- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁,၀၅၀ ကျော်ထိ ပြုလုပ်
BNI က ကောက်ယူထားသည့် စာရင်းအရ အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များမှာ ၂၀၂၁ ခုနှစ်တွင် ၄၆ ခု၊ ၂၀၂၂ ခုနှစ်တွင် ၁၈၇ ခု၊ ၂၀၂၃ ခုနှစ်တွင် ၄၈၀ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၁,၀၅၄ ခုအထိ မြင့်တက်လာနေသည်ကို တွေရသည်။
29 Jan 2025
DMG ၊ ဇန်နဝါရီ ၂၉
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး ၂၀၂၄ ခုနှစ်သည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်ပြီး ဖြစ်စဉ်ပေါင်း ၁,၀၅၄ ခု အထိရှိခဲ့ကြောင်း နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)၏ အစီရင်ခံစာအရ သိရသည်။
BNI က ကောက်ယူထားသည့် စာရင်းအရ အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များမှာ ၂၀၂၁ ခုနှစ်တွင် ၄၆ ခု၊ ၂၀၂၂ ခုနှစ်တွင် ၁၈၇ ခု၊ ၂၀၂၃ ခုနှစ်တွင် ၄၈၀ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၁,၀၅၄ ခုအထိ မြင့်တက်လာနေသည်ကို တွေရသည်။
အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁,၇၆၇ ခုရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၄၇ ရာခိုင်နှုန်းမှာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြသည်။
“လေယာဉ်နဲ့ ဗုံးကြဲတာတွေရဲ့ အဓိကပစ်မှတ်ထားတာက အရပ်သားတွေ၊ အရပ်သားနယ်မြေတွေပဲ။ အဲဒီတော့ လေယာဉ်နဲ့ ဗုံးကြဲ (ခံရ)ရတဲ့ အရပ်သားတွေ၊ ပြည်သူတွေရဲ့ နာကျည်းချက်က ပိုနက်ရှိုင်းလာတယ်။ အဲလိုအခြေ အနေမျိုးနဲ့တော့ စစ်ပွဲကို အသာရဖို့၊ နယ်မြေတွေ ပြန်သိမ်းပိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်အခြေအနေမျိုးပဲ” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စီတီကျု (USIP) တွင် ဧည့်ပညာရှင်အဖြစ်လုပ်ဆောင်နေသည့် စစ်ရေးလေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းကရှုမြင်ကြောင်း BNI အစီရင်ခံစာမှာပါရှိသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်ပေါင်း ၂,၀၁၁ ခုရှိခဲ့ ပြီး မြို့ပေါင်း ၆၅ မြို့ကို တော်လှန်ရေးအင်အားစုများဘက်မှ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် မြို့သိမ်းဖြစ်စဉ်များအတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁,၀၅၄ ခုလုပ်ဆောင်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အရပ်သား ၁,၀၀၁ ဦးသေဆုံးခဲ့သည်ဟု BNI ၏ စာရင်းအရ သိရသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာသည်နှင့်အမျှ ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်မှုမြင့်တက်နေရပြီး လေကြောင်းတိုက်ခိုက်မှုသည် ပြည်သူများ၏လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုဖြစ်လာသည်။
“သိမ်ထားတဲ့မြို့တွေမှာ ပြန်နေရတာက တခြားဘာမှ စိုးရိမ်စရာမရှိဘူး။ လေကြောင်းတိုက်ခိုက်မှုကိုပဲ အရမ်းစိုး ရိမ်တယ်။ ဘယ်အချိန်၊ ဘယ်နေရာလို့ တိတိကျကျမရှိဘဲ ဗုံးလာကြဲတော့ နေရတာစိတ်မလုံခြုံဘူး” ဟု ရခိုင်ဒေသခံ အမျိုးသမီးတစ်က ပြောသည်။
နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ အရှိန်မြှင့်ထိုးစစ်များကြောင့် ရှုံးမဲမဲနေသော စစ်ကောင်စီသည် စစ်ပွဲ ဆိုင်ရာလိုက်နာရမည့် ကျင့်ဝတ်များကို မစောင့်ထိန်းဘဲ အရပ်သားများအပေါ် ပစ်မှတ်ထားဦးတည်တိုက်ခိုက်နေ၍ နေ့စဉ် သေဆုံးမှုမြင့်တက်လျက်ရှိသည်။