ဒီမိုကရေစီအခွင့်အာဏာနှင့် ပဒေသရာဇ်လုပ်ပိုင်ခွင့်

အရှင်းဆုံး ပြောရလျင် အစိုးရတွင် ဒီမိုကရေစီအခွင့်အာဏာမျှသာ ရှိသော်လည်း တပ်မတော်တွင် ပဒေသရာဇ်လုပ်ပိုင်ခွင့် ရရှိထားသကဲ့သို့ ဖြစ်နေသည်။ ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်နေသည့် ကိစ္စရပ်များမှာ မသင်္ကာ၍ ဖမ်းဆီးစစ်ဆေး၊ နှိပ်စက်ခံရခြင်းများ၊ တပ်မတော်က ကျေးရွာအတွင်း ဝင်ရောက်နေရာယူခြင်းများ၊ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံနေရခြင်းများသည် နိုင်သူအကုန်ယူစတမ်းဆိုသည့် ပဒေသရာဇ် လုပ်နည်းလုပ်ဟန်များသာဖြစ်သည်။ မသင်္ကာဖွယ်ရာဆိုသည့် ခေါင်းစဉ်အောက်တွင် မည်သူမဆို ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်ခံရနိုင်သည့် အနေအထားတစ်ခုကို ရောက်ရှိနေသည်။

23 Aug 2019

Photo - Internet

Written by တောင်စဉ်သား | DMG

အမှန်အားဖြင့် ဒီမိုကရေစီဆိုသည့်စကားလုံးနှင့် ပဒေသရာဇ်ဆိုသည့် စကားလုံးတို့သည် မည်သို့မျှမအပ်စပ်ပေ။ အနှစ်သာရအားဖြင့်လည်း ကွဲပြားခြားနားရုံသာမက စနစ်အရလည်း ဆက်စပ်စရာအကြောင်း တစ်စုံတရာမရှိပေ။ သို့သော်လည်း တစ်ခါတရံတွင် ဘာသာဗေဒအရ ပေါင်းစပ်ထားသည့်စကားလုံးများ ပေါ်ထွက်လာလေ့ ရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။ ဥပမာ- ဒီမိုကရေစီပင်လျှင် ပေါင်းစပ်ထားသည့် စကားလုံးတစ်ခုဖြစ်သည်။

“ဒီမိုကရေစီ” (Democracy) ဆိုသော စကားလုံးသည် ဂရိဘာသာစကား ဖြစ်သည်။ ဂရိ ရှေးဟောင်း ဘာသာစကား Demos (ပြည်သူလူထု) နှင့် Kratos (အင်အား)မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူများ အာဏာပိုင်စိုးသော စနစ်ဟုခေါ်သည်။ Demos( ပြည်သူလူထု/ တိုင်းသူပြည်သား) နှင့် Kracia (အုပ်ချုပ်မှုအာဏာ/ အာဏာပိုင်ဆိုင်မှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများ စုပေါင်းပါဝင် အာဏာပိုင်စိုး သောစနစ်ဟု ခေါ်နိုင်သည်။
လက်ရှိ နိုင်ငံရေး အသုံးအနှုန်းအရဆိုပါမူ (Bottom Up) အောက်ခြေမှ အဆင့်ဆင့် လုပ်ပိုင်ခွင့်အာဏာ တည်ဆောက်ပေးသော ပုံစံရှိသည်။ ရွေးကောက်တင်မြှောက်ခြင်းစနစ်ပါဝင်ပြီး နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသည်။ (အသက်ပြည့်ပြီးသူတိုင်းပါဝင် မဲပေးပိုင်ခွင့်ရှိသော်လည်း မဲပေးပိုင်ခွင်ရှိသူ၏အသက်ကို သတ်မှတ်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားနိုင်သည်)။ ဤသည်မှာ ဒီမိုကရေစီ၏ သဘောတရားအကျဉ်းမျှ ဖြစ်သည်။

သို့သော် ပဒေသရာဇ်စနစ်သည်ကား ဒီမိုကရေစီနှင့် လုံးလုံးကြီး ဆန့်ကျင်နေပေသည်။ တစ်သွေးတစ်သံတစ်မိန့် ဖြင့် သက်ဦးဆံပိုင် အုပ်ချုပ်သောစနစ်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် အာဏာသည် ဘုရင်တစ်ဦးတည်းထံတွင် တည်ရှိကာ နိုင်ငံတဝှမ်း ရေ၊မြေ၊လေ အားလုံးကို ပိုင်စိုးသည်။ ဘုရင်ဖြစ်သူ၏ အမိန့်ဟူသမျှ စောတကတက်ခွင့်မရှိဘဲ လိုက်နာ ခေါင်းညှိတ်ကြရသည်။ ဘုရင်ကို ဆန့်ကျင်လျှင် သေဒဏ်ကျခံရမည်။ ဤသည်မှာ ပဒေသရာဇ်စနစ်၏ စီမံအုပ်ချုပ်ပုံဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် တွေ့ရသည့် နိုင်ငံရေးစနစ်သည် ပဒေသရာဇ်ဒီမိုကရေစီ ဟု အမည်ကင်ပွန်းတပ်ရလောက်အောင် ရှုပ်ထွေးနေသည်။ နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲဖြင့် တက်လာသည်မှန်သော်လည်း အစိုးရလက်အောက်ရှိ ဝန်ကြီးဌာနအချို့သည် ပဒေသရာဇ်ဆန်ဆန် ပြုမူဆောင်ရွက်နေကြဆဲဖြစ်သည်။ အထူးသဖြင့် ကာကွယ်ရေးလက်အောက်ရှိ အဖွဲ့အစည်များသည် အာဏာရှင်ဆန်စွာ ပြုမူဆက်ဆံနေကြဆဲဖြစ်သည်။

အရှင်းဆုံး ပြောရလျင် အစိုးရတွင် ဒီမိုကရေစီအခွင့်အာဏာမျှသာ ရှိသော်လည်း တပ်မတော်တွင် ပဒေသရာဇ်လုပ်ပိုင်ခွင့် ရရှိထားသကဲ့သို့ ဖြစ်နေသည်။ ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်နေသည့် ကိစ္စရပ်များမှာ မသင်္ကာ၍ ဖမ်းဆီးစစ်ဆေး၊ နှိပ်စက်ခံရခြင်းများ၊ တပ်မတော်က ကျေးရွာအတွင်း ဝင်ရောက်နေရာယူခြင်းများ၊ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံနေရခြင်းများသည် နိုင်သူအကုန်ယူစတမ်းဆိုသည့် ပဒေသရာဇ် လုပ်နည်းလုပ်ဟန်များသာဖြစ်သည်။ မသင်္ကာဖွယ်ရာဆိုသည့် ခေါင်းစဉ်အောက်တွင် မည်သူမဆို ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်ခံရနိုင်သည့် အနေအထားတစ်ခုကို ရောက်ရှိနေသည်။

သို့ဆိုပါလျှင် ဥပဒေက ပေးထားသည့် လူသားတစ်ယောက်၏အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး၊ တိုင်းရင်းသားတစ်ယောက်၏ အခွင့်အရေးဆိုသည်မှာ မည်သည့်အရာကို ခေါ်ပါသလဲဟု မေးခွန်းထုတ်စရာ ဖြစ်လာချေပြီ။ တရားဥပဒေ စကားအရ အပြစ်ရှိသူ တစ်ရာ လွတ်သွားပါစေ၊ အပြစ်မရှိသူ တစ်ယောက်ကို မှားယွင်း မစီရင်မိစေရဟု ဆိုသော်လည်း ယနေ့ ရခိုင်ပြည်နယ်တွင် ထိုစကားလုံးမှာ ပြောင်းပြန် ဖြစ်နေသည်။ သက်ဦးဆံပိုင် ဘုရင်စနစ်ကဲ့သို့ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နှင့်ဆိုသည့် ပုံစံမျိုးတွေကို တွေ့မြင်လာရသည်။

အများပြည်သူ အထွဋ်အမြတ်ထားရာ သာသနိက အဆောက်အအုံများ၌ တပ်စွဲနေရာယူခြင်းများအပါအဝင် ပညာရေးနှင့်သက်ဆိုင်သည့် စာသင်ကျောင်းများကိုပါ စစ်၏အနိဌာရုံထဲကို ဆွဲသွင်းနေကြသည်မှာ ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်သည်။ စစ်ပွဲကို အကြောင်းပြ၍ အင်တာနက် သုံးစွဲခွင့်ကဲ့သို့ အများပြည်သူ အခွင့်အရေးများ ပိတ်ပင်ခံနေရခြင်းမှာလည်း ပဒေသရာဇ်ဆန်သည့် အတွေးအခေါ်များသာဖြစ်သည်။ ရခိုင်ဒေသ အခြေအနေများနှင့်ပတ်သက်၍ အစိုးရသည်လည်း နှုတ်ဆိတ်နေသည်ကို တွေ့မြင်နေရသည်။ စစ်ဘေးရှောင်များအရေးတွင်လည်း အစိုးရသည် တက်တက်ကြွကြွ ကူညီဆောင်ရွက်သည်ကို မတွေ့ရဘဲ လိုက်လံကူညီနေသူများကိုပင် ပိတ်ပင်တားဆီးနေပေသည်။

လက်နက်ကိုင်တပ်ဖွဲ့နှင့် သာမန်ပြည်သူကို ခွဲခြားသိမြင်ရန်လိုအပ်သည်။ ဝါးလုံးရှည်နှင့် ရမ်းသကဲ့သို့ ရခိုင်မှန်လျှင် သူပုန်ဆိုသည့် အယူအဆမျိုးကို လက်ခံထားလျှင်တော့ အမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသား သွေးစည်ညီညွတ်ရေးဆိုသည့် စကားလုံးများက တန်ဖိုးမဲ့သွားကြပေလိမ့်မည်။ အမှန်တကယ်တွင်လည်း စစ်ပွဲဆိုသည်မှာ ကောင်းကျိုးထက် ဆိုးကျိုးသာပိုများသည့် နိုင်ငံရေး သွေးထွက်သံယိုမှုဖြစ်သည်။ သို့သော် စစ်ပွဲဖြစ်ရသည့် အကြောင်းရင်းကို ရှုမြင်သုံးသပ်ရန်လိုအပ်သည်။

ဒီမိုကရေစီသဘောတရားအရ အများဆန္ဒကို အကောင်အထည်ဖော်ရသော်လည်း အနည်းစု၏ဆန္ဒကိုလည်း လေးစားရန် လိုအပ်သည်။ လွှတ်တော်တွင်း တင်သွင်းသည့် ရခိုင်အရေးနှင့် ပတ်သက်သော အဆိုများသည် ပယ်ချခံနေရသည်။ ဤသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဆိုကို ပယ်ချခြင်းမဟုတ်ဘဲ လူမျိုးတစ်မျိုး၏အသံ လွှတ်တော်ထဲတွင် ပျောက်ဆုံးသွားခြင်းမျိုးဖြစ်သည်ကို သတိမူကြစေလိုသည်။

လက်ရှိအနေအထားအရ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ အဆင့်ဆင့်တို့သည် ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားသည့် အကန့်အသတ်အာဏာကြားထဲ ရုန်းကန်နေရသော်လည်း တပ်မတော်သည် လုပ်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်သည်ကို တွေ့မြင်နေရသည်။ အရှင်းဆုံး ပြောရလျှင် နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီအစိုးရဟု ကြွေးကြော်ထားသော်လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်အချို့၏ လုပ်နည်းလုပ်ဟန်များသည် ပဒေသရာဇ်အတွေးအခေါ်ဆန်နေသည်။

လူတစ်ဦးတစ်ယောက် အပြစ်ရှိသည်၊ မရှိသည်ကို တရားရုံးကသာ ဆုံးဖြတ်ပေးရမည်ဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဆုံးဖြတ်ပေး၍ မရပေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများကို ဖမ်းဆီးပြီး တရားရုံးသို့ တရားစွဲတင် ပို့နိုင်သော်လည်း ဖမ်းဆီးရမိသူများကို နှိပ်စက်ပိုင်ခွင့် မရှိပေ။ ထိုနည်းလည်းကောင်း တပ်မတော်သည် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဲ့သို့ကိစ္စများကို လုပ်ပိုင်ခွင့်မရှိပေ။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နေရာများမှ လူငယ်အများစုသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာသည်နှင့် ကြောက်လန့်နေကြရသည့် အဖြစ်မျိုးကို ရင်ဆိုင်နေကြရသည်။

လမ်းသွားရင်းလည်း မည်သည့်အချိန် ဖမ်းဆီးခံရမလဲဆိုသည့် စိုးရိမ်စိတ်နှင့် သွားလာနေကြရသည်။ ဖမ်းဆီးခံရလျှင်လည်း မိသားစုနှင့် ချက်ချင်းတွေ့ခွင့်မရ ဖြစ်နေကြရသည်။ တချို့မှာ ဖမ်းဆီးခံရပြီးမှ အသက်သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ကြရသည်။ လူတစ်ဦးတစ်ယောက်ကို မသင်္ကာရုံမျှဖြင့် ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခြင်းဆိုသည်မှာ ဒီမိုကရေစီ၏ လုပ်နည်းလုပ်ဟန်များ မဟုတ်ပေ။ ဤသည်မှာ ဥပဒေမဲ့ လုပ်ရပ်သာဖြစ်သည်။ သူပုန်၊ သူခိုး၊ မုဒိမ်းမှုကျူးလွန်သူ၊ လူသတ်မှုကျူးလွန်သူ စသည်ဖြင့် မည်သူမဆို တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တန်းတူခံစားပိုင်ခွင့် ရရှိရမည်ဖြစ်သည်။ ဤသည်မှာ ဥပဒေက ပေးထားသည့် နိုင်ငံသားတိုင်း ရသင့်သည့် အခွင့်အရေးပင် ဖြစ်သည်။

ယခုမူကား ကျေးရွားများသည်လည်း မအေးချမ်းကြတော့ပေ။ ကျေးရွာတစ်ရွာအနီး တိုက်ပွဲဖြစ်တိုင်း အဆိုပါကျေးရွာများသည် မွှေနှောက်ရှာဖွေခံနေကြရသည်။ ရွာသားများ ကြောက်လန့်၍ ထွက်ပြေးကြလျှင် နေအိမ်များရှိ ပစ္စည်းများကို သိမ်းဆည်း ယူဆောင်သွားကြသည်။ ဤသည်မှာ ပဒေသရာဇ်ခေတ် မြို့ပြနိုင်ငံငယ်များအချင်းချင်း စစ်ဖြစ်သည့်အခါ လုပ်ဆောင်လေ့ရှိသည့် အမူအကျင့်သာဖြစ်သည်။ မျက်မှောက်ခေတ်နှင့် လားလားမျှ မအပ်စပ်သည့် အပြုအမူမျိုးဖြစ်သည်။

စစ်ပွဲဖြစ်ပွားရာနယ်မြေ ဖြစ်လင့်ကစား တရားဥပဒေကို လေးစားလိုက်နာရန် လိုအပ်ပေသည်။ မိမိတို့၏ အမျက်ဒေါသကို ပြည်သူအပေါ် ပုံမချအပ်ပေ။ ခေတ်အဆက်ဆက် တိုင်းရင်းသား ပြည်နယ်များရှိ ပြည်သူလူထုသည် သူပုန်ဆိုသူများထက် မြန်မာ့တပ်မတော်ကို ပိုပြီး ကြောက်ရွံ့ခဲ့ကြရသည်။ လက်ရှိ ရခိုင်ဒေသတွင်လည်း ထိုကဲ့သို့ ခံစားချက်များကို ခံစားနေကြရပေပြီ။ တပ်မတော်စစ်ကြောင်း လာနေသည်ဟု ကြားရရုံဖြင့်ပင် အိုးပစ် အိမ်ပစ် ထွက်ပြေးနေကြသည်ကို ကြားသိနေရသည်။ အဘယ်ကြောင့်နည်း၊ အဖြေရှာရန် လိုအပ်ပေသည်။ သူပုန်ရွာဖြစ်နေသောကြောင့် ထွက်ပြေးကြခြင်းသာဖြစ်သည်ဆိုသည့် အကြောင်းပြချက်သည် ခိုင်လုံမှုမရှိပေ။ လူတိုင်း မိမိ၏ အသက်အိုးအိမ်စည်းစိမ်ကို ခင်တွယ်တတ်ကြသည်။ အသက်ထက်ဆုံး ပြင်ပပယောဂကြောင့် မသေဆုံးရဘဲ တတ်နိုင်သမျှ အသက်ရှည်ရှည် နေသွားလိုကြသည်။ ယခုမူ မည်သည့်အချိန် လက်နက်ကြီးကျလာမလဲ၊ မည်သည့်အချိန်တွင် သူပုန်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးနှိပ်စက်ခံရလေမလဲ ဆိုသည့် နောက်ကျောမလုံသည့် ခံစားချက်မျိုးဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရသည်။

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်ရေး ချိုးဖောက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ခိုးဆိုးလုယက်မှုများလည်း ကြုံတွေ့နေကြရသည်။ လက်သည်မပေါ်ဘဲ လုပ်ကြံသတ်ဖြတ်ခံနေရမှုများသည် ယခုတလောတွင် ခပ်စိပ်စိပ် တွေ့လာနေရသည်။ လက်နက်ကိုင်ထားသည့် မည်သည့်အဖွဲ့အစည်းမဆို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို တန်ဖိုးထား လေးစားတတ်ရန်လိုသည်။ ပြည်သူ၏ ချစ်ခြင်းမေတ္တာကို ရယူလိုပါက ပြည်သူကို လက်နက်ဖြင့် ခြိမ်းခြောက်အနိုင်ယူခြင်းမျိုးကို ရှောင်ရှားရန် လိုအပ်သည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်နေခြင်းသည် နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သည့် အစိုးရတွင် လုံးလုံး တာဝန်ရှိပေသည်။ ဘောလုံးပွဲသဘောမျိုးအရဆိုလျှင် အစိုးရသည် ဒိုင်လူကြီးနေရာမှာ ပါဝင်ဆောင်ရွက်ရပေမည်။ ပြစ်ဒါဏ်ပေးသင့်က ပေးရမည်၊ နှစ်ဖက်တပ်ဖွဲ့များအကြား ကြားဝင်ညှိနှိုင်းသင့်က ညှိနှိုင်းပေးရပေမည်။ သို့သော် လက်ရှိအနေအထားအရ အစိုးကိုယ်၌က မြန်မာ့တပ်မတော်အပေါ်တွင် သြဇာမညောင်းသည်ကို မြင်တွေ့နေရသည်။ ယင်းမှာ ဒီမိုကရေစီ အစိုးရလက်အောက်ရှိ ဒီမိုကရက်မဆန်သော သွင်ပြင်လက္ခဏာပင်ဖြစ်သည်။

လက်နက်ကိုင်တိုက်ပွဲများကြောင့် လက်ရှိတွင် ရခိုင်ပြည်နယ်၌ စစ်ဘေးရှောင်ဦးရေမှာ ခြောက်သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။ တဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးဆိုသည်ထက် နှစ်ဖက်စလုံး အနိုင်ရသည့် Win – Win Solution အခြေအနေရောက်အောင် တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာသင့်ပြီဟု ယူဆမိသည်။ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် ပြည်တွင်းစစ်မီးသည် သေးငယ်မသွားဘဲ ယနေ့အချိန်အထိ တဖြည်းဖြည်း ကြီးထွားလာနေသည်။ ဤအခြေအနေကို တိုက်ပွဲများနှင့် ဖြေရှင်း၍ မရသကဲ့သို့ ပဒေသရာဇ်ဆန်သည့် လုပ်နည်းလုပ်ဟန်များဖြင့် ကျော်ဖြတ်၍ မရနိုင်ပေ။

အချုပ်ဆိုရသော် နိုင်ငံတစ်ခု၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်သည့် အစိုးရသည် ဒီမိုကရေစီစနစ်ကို ကျင်သုံးနေပါသည်ဟုဆိုလျှင် ယင်းအစိုးရလက်အောက်ရှိ အင်စတီကျူးရှင်းအားလုံးသည် ဒီမိုကရေစီသဘောတရားကို နားလည်လက်ခံရန် လိုအပ်သည်။ သို့မဟုတ်ဘဲ အစိုးရသည်သာ ဒီမိုကရေစီအစိုးရဖြစ်ပြီး လက်အောက်ခံ အဖွဲ့အစည်းများက ပဒေသရာဇ်ဆန်သည့် အပြုအမူများဖြင့် ရှေ့ဆက်နေမည်ဆိုပါက အများပြည်သူ မျှော်လင့်သည့် ငြိမ်းချမ်းရေးဆိုသည်မှာလည်း ဝေးနေဦးမည်သာ ဖြစ်သည်။

တောင်စဉ်သား
23.8.2019

(ယခု ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏အာဘော်သာဖြစ်သည်)