ထိ ဆုံးရှုံးနေကြရလဲ။

TV လိုင်းတော့ ရတယ်။ ဒေသခံတွေက ကိုယ်ပြည်ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိချင်ကြတော့ TV လိုင်းရှိတဲ့ အိမ်တွေမှာ သတင်းကြည့်လာကြတာ အနည်းဆုံးတစ်အိမ်မှာ သုံးလေးဆယ်လောက်ရှိတယ်။ တချို့လူတွေဆိုရင် ရေဒီယိုနားထောင်ကြတယ်။ ရေဒီယိုတွေလည်း ဈေးကြီးတော့ တီဗွီလိုင်းကိုပဲ အားကိုးနေရတယ်။ 

DMG - ရသေ့တောင်မှာ စစ်ဘေးရှောင်တွေ အခြေအနေကိုလည်း သိပါရစေ။ 

စစ်ဘေးရှောင်တွေမှာတော့ မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်တဲ့အတွက် ပိုက်ဆံရှိသူတွေဆိုရင် စီးပွားရေးလုပ်ပြီး နေကြတယ်။ မရှိတဲ့သူတွေမှာတော့ ရွာကထောက်ပံ့တာတွေနဲ့ စားနေတာတွေရှိတယ်။ ကြုံရာကျပန်းလုပ်လို့ စားနေကြတာတွေရှိတယ်။ တချို့တောင်းစားကြတဲ့သူတွေရှိတယ်။ တချို့ကလည်း တောတောင်တွေကို တက်ပြီး ထင်းခုတ်၊ ဝါးခုတ်ရင်း စားသောက်နေကြရတယ်။ 

DMG - စစ်ဘေးရှောင်တွေ ကျန်းမာရေးကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေကြလဲ။

စစ်ဘေးရှောင်တစ်ယောက် ကျန်းမာရေးကိစ္စ တစ်စုံတရာဖြစ်ရင် လုံးဝကိုမလွယ်ဘူး။ အခက်အခဲကြားထဲက ရောဂါဖြစ်လာခဲ့ရင် ဘာမှမတတ်နိုင်လို့ ဒီတိုင်းနေရတယ်။ ရောဂါပိုဆိုးလာရင်တော့ သေဆုံးသွားရမှာပဲ။ ဗိုက်အောင့်၊ ခေါင်းကိုက် စတဲ့ အသေးအမွှားကိစ္စတွေနဲ့တော့ ဆေးခန်းမပြတော့ဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အခါ ရောဂါအကြီးတွေကျတော့ ကုသနိုင်ဖို့ရာခိုင်နှုန်းက ပိုပြီးနည်းသွားတာပေါ့။ 

အဲဒါ စစ်ဘေးရှောင်တစ်ခုတည်း မဟုတ်ဘူး။ ဒေသခံတွေလည်းအဲတိုင်းပဲ။ ရောဂါကြီးကြီးမားမားမဟုတ်ရင် ဆေးခန်းသွားမပြတော့ဘူး။ ဒေသမှာရှိတဲ့ ဆေးတွေနဲ့ ဖြစ်သလိုကုနေရတယ်။ ဘာလိုလဲဆိုတော့ လမ်းခရီးက လည်းဝေးတယ်၊ သွားရတဲ့ဈေးကလည်း ကြီးတယ်။ ဆေးအများစုပြတ်နေပြီး ဆေးဈေးနှုန်းတွေကလည်း မြင့်တက်နေပါတယ်။ ဘိုင်အိုဂျက်ဆေး တစ်လုံးကိုတောင် နှစ်ထောင်နီးပါးရှိတယ်။

အရေးပေါ်လူနာတွေ ဆိုင်ကယ်နဲ့ သွားလို့မရတဲ့လူနာတွေ ကားနဲ့သွားရမယ်ဆိုရင် လမ်းစရိတ်အနည်းဆုံး ၅ သိန်း လောက်ကုန်တယ်။ ဆေးဝါးစရိတ်နဲ့ဆိုရင် ရောဂါအပေါ်မှာတော့ မူတည်တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ၁၀ သိန်း လောက်မဟုတ်ရင် ဘာမှလုပ်လို့မရဘူး။

DMG - အခုက ဆောင်းရာသီလည်းဖြစ်တော့ စစ်ဘေးရှောင်တွေ ဘယ်လိုဖြတ်သန်းနေကြလဲ။

ဆောင်းတွင်းရာသီဆိုတော့ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေက ပိုပြီးခံစားရတယ်။ တိုက်ပွဲကြားထဲကထွက်ပြေး လာကြတာဆိုတော့ သူတွေမှာ ဘာတစ်ခုမှ ပါမလာကြဘူး။ အနွေးထည်တွေလိုလာတယ်၊ ကလေးငယ်တွေ အတွက်ဆိုရင်လည်း အနွေးထည်တွေမရှိတော့ ဖျားနာတာတွေဖြစ်လာတယ်။ နှာစေးတာစတဲ့ တစ်ခု မဟုတ် တစ်ခုဖြစ်လာတယ်။ ပုဆိုးတစ်ထည်ရှိရုံနဲ့တော့ အများကြီးအိပ်ရင် နှစ်ယောက်ပဲ။ စစ်ဘေးရှောင်တွေက ကြမ်းပြင် တွေမှာ အိပ်နေကြတာ။ ဖျာတွေပါတဲ့သူတွေရှိသလို ဖျာမရှိတဲ့သူတွေလည်းရှိတယ်။ ဖျာမရှိတဲ့သူတွေမှာကျတော့ ပုဆိုတွေ၊ အဝတ်အထည်တွေကို ခင်းပြီးအိပ်ကြတယ်။ တချို့စစ်ဘေးရှောင်မိသားစုတွေမှာ သုံးယောက်ပေါင်း စောင်တစ်ထည်တည်းနဲ့ အိပ်ရတယ်။ 

DMG - ရသေ့တောင်ဒေသနဲ့ပတ်သက်လို့ နောက်ထပ် ဘာများပြောလိုတာရှိလဲ။

စစ်စစ်ဘေးရှောင်တွေ အကူအညီရတဲ့အပိုင်းမှာ အားနည်းတယ်လို့ပြောရမှာပါ။ ရွာကစုပြီးပေးတဲ့ အကူအညီ တချိုနဲ့ အဖွဲ့အစည်းတချို့ပေးတာပဲရှိတယ်။   ဒါပေမဲ့ အဲဒါက ပုံမှန်ရနေတာမျိုးတော့ မဟုတ်ဘူး။ ကျေးရွာတွေက အကူအညီလည်း လတိုင်းပေးနိုင်တော့မဟုတ်ဘူး။ သူတို့မှာ ပိုပြီးအခက်ဖြစ်နေကြရတယ်။ 

သူတို့အတွက် နေရာသစ်တစ်ခုမှာ နေသားကျဖို့အတွက်ကတော့ ပိုပြီးခက်ခဲပါတယ်။ အိုးအိမ်စွန့်ခွာနေကြတာ ဆိုတော့ စိတ်ဓာတ်ကျတာ တွေရှိနေတယ်။ စားဝတ်နေရေးက အဆင်မပြေတော့ စိတ်ဖိစီးမှုတွေဖြစ်ကြတယ်။ အဲဒါတွေက နှစ်တာရှည်လာတဲ့အခါ ပိုဆိုးလာနိုင်တတယ်။ စိတ်ဖိစိပြီး ရူးသွားတာမျိုးတွေလည်း ဖြစ်သွားနိုင် တယ်။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တခြားသောအရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်အရေးမှာပိုပြီး ဝင်ရောက်ဆောင် ရွက်စေချင်ပါတယ်။