ကျပ်ငွေတန်ဖိုးကျဆင်းခြင်း စီးပွားရေးသမားများကို  စစ်ခေါင်းဆောင်အပြစ်တင်

အာဏာသိမ်းပြီးနောက် စစ်ရေးဋိပက္ခကြီးထွားမှုနှင့်အတူ  မြန်မာကျပ်ငွေတန်ဖိုးမှာ တဖြည်းဖြည်းကျဆင်းလာပြီး ငွေကြေးဈေးကွက်မှာလည်း ကမောက်ကမနှင့် ဖောင်းဖွမှုများရှိနေသဖြင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ပြည်သူများ ခံစားနေကြရသည်။

By Admin 01 Aug 2024

မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က နေပြည်တော်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - CINCDS) 
မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က နေပြည်တော်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - CINCDS) 

DMG ၊ ဩဂုတ် ၁

အာဏာသိမ်းပြီးနောက် စစ်ရေးဋိပက္ခကြီးထွားမှုနှင့်အတူ  မြန်မာကျပ်ငွေတန်ဖိုးမှာ တဖြည်းဖြည်းကျဆင်းလာပြီး ငွေကြေးဈေးကွက်မှာလည်း ကမောက်ကမနှင့် ဖောင်းဖွမှုများရှိနေသဖြင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ပြည်သူများ ခံစားနေကြရသည်။ 

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာရခြင်းမှာ ဝိသမစီးပွားရေးသမားများ၏ လုပ်ရပ်ကြောင့်ဟု ဇူလိုင် ၃၁ ရက် မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုလိုက်သည်။

“ပြီးခဲ့သည့် ဧပြီလအတွင်း မသမာသူ ဝိသမစီးပွားရေးသမားများက ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့် ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲစေခြင်း၊ စီးပွားရေးအရအရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များအား ထိခိုက်စေခြင်းတို့အား ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ငွေကြေးတန်ဖိုး အတက်အကျထက် ငွေကြေးခိုင်မာမှုရှိရန် လိုအပ်သဖြင့် စီးပွားရေလုပ်ငန်းများကို လိုအပ်သည့် စည်းကမ်းဉပဒေနှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

လက်ရှိတွင် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေကျပ်  ၅,၀၀၀ ကျော်နှင့် မြန်မာငွေကျပ် တစ်သိန်းကို ထိုင်းဘတ် ၇၀၀ နှင့် အခေါက်ရွှေ ၁ ကျပ်သားလျှင် သိန်း ၆၀ ကျော်အထိ ရှိလာနေသည်။ ဤစံချိန်မှာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း ဆိုးဝါးသည့် ငွေကြေးတန်ဖိုးကျဆင်းခြင်းဟု စီးပွားရေးသမားများက ပြောသည်။

“ငွေကြေးဖောင်းဖွမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းခြင်းတွေဟာ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဖြစ်တာ။ နောက်ပြီး နယ်မြေဒေသမတည်ငြိမ်တော့ ဘဏ်လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ စက်ရုံအလုပ်ရုံတွေ ထွက်သွားတာလည်း အာဏာသိမ်းမှုကြောင့်။ မတည်ငြိမ်မှုတွေကြောင့်လည်း ပါတယ်။ ဒါကို စီးပွားရေးသမားတွေလုပ်တာပါလို့ အပြစ်ဖို့တာပါ” ဟု စစ်တွေမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အကျဖက်သို့ဦးတည်လာပြီး ပြည်သူများမှာလည်း အလုပ်အကိုင်ရှားပါးကာ  ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာသည်။ 

ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှုန်း ၃၂ ဒသမ ၁ ရာခိုင်နှုန်း ထိတိုးလာပြီး စီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် ခြောက်နှစ်ကထက် ဆိုးရွားလာခဲ့ကြောင်း ဆိုသည်။ 

စစ်ခေါင်းဆောင်က စားသုံးဆီ၊ စက်သုံးဆီနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်စိတ်မဖြစ်ရေး ဆောင်ရွက်ပေးနေကြောင်း၊ ဆန်ဈေးနှုန်း ကမောက်ကမ ဖြစ်လာနိုင်ဖွယ်ရှိသည်ကိုလည်း ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးထားကြောင်း ယမန်နေ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သို့သော်လည်း လက်တွေ့မြေပြင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စက်သုံးဆီ လုံလောက်စွာ မရရှိနိုင်သောကြောင့် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းကာ အလုအယက်ဝယ်ယူနေကြရသည်။