ရခိုင်တွင် ငွေသားပြတ်လပ်လာပြီး ငွေတစ်သိန်းကို တစ်သောင်းသုံးထောင်ကျပ်ပေး၍ ထုတ်ယူနေရ

တိုက်ပွဲမဖြစ်ခင်က ငွေကျပ်တစ်သိန်းထုတ်လျှင် ငွေထုတ်ခမှာ ၅၀၀ ကျပ်သာရှိပြီး လက်ရှိတွင် တစ်သောင်းမှ တစ်သောင်းသုံးထောင်ကျပ်အထိ ဝန်ဆောင်ခပေးကာ ထုတ်ယူနေကြရသည်။ 

By Admin 11 Jul 2024

ရခိုင်တွင် ငွေသားပြတ်လပ်လာပြီး ငွေတစ်သိန်းကို တစ်သောင်းသုံးထောင်ကျပ်ပေး၍ ထုတ်ယူနေရ

DMG ၊ ဇူလိုင် ၁၁

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် ဘဏ်လုပ်ငန်းများရပ်တန့်နေ၍ ငွေသားပြတ်လပ်လာသဖြင့် Online ငွေလွှဲငွေထုတ်လုပ်ငန်းများကို အဓိကအားထားနေရပြီး ငွေထုတ်ခဈေးနှုန်းမှာ အဆမတန်မြင့်တက်နေသည်။ 

တိုက်ပွဲမဖြစ်ခင်က ငွေကျပ်တစ်သိန်းထုတ်လျှင် ငွေထုတ်ခမှာ ၅၀၀ ကျပ်သာရှိပြီး လက်ရှိတွင် တစ်သောင်းမှ တစ်သောင်းသုံးထောင်ကျပ်အထိ ဝန်ဆောင်ခပေးကာ ထုတ်ယူနေကြရသည်။ 

“ငွေသားက တော်တော်ရှားသွားတာ။ ဈေးအများကြီးပေးလို့ ထုတ်ရင်တောင် လိုသလောက်မရတော့ဘူး။ ဒီအတိုင်းသာဆိုရင် ပိုပြီးအကြပ်အတည်းဖြစ်လာအုံးမယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။ 

တိုက်ပွဲကြောင့် ရခိုင်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေခြင်းကြောင့် ဒေသခံများမှာ ငွေလွှဲ/ငွေထုတ်အတွက် Online ငွေကြေးလည်ပတ်မှုစနစ်ကို အဓိက အားထားနေကြရသည်။ 

စစ်ကောင်စီက ငွေကြေးစီးဆင်းနိုင်သည့် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ဖြတ်တောက်ထား၍ ငွေသားများ တဖြည်းဖြည်းရှားပါးလာခြင်းဖြစ်သည်။ 

ကျောက်တော်မြို့မှ ငွေလွှဲ/ငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “လုပ်ငန်းလည်ပတ်ဖို့အတွက် ငွေသားကို ရာခိုင်နှုန်းအများကြီးပေးပြီး ဝယ်နေရတယ်။ ငွေကြေးစီးဆင်းမှုရပ်တန့်နေတော့ ငွေသားရရှိဖို့ အရမ်းခက်ခဲသွားပြီ။ အခုဆိုရင် ငွေလာလွှဲတဲ့လူတွေကိုတောင် တစ်သိန်းကို ခုနစ်ရာခိုင်းနှုန်းအထိ ငွေပြန်ပေးရတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်း AA ထိန်းချုပ်ဒေသများတွင် ဘဏ်လုပ်ငန်းများ လုံးဝရပ်တန့်နေ၍ ငွေသားရှားပါးလာမှုကြောင့် ဟောင်းနွမ်းငွေစက္ကူများကိုပါ အသုံးပြုကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဒေသန္တရဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီထိန်းချုပ်ဆဲ မြို့နယ်များတွင် ဘဏ်တချို့ဖွင့်ထားသော်လည်း ငွေကြေးလည်ပတ်မှု မရှိတော့၍ ဒေသခံများမှာ Online ငွေလွှဲ/ငွေထုတ်လုပ်ငန်းများကိုသာ အားထားနေရပြီး လိုအပ်သလောက်ထုတ်ယူ၍မရ ဖြစ်နေကြသည်။ 

“KBZ pay ဖြစ်ဖြစ်၊ Wave money ဖြစ်ဖြစ် လိုသလောက် ထုတ်မရတော့ဘူး။ တစ်ယောက်ကို အများဆုံး ၅ သိန်း လောက်ပဲ ထုတ်ပေးတယ်။ တချို့ဆိုင်တွေမှာဆို ၂ သိန်းလောက်ပဲရတယ်” ဟု ဂွမြို့နယ်၊ ကျိန္တလီမြို့ခံတစ်ဦးက ပြောသည်။ 

ရခိုင်ဒေသတွင် တိုက်ပွဲစတင်ချိန်မှစ၍ ရိက္ခာ၊ ဘဏ္ဍာ၊ သတင်း၊ လူထုနှင့်အဆက်အသွယ် စသည့် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကြောင့် ဒေသခံများမှာ လူမှုစီးပွားဘဝ အကြပ်အတည်းကို ခံစားနေကြရသည်။ 

ဗီဒီယိုများ