- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ ULA တာဝန်ရှိသူတွေဖက်ကလည်း ပိုက်ဆံတွေကို လဲလှယ်ပေးမယ့် နေရာအတိအကျပေးတာလဲ မရှိဘူး။ အဲလိုမရှိတော့ တချို့ ပြည်သူတွေက ပိုက်ဆံနည်းနည်းဟောင်းလာရင် လက်ခံပြီး မသုံးချင်ကြတော့ဘူး။ အဓိကတော့ အာမခံချက်ရှိရှိနဲ့ တရားဝင်အလဲလှယ် လုပ်လို့ရတဲ့ ဌာနတစ်ခုတော့ လိုအပ်တယ်လို့ မြင်တယ်” ဟု ပြောသည်။
02 Jan 2025
DMG ၊ ဇန်နဝါရီ ၂
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ဟောင်းနွမ်း၊ စုတ်ပြဲနေသည့် ငွေစက္ကူများကို အသုံးမပြုလျှင် အရေးယူသွားမည်ဟု AA က ဒေသန္တရအမိန့် ထုတ်ပြန်ကာ သတိပေးထားသော်လည်း မြေပြင်တွင် လိုက်နာမှုအားနည်းနေသည်။
လက်ရှိတွင် ဟောင်းနွမ်းငွေစက္ကူများကို အသုံးမပြုကြ၍ အရောင်းအဝယ်ပိုင်းတွင် အခက်ကြုံနေသည့်အပြင် ငွေစက္ကူများကို အသစ်မလဲလှယ်နိုင်၍ ဟောင်းနွမ်းတစ်ထောင်ကျပ်တန် ငွေများကို လက်ခံ အသုံးမပြုတော့သည် အထိရှိလာကြောင်း ဒေသခံများက ပြောသည်။
“ အခုက တစ်ထောင်ကျပ်တန်တွေက အကြွေ သဘောမျိုးဖြစ်နေပြီ။ တစ်ထောင်တန်ပိုက်ဆံတွေက အဟောင်းတွေ ပိုပြီး များတယ်။ ရေတွက်ရတာလဲ ခက်တော့ သိပ်မယူချင်ကြတော့ဘူး။ ဈေးဝယ်ရင်တောင် လူရှုပ်တဲ့ဆိုင်တွေဆိုရင် တစ်ထောင်တန်တွေ ပေးရင် မရောင်းပေးတာတွေရှိတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံ မသန်းသန်းစိုးက ပြောသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် ဟောင်းနွမ်းငွေစက္ကူများကို အသုံးပြုကြရန်နှင့် မသုံးလျှင် အရေးယူမည်ဟု ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လတွင် AA က ဒေသန္တရအမိန့်ထုတ် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဟောင်းနွမ်းငွေစက္ကူများကို ပြန်လည်အသုံးမပြုဘဲ ဖြစ်လာသဖြင့် အဆိုပါ ငွေစက္ကူများကို လက်မခံခြင်း၊ ရောင်းဝယ်၍ မရရှိပါက ဒေသန္တရဥပဒေအရ အရေးယူသွားမည်ဟု အောက်တိုဘာလတွင် AA က ထပ်မံ အသိပေးထားခြင်းဖြစ်သည်။
ကျောက်တော်မြို့မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက “ AA ကတော့ ဟောင်းနွမ်းနေတဲ့ ပိုက်ဆံတွေကို သုံးကိုသုံးရမယ်လို့ ပြောထားတာပဲ။ AA ကြေညာပြီး တစ်ရက် နှစ်ရက်လောက်ပဲ သုံးကြတာ။ အခုဆို ပိုက်ဆံအသစ်မှာ အစွန်းအထင်း နည်းနည်းပါရင်တောင် မယူကြဘူး” ဟု ပြောသည်။
ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခကြောင့် ဘဏ်စနစ်မလည်ပတ်နိုင်ခြင်းနှင့်အတူ ငွေစက္ကူအသစ် ရှားပါးမှုကြောင့် အဟောင်းအနွမ်းများကို ပြန်လည်အသုံးပြုကြရန် AA က သတိပေးထားသော်လည်း လိုက်နာမှုအားနည်းနေခြင်းဖြစ်သည်။
ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ ULA တာဝန်ရှိသူတွေဖက်ကလည်း ပိုက်ဆံတွေကို လဲလှယ်ပေးမယ့် နေရာအတိအကျပေးတာလဲ မရှိဘူး။ အဲလိုမရှိတော့ တချို့ ပြည်သူတွေက ပိုက်ဆံနည်းနည်းဟောင်းလာရင် လက်ခံပြီး မသုံးချင်ကြတော့ဘူး။ အဓိကတော့ အာမခံချက်ရှိရှိနဲ့ တရားဝင်အလဲလှယ် လုပ်လို့ရတဲ့ ဌာနတစ်ခုတော့ လိုအပ်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ဟောင်းနွမ်းငွေစက္ကူများကို အသုံးပြု၍ မရရှိခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များထံ သွားရောက်တိုင်ကြားမှုများ မရှိဖြစ်နေသဖြင့် ငွေစက္ကူများကို လက်မခံခြင်းနှင့် ရောင်းဝယ်၍ မရရှိခြင်း အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဟုလည်း ပြောဆိုကြသည်။