ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်

ဒီဇင်ဘာ ၂၉ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၆၀ ကျော်တို့သည် စစ်ကား၊ ရဲကားများဖြင့် မရမ်းကုန်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး ဧည့်စာရင်းအကြောင်းပြကာ လူပေါင်း ၆၀ ခန့်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

30 Dec 2024

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဧည့်စာရင်းစစ်ဆေးမှုတစ်ခု။ (ဓာတ်ပုံ - MOI)
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဧည့်စာရင်းစစ်ဆေးမှုတစ်ခု။ (ဓာတ်ပုံ - MOI)

DMG ၊ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြချက်ဖြင့် လူပေါင်း ၆၀ ခန့် အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုအတွင်း ရခိုင်လူငယ် ၂၀ ဦးထက်နည်း ပါဝင်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၉ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၆၀ ကျော်တို့သည် စစ်ကား၊ ရဲကားများဖြင့် မရမ်းကုန်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး ဧည့်စာရင်းအကြောင်းပြကာ လူပေါင်း ၆၀ ခန့်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထိုထဲတွင် ရခိုင်ပြည် မင်းပြားမြို့နယ်မှ ကိုနိုင်လင်းစိုးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ၎င်းတို့မှာ စက်ရုံအလုပ်ဆင်းသူ၊ ကိုးရီးယားဘာသာစကားသင်တန်းတက်ရောက်နေကြသူများဖြစ်သည်။ 

ကိုနိုင်လင်းစိုးနှင့် နီးစပ်သူ ရခိုင်အမျိုးသမီးတစ်ဦးက “ဖမ်းသွားတဲ့ လူတွေကို ဘယ်ကို ခေါ်သွားလဲမသိရဘူး။ အခုထိလည်း ဘာသတင်းအစအနမှ မရသေးဘူး” ဟု ပြောသည်။

ရန်ကုန်တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ မကြာခဏလုပ်ဆောင်နေ၍ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

စစ်ကောင်စီက ဖမ်းဆီးခံရသူများကို အတင်းအဓမ္မစစ်မှုထမ်းစေမှုများလည်းရှိသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ် အောက်လူငယ်များမှာ လုံခြုံရေးအရ ခြိမ်းခြောက်ခံရမှုများနှင့် ရင်ဆိုင်နေကြရသည်။  

လှိုင်သာယာမြို့နယ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက “မနက်ရောက်ရင် ဘယ်ရပ်ကွက်က ဘယ်နှစ်ယောက်ပါပြန်ပြီ။ ညရောက်ရင်တော့ ဘယ်နားမှာ ဝင်စစ်ပြန်ပြီဆိုပြီး သတင်းတွေကြားရတယ်။ တခါ တလေ မှောင်ရိပ်ခိုပြီး ဆွဲတာတွေလည်း ကြားရတယ်။ အပြင်ထွက်ရင်တောင် အရင်လို စိတ်ချလက်ချ ထွက်ဖို့ မရဲတော့တဲ့အထိပဲ” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ သာကေတ အပါအဝင် မြို့နယ် အချို့အား စစ်ကောင်စီက အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် စစ်မှုထမ်းရန် အသိပေးထားကြောင်း သိရသည်။

တာမွေမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “အခုက စကစက စစ်မှုထမ်းခေါ်တဲ့ ကာလဆိုတော့ မထင်ရင် မထင်သလို လာစစ်တယ်။ ဖမ်းတယ်။ အခုကတော့ အရင်ထက် ပိုပြီး အစစ်ကြမ်းလာတယ်။ သူတို့ သံသယရှိသမျှ အကုန်လိုက်စစ်တာ။ အကုန်မွှေပြီးတော့ကို ရှာကြတာ။  ရခိုင်မှ မဟုတ်၊ ဘယ်သူမဆို ကြောက်နေရတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် ဒေသခံအမျးအပြားမှာ ရန်ကုန်နှင့်အခြားပြည်မဘက်တို့တွင် ခိုလှုံနေကြပြီး စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးမှုများလုပ်ဆောင်နေ၍ သွားလာနေထိုင်ရေးနှင့် ပတ်သက်ပြီး အခက်ကြုံနေကြရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်ကလည်း ရန်ကုန်တွင် စစ်ဘေးရှောင်နေသည့် ရခိုင်အမျိုးသားပါတီမှ လူငယ်ခေါင်း ဆောင်ဟောင်း ကိုခင်ဝင်းမောင် (ခ) ကိုဂန်ဘာရီကို စစ်ကောင်စီက အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့သည်။