- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၂ နှစ်ချ
ရခိုင်ပြည်၊ စစ်တွေမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
04 Mar 2025

DMG ၊ မတ် ၄
ရခိုင်ပြည်၊ စစ်တွေမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူမှာ မင်းဂံရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် မစောခင်အေး (ခ) အဘုဖြစ်ပြီး ၎င်းကို စစ်တွေခရိုင် တရားရုံးက ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
" စစ်တွေထောင်ထဲ နေနေရတာ တစ်နှစ်ကျော်လောက် ရှိပြီ။ အခုမှပဲ ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ပြစ်မှု မြောက်တယ်ဆိုပြီးတော့ ချလိုက်တာလို့ သိရတယ်။ စစ်တွေအကျဉ်းထောင်ထဲမှာပဲ ရှိပါတယ် " ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
မစောခင်အေးသည် ပြည်သူများအား အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများကို မျှဝေဖော်ပြသည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားများက နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
သူသည် စစ်တွေမြို့၊ လောကာနန္ဒာ မုတ်ဦးမြောက်ဘက်ရှိ " ခိုင်ထူး လေယာဉ်လက်မှတ်အရောင်းဌာန" ဆိုင်ပိုင်ရှင်တစ်ဦးလည်း ဖြစ်သည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီသည် ဒေသခံများကို နည်းမျိုးစုံဖြင့် ဖမ်းဆီးနေကာ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကိုပါ ခြိမ်းခြောက်မှု လုပ်နေကြောင်း ဆိုကြသည်။
" ဒီကာလမှာ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတယ်။ ပြီးရင်သူတို့ တပ်ချင်တဲ့ ပုဒ်မနဲ့ တပ်ပြီး အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်ချမှတ်တာကို တွေ့နေရတယ်။ သူတို့လုပ်ချင်သလို လုပ်နေကြတာ။ ပြည်သူတွေမှာ ဘာမှ ပြောပိုင်ခွင့်မရှိဘူး " ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။
DMG မှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း Facebook လူမှုကွန်ရက် စာမျက်နှာတွင် post တင်ခြင်း၊ မျှဝေခြင်း၊ မှတ်ချက်ပေးရေးသားခြင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုများတင်ခြင်းတို့အပါအဝင် သတင်းအချက်အလက်မျှဝေသူ စစ်တွေနှင့် ကျောက်ဖြူဒေသခံ ၁၆ ဦးထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးအမှုဖွင့်ခံရသူများမှာ ထောင်ဒဏ်ချမှတ်ခံရသူများရှိပြီး အချို့မှာ ပြန်လည်လွတ်လာသူများ ရှိသည့်အပြင် ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရသူများလည်း ရှိနေကြောင်း သိရသည်။