ရသေ့တောင်တွင် ဒီကိုလ်ဂျင်တစ်ကဒ် တစ်သောင်းကျပ်အထိ ဆေးဝါးဈေးနူန်း မြင့်တက်နေ 

AA ထိန်းချူပ်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ကာ ကုသပေးမှုများ လုပ်ဆောင်နေသော်လည်း အဆိုပါနေရာများကို လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများမှာ ဆေးကုသရန် စိုးရိမ်ကြောက်လန့်နေကြသည်။

By Admin 19 Nov 2024

ရသေ့တောင်တွင် ဒီကိုလ်ဂျင်တစ်ကဒ် တစ်သောင်းကျပ်အထိ ဆေးဝါးဈေးနူန်း မြင့်တက်နေ 

DMG ၊ နိုဝင်ဘာ ၁၉ 

ရခိုင်ဒေသကို စစ်ကောင်စီက ကုန်လမ်းရေလမ်း ဖြတ်တောက်ထားသဖြင့် ကုန်ဈေးနှုန်းများ ၉ ဆခန့်အထိ မြင့်တက်နေပြီး ယင်းအထဲ ရသေ့တောင်မြို့နယ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။

အခြေခံကုန်စည်နှင့် ဆေးဝါးအများစုကို ကျောက်တော်မြို့မှ တင်သွင်းနေပြီး ကျောက်တော်တွင် ငွေကျပ် ၅,၀၀၀ ကျသော အအေးမိဖျားနာပျောက်ဆေး ဒီကိုလ်ဂျင်(Decolgen) တစ်ကဒ်ကို ရသေ့တောင်တွင် ငွေကျပ် ၁၀,၀၀၀၊ ဒိုင်ဂျင်း (Digene) အစာကြေဆေး တစ်ကဒ်ကို ငွေကျပ်  ၅,၀၀၀ အထိ ဈေးမြင့်တက်နေသည်။

“ဆေးဝါးတွေ ဈေးကြီးတာတော့ မပြောနဲ့တော့။ နှာစေး၊ ချောင်းဆိုး ဆေးတစ်ချိန်စာ သွားဝယ်ရင် ပိုက်ဆံ ၅,၀၀၀ အနည်းဆုံးကုန်တယ်။ ကလေးနေမကောင်းဖြစ်ရင် ပိုဆိုးတယ်။ စပ်ဆေးတိုက်ဖို့ကလည်း ဆေးတွေက အရင်တုန်းက ဆေးတွေနဲ့လည်း မတူဘူး။ ဆေးဆိုက်က ဆေးစာပြပြီးဝယ်ရင် အနည်းဆုံး ၃၀,၀၀၀ လောက် ကုန်တယ်။ ကလေးနေမကောင်းဖြစ်မှာကို အရမ်း‌ကြောက်နေရတယ်” ဟု ရသေ့တောင်ဒေသခံ ကလေးမိခင်တစ်ဦးက ပြောသည်‌။

ရခိုင်ဒေသသို့ အခြေခံဆေးဝါးနှင့် ကုန်စည်အများစုကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ခက်ခက်ခဲခဲတင်သွင်းနေရပြီး  ရသေ့တောင်မြို့နယ်သည် နှစ်ဘက်ကြားတွင် အလှမ်းဝေးသောကြောင့် ကုန်စည်နှင့် ဆေးဝါး ပြတ်လပ်မှု အဆိုးဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ယင်းအပြင် ပြည်မမှလာသော ဆေးနှင့် အိန္ဒိယမှလာသော ဆေးများအကြား ဆေးအမည်ကွာဟချက်ကြောင့် ဆေးရောင်းသူနှင့် ဝယ်သူကြား နားလည်မှုလွှဲကာ ဆေးမှားယွင်းမှုများလည်း ရှိနေကြောင်း သိရသည်။ 

“အဖွားအတွက် သူသောက်နေကျ အားဆေးသွားဝယ်တာ။ ဆိုင်ရှင်က အဲဒါမျိုး မလာတော့ဘူး ဒီဆေးလည်း အတူတူပဲဆိုပြီး ပေးလိုက်တယ်။ ဒါကိုသောက်ပြီး အဖွားဝမ်းလျှောပြီး သေမလိုဖြစ်သေးတယ်။ လိုချင်တဲ့ ဆေး မရတာတွေ များတယ်။ ဆေးသွားဝယ်ရင် ကျောက်တော်က မှာထားတယ် မရောက်သေးဘူး ဆိုပြီး ခဏခဏ ကြားရတယ်” ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

AA ထိန်းချူပ်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ကာ ကုသပေးမှုများ လုပ်ဆောင်နေသော်လည်း အဆိုပါနေရာများကို လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများမှာ ဆေးကုသရန် စိုးရိမ်ကြောက်လန့်နေကြသည်။