- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်ရှိသည့် မွတ်ဆလင်များမှာ ပြည်မဘက်သို့ လေကြောင်းဖြင့် ထွက်ခွာကြပြီး မှတ်ပုံတင်မရှိသူများမှာ လွတ်မြောက်နယ်မြေဟုခေါ်သည့် AA ထိန်းချုပ်ရာ ဒေသများကို ရရာနည်းလမ်းနည်းဖြင့် ထွက်ခွာနေကြသည်။
30 Dec 2024
DMG ၊ ဒီဇင်ဘာ ၃၀
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာသဖြင့် ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ သက္ကယ်ပြင်၊ ဒါးပိုင် စသည့်ကျေးရွာများမှ ရာနှင့်ချီသည့် မွတ်ဆလင်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်ရှိသည့် မွတ်ဆလင်များမှာ ပြည်မဘက်သို့ လေကြောင်းဖြင့် ထွက်ခွာကြပြီး မှတ်ပုံတင်မရှိသူများမှာ လွတ်မြောက်နယ်မြေဟုခေါ်သည့် AA ထိန်းချုပ်ရာ ဒေသများကို ရရာနည်းလမ်းနည်းဖြင့် ထွက်ခွာနေကြသည်။
“အဓိကတော့ တိုက်ပွဲဖြစ်ပွားရင် ကျနော်တို့က စစ်ဘေးဒဏ်ကို ပိုပြီးတော့ ခံရနိုင်တဲ့အတွက် ထွက်ပြေးကြတာ။ အခုက စစ်တွေမှာ ပစ်ခတ်သံတွေလည်း ကြားလာရတယ်” ဟု ဘုမေကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနောက် စစ်တွေဒေသခံများမှာ မြို့ပေါ်တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ နေရပ်စွန့်ခွာ တိမ်းရှောင်မှုများ ရှိနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်တွေမြို့တွင် ရန်ကုန်သို့ သွားရောက်ရန် လေယာဉ်လက်မှတ် ဝယ်ယူသူ များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် AA ၏ ထိုးစစ်ကို ခုခံရန် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်များကျေးရွာများတွင် ဘန်ကာများတူးပြီး ခံစစ် အခိုင်အမာ ပြင်ဆင်ထားသည်။
“ကျမတို့ ရွာရှေ့က မီးရထားလမ်းနားမှာဆိုရင် ဘန်ကာတွေတူးပြီးတော့ ခံစစ်အခိုင်အမာပြင်ဆင်ထားတယ်။ ကျမတို့မှာ မှတ်ပုံတင်လည်း မရှိဘူး။ တိုက်ပွဲဖြစ်ရင် ဘယ်ကို ထွက်လို့ ထွက်ပြေးရမယ် မသိဘူး” ဟု ဘုမေကျေးရွာမှ မွတ်ဆလင် အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် စစ်တွေမြို့နယ်က မွတ်ဆလင်ထောင်နှင့်ချီကို စစ်သင်တန်းပေးထားပြီး အဆိုပါ မွတ်ဆလင်များကို ထောက်ပံ့ရန်ဟုဆိုကာ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာများထံမှ လစဉ်ကြေး ကောက်ခံမှုများရှိနေသည်။
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများဖြစ်သည်။