ရခိုင်တိုက်ပွဲအတွင်း ဘဝပြောင်းသွားသည့် စစ်ဗိုလ်ချုပ်များ

စစ်ကောင်စီတပ်တွင် ဗိုလ်ချုပ်မှူးကြီးအဆင့်ကနေ ဗိုလ်မှူးကြီး အဆင့်အထိကို အရာရှိကြီးအဆင့် သတ်မှတ်ထားပြီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ကနေ ဒုဗိုလ်အဆင့်အထိကို အရာရှိအဖြစ် သတ်မှတ်ထားသည်။ အရာရှိကြီးအဖြစ် သတ်မှတ်ခံထားရသည့် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများအထိ စစ်ကောင်စီအရာရှိ ၂၀ ဦးထက်မနည်းသည် ရခိုင်တိုက်ပွဲအတွင်းမှာ ဘဝအပြောင်းအလဲများဖြင့် ရင်ဆိုင်ခဲ့ကြရသည်။

By Admin 26 Dec 2024

ရခိုင်တိုက်ပွဲအတွင်း ဘဝပြောင်းသွားသည့် စစ်ဗိုလ်ချုပ်များ

အောင်သူရ - ရေးသည်

အာရက္ခတပ်တော်သည် ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင် မြို့နယ်ရှိ ဒုံးပိုက်၊ ချိန်ခါလိန် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်မှုဖြင့် အစပျိုးခဲ့သည်။

ထို့သို့တိုက်ပွဲ တစ်နှစ်ကျော်ကြာလာပြီး နောက်ပိုင်းတွင် ရခိုင်ပြည်၏စစ်ဆင်ရေးများကို တိုက်ရိုက်ကွက်ကဲရသည့် စစ်ကောင်စီ စစ်ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီးအထိ စစ်ကောင်စီ၏ ထိပ်ပိုင်း အရာရှိကြီးများ၏ ဘဝများသည့် အကျဖက်ကိုသာ ရောက်ရှိသွားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်တွင် ဗိုလ်ချုပ်မှူးကြီးအဆင့်ကနေ ဗိုလ်မှူးကြီး အဆင့်အထိကို အရာရှိကြီးအဆင့် သတ်မှတ်ထားပြီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ကနေ ဒုဗိုလ်အဆင့်အထိကို အရာရှိအဖြစ် သတ်မှတ်ထားသည်။ 

ထို့သို့ အရာရှိကြီးအဖြစ် သတ်မှတ်ခံထားရသည့် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများအထိ စစ်ကောင်စီအရာရှိ ၂၀ ဦးထက်မနည်းသည် ရခိုင်တိုက်ပွဲအတွင်းမှာ ဘဝအပြောင်းအလဲများဖြင့် ရင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။

ဘဝအပြောင်းအလဲဖြစ်ခဲ့ရသူများတွင် တစ်ဦးနှင့် တစ်ဦးပုံစံချင်း မတူကြပေ။ တစ်ချို့က တိုက်ပွဲအတွင်း သေဆုံး ခဲ့ကြရပြီး၊ တစ်ချို့က သုံ့ပန်အဖြစ်ဖမ်းဆီးခံခဲ့ရပြီး၊ တစ်ချို့က အရံအင်အားအဖြစ် ပို့ဆောင်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့ ရှိကြသည်။

အမြင့်မှန်းရင်း အနိမ့်ဘက်ကျခဲ့ရသည့် ဗိုလ်ချုပ်ကြီးများ

ရခိုင်ပြည်သည် ပင်လယ်ကမ်းမြှောင်ဒေသဖြစ်သည်နှင့်အညီ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီက ကြည်းတပ်၊ လေတပ်အပြင် ရေတပ် သင်္ဘောများဖြင့် အားကိုးတကြီး အသုံးပြုတိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ရေတပ် သင်္ဘောများကို အသုံးပြုတိုက်ခိုက်ခြင်းမှာ ထိရောက်မှုမရှိဘဲ မောင်ရွှေလေးရေတပ်ဌာနချုပ် သိမ်းပိုက်ခံခဲ့ရသည်။ ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့မှာလည်း စစ်သင်္ဘော ၅ စင်းနစ်မြှပ်ခံခဲ့ရပြီး နောက်ထပ်စစ်သင်္ဘော ၄ စင်း ထက်မနည်းကိုလည်း ရေချမရလောက်အောင် ဖျက်စီးနိုင်ခဲ့ကြောင်း AA ဖက်က ထုတ်ပြန်သည်။

ထို့သို့ ရေတပ်ဌာနချုပ်တစ်ခု၊ စစ်သင်္ဘောများ နစ်မြုပ်ဖျက်စီးခံရမှု စသည့် စစ်ရေးအရရှုံးနိမ့်လာမှုများကြောင့် စစ်ကောင်စီရေတပ်၏ စစ်ဦးစီးချုပ်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာထူးက ဖယ်ရှားလိုက်သည်။

နောက်ထပ်အသစ်တက်လာ သည့် ရေတပ်စစ်ဦးစီချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကိုလည်း ရေတပ်စစ်ဦးချုပ် တာဝန်ယူပြီး ၆ လအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ရာထူးမှအတင်းနုတ်ထွက်စာတင်ခိုင်းကာ ဖမ်းဆီးချုပ် နှောင် ထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံက သိရသည်။

သူတို့နှစ်ဦးအား ရခိုင်တိုက်ပွဲများတွင် ရေတပ် စွမ်းဆောင်ရည်နိမ့်ကျခြင်း၊ စစ်သင်္ဘောများ ပျက်စီးဆုံးရှုံးရခြင်း၊ ရေတပ်ဌာနချုပ်များ သိမ်းပိုက်ခံရခြင်းတို့ကြောင်း စစ်ခေါင်းဆောင်က အမျက်တော်ထွက်ပြီး ရာထူးက ဖြုတ်ချ အရေးယူခဲ့ခြင်းဟု စစ်ကောင်စီ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့သို့ ရာထူးက ပယ်ရှားခံရပြီးနောက်တွင် စစ်ကောင်စီတပ်(ရေ)၏  စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးမှာ ဘုရင်အဖြစ်ကနေ တပ်မရှိသည့် အရံအင်အားနှင့် ဖမ်းဆီးချုပ်နှောင်းခြင်းခံရသည့်  အကျဉ်းစံဘဝကို ရောက်ရှိခဲ့ကြခြင်းလည်း ဖြစ်သည်။

နောက်ထပ် စစ်ဗိုလ်ချုပ်တစ်ဦးမှာ ရေတပ်မှ မဟုတ်ဘဲ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၏ တိုင်းမှူးတာဝန်ယူခဲ့သည့် ဗိုလ်ချုပ် ထင်လတ်ဦးဖြစ်သည်။ ဗိုလ်ချုပ်ထင်လတ်ဦးသည် နပခ ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ၂၀၂၀  ဩဂုတ်လကနေ ၂၀၂၄ မတ်လအထိ ၄ နှစ်နီးပါးကြာ တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သတိပေးခြင်းကိုလည်း ခံခဲ့ရသူတစ်ဦးဖြစ်သည်။

ဗိုလ်ချုပ်ထင်လတ်ဦးမှာ ရခိုင်တိုက်ပွဲများတွင် တပ်များကို နိုင်နင်းစွာဦးမဆောင်နိုင်ဘဲ အကျအရှုံးများနှင့် ရင်ဆိုင်လာရသည့်အခါ လက်အောက်ငယ်သားများကို အပြစ်ထိုးလွှဲချတက်သည့် အကျင့်ရှိသည်ဟုလည်း စစ်ကောင်စီနဲ့ နီးစပ်သူများက မှတ်ချက်ပြုကြသည်။

ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတုံးအလဲ ကျဆုံးသေဆုံးမှု များနှင့် ပတ်သတ်ပြီး ဒေသကွပ်ကဲမှု ဌာနချုပ် စစ်တွေ (ဒကစ)မှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင် ကိုအပြစ်ပုံချရာ နှစ်ဦးထိုးကြိတ်ကြသည့်အထိ ခိုက်ရန် ဖြစ်ပွားခဲ့ကြပြီး နှစ်ဦးလုံးကို ရာထူးမှ ဖယ်ရှားကာ အရံအင်အားကို ပို့ဆောင်ခံခဲ့ရသည်။

ဗိုလ်ချုပ်ထင်လတ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ကို တက်ရောက်ရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မျက်နှာတော် ရလိုမှုကို လိုချင်တပ်မက်သူတစ်ဦးဖြစ်သည်ဟုလည်း စစ်ကောင်စီအသိုင်းအဝန်းက မှတ်ချက်ပြုကြသည်။ 
ထို့သို့ ရခိုင်တိုက်ပွဲအရှုံးများကြောင်း အရံအင်အားကို ပို့ဆောင်ခံရပြီး သူ၏ မျှော်လင့်ချက်ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးမှာလည်း ဝေးကွာခဲ့ရသည်သည်ဟု စစ်ကောင်စီအသိုင်းဝိုင်းက ပြောသည်။

မရှုမလှ ဖမ်းဆီးခံရသည့် ဗိုလ်မှူးချုပ်များ

မြေပြင် စစ်မျက်နှာများတွင် စစ်တိုင်းမှူးဖြစ်သည့် ဗိုလ်ချုပ်အဆင့်ပြီးလျှင် ဒုတိုင်းမှူးနှင့် တပ်မမှူးတို့မှာ ဗိုလ်မှူးချုပ်အဆင့်တို့ ဖြစ်ကြသည်။ ထို့သို့ ဗိုလ်မှူးချုပ် အဆင့်ဖြင့် ရခိုင်တွင် အမြဲတမ်း ရာထူးအဖြစ် တိုင်းစစ်ဌာနချုပ် တွင် ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီး၊ ဒကစမှူးတစ်ဦး၊ စကခမှူး ၃ ဦးတို့အတည်တကျရှိကြပြီး နောက်ထပ် စစ်မြေပြင် အခြေအနေ လိုအပ်ချက်အရ တခြားစစ်တိုင်းများက ပို့ဆောင်ခံရသည့် တပ်မမှူးများ၊ စကခမှူးများလည်း ရှိကြသည်။

ရခိုင်တွင် အတည်တကျရှိကြသည့် စစ်တိုင်းအတွင်း ဗိုလ်မှူးချုပ် ၆ ဦးရှိသည့်အနက်က ဗိုလ်မှူးချုပ် ၄ ဦးမှာ အာရက္ခတပ်တော်ထံ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခံထားရပြီး နောက်ထပ် ဗိုလ်မှူးချုပ်တစ်ဦးမှာ အရံအင်အား ပို့ဆောင်ခံထားရကာ နောက်ထပ်ဗိုလ်မှူးချုပ် တစ်ဦးမှာလည်း စစ်ရှုံးပြီး ထွက်ပြေးနေရဆဲဖြစ်သည်။

အာရက္ခတပ်တော်ထံ ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ်များမှာ ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီး ခံခဲ့ ရသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဒီဇင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ခဲ့ရသည့် စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ၂၀၂၄ ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ရှုံးပြီး သင်္ဘောနှင့်ထွက်ပြေးသည့် စကခ(၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းတို့ကို အရှင်ဖမ်းထားကြောင်း AA က ဓာတ်ပုံများနှင့်တကွ ပြန်ခဲ့သည်။

ယင်းအပြင် ဒကစ- စစ်တွေ၏ ဒကစမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ် ဆန်းဌေးမောင်မှာလည်း ယခင် တို င်းမှူးဟောင်း ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ထိုးကြိတ်မှုဖြင့် စစ်ဆေးပြီး အရံအင်အားကို ပို့ဆောင်ခံခဲ့ရသည်။

စကခ(၅) ၏ တပ်မမှူး ဗိုလ်မှူချုပ် ကောင်းမြတ်အပါဝင် ဗျူဟာမှူး ဗိုလ်မှူကြီး ကျော်ထိုက်နှင့် G1 အဆင့်ရှိ ဗိုလ်မှူးကြီး မျိုးဝင်းလှိုင်တို့မှာလည်း စစ်ရှုံးပြီး ထွက်ပြေးနေကြဆဲဖြစ်ကာ သေသလား၊ ရှင်သလား သေးသေးကွဲကွဲ မသိရှိရသေးပေ။ စစ်ပြင်စစ်ရေး သတင်းရင်းမြစ်များအရ အဆိုပါ ထွက်ပြေးနေကြသည့် ဗိုလ်မှူးချုပ် ကောင်းထိုက်နှင့် အဖွဲ့ကိုAA က လိုက်လံရှင်းလင်းနေကြဆဲဖြစ်သည်။

ယင်းအပြင် ၂၀၂၄ ဇန်နဝါရီလအတွင်းက ပလက်ဝမြို့သိမ်းတိုက်ပွဲတွင် စကခ (၁၉) ရှေ့တန်းဌာနချုပ်၏ တပ်မ မှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာလည်း ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး သတင်းအတိကျ မသိရသေးပေ။

ယနေ့ AA က အရှင်ဖမ်းဆီးထားသည့် ဗိုလ်မှူးချုပ် အဆင့်များသည် အလွန်ခေါင်းမာသူများဖြစ်ကြပြီး လက် အောက်ငယ်သားများ၏ အသက်နှင့် မိသားစုများကို ငဲ့ညှာခြင်းမရှိဘဲ ရခိုင်ပြည်အတွင်း လူမျိုးရေး ပဋိပက္ခများ ကို ဖန်းတီးခဲ့သည် စစ်ဗိုလ်မှူးချုပ်များလည်း ဖြစ်ကြသည်။
ထိုဗိုလ်မှူးချုပ်များသည့် ဗိုလ်ချုပ်ရာထူးသို့ရောက်ရန် ကြိုးပမ်းနေသူများဖြစ်ကာ  ဗိုလ်မှူးချုပ် သူရိန်ထွန်းဆိုလျှင် စစ်တပ်၏ အမြင့်ဆုံး သူရဲကောင်းဘွဲ့ဖြစ်သည့် သူရဘွဲ့ပင် မှန်းထားသူဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ကျဆုံး ဗိုလ်မှူးကြီးများနှင့် ဒုဗိုလ်မှူးကြီးများ

စစ်မြေပြင်တွင် ဗျူဟာ၊ တပ်ရင်း ဌာနချုပ်များကို အဓိကကွပ်ကဲရသူများမှာ ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အဆင့်နှင့် တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များသည် အထက်က စစ်ဗိုလ်ချုပ်များ၏ အမိန့် တစ် စုံတစ်ရာ မရရှိဘဲ တပ်ဆုပ်ခွာခွင့်၊ စစ်ပုံစံပြောင်းလဲခွင့်၊ လက်နက်ချခွင့် မရှိကြပေ။ တိုက်ပွဲအောင်မြင်ခဲ့လျှင် လည်း ရာထူးတက်ရန် အခွင့်အလမ်းအများဆုံးရှိ သူများဖြစ်ကြသည်။

ထို့သို့ ဗိုလ်မှူးကြီးများနှင့် ဒုဗိုလ်မှူးကြီးများ၏ ကိုယ်ကျိုး အတ္တများကြောင်း လက်အောက်ငယ်သား သောင်းနှင်ချီ သေကြေပျက်စီးခဲ့ရကာ မိသားစုဝင်များ တကွဲတပြား ဘဝ ရောက်ရှိခဲ့ကြရသည်။

ထို့သို ခေါင်းမာမှုနှင့် ရက်စက်မှုများကြောင့်လည်း သူတို့ကိုယ်တိုင် အသက်သေဆုံးခဲ့ရသလို၊ စစ်သုံပန့်အဖြစ် ဖမ်းဆီးခံရသည့် ဗိုလ်မှူးကြီးများနှင့် ဒုဗိုလ်မှူးကြီးများလည်း အများအပြားရှိကြသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သူများထဲတွင် ထင်ရှားကျော်ကြားသူများဖြစ်ကြသည့် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး၊ နှုံးဘူး ဗျူဟာမှူး ဗိုလ်မှူးကြီး ဗညာပိုင်စိုး၊ ပုဏ္ဏား ကျွန်းမြို့က ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ ခမရ ၂၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်သူ၊ တိုင်း ဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းတို့ အပါဝင် တခြား ဗျူဟာမှူးနှင့် တပ်ရင်းမှူး အများအပြား ရှိခဲ့ကြသည်။

ယင်းအပြင် လက်နက်ချ အညံ့ခံခြင်းမရှိဘဲ သုံးပန်းအဖြစ်ဖမ်းဆီးခဲ့ရသည့် ခလရ ၂၉၉ တပ်ရင်းမှူး ဒုတိယ ဗိုလ် မှူးကြီး နေလင်းထွန်း၊ စကခ(၉) လက်အောက်ခံ နည်းဗျူဟာ(၃)က ဗျူဟာမှူး ဗိုလ်မှူးကြီး ညီညီဝင်း တို့အပါဝင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် ဗိုလ်ကြီး၊ ရဲမှူးကြီး၊ ရဲအုပ် စသည့် စစ်ကောင်စီတပ်က အရာရှိ အများအပြားကို လည်း AA က ဖမ်းဆီးရမိထားသည်။

ထို့အပြင် အာရက္ခတပ်တော်ထံတွင် လက်နက်ချ အညံခံခဲ့သည့် ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ် ကြီးနှင့် ရဲမှူးကြီး၊ ရဲအုပ်အစရှိသည့် စစ်ကောင်စီအရာရှိများလည်း အများအပြားရှိကာ ၄င်းတို့ မိသားစုဝင်များ၏ လုံခြုံရေးနှင့် အဆိုပါ အရာရှိများ၏ လုံခြုံရေးအရ နာမည်များကို AA က သိုဝှက်ထားသည်။

လက်ကျန် ဗိုလ်ချုပ်များ၏ ကံကြမ္မာ

ရခိုင်ပြည်သိမ်းတိုက်ပွဲတစ်နှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါဝင် မြို့ ပေါင်း ၁၄ ခုအထိ သိမ်းပိုက်ထားပြီး ဂွမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေဆဲဖြစ်သည်။ 

လက်ရှိမှာ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိဘဲ ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန် အောင် မြို့နယ် ၃ ခုသာ ကျန်ရှိတော့ပြီး နပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ဒကစမှူးအဖြစ် ထမ်းဆောင်နေ သည့် ဗိုလ်မှူးချုပ်တစ်ဦးနှင့် ကျောက်ဖြူ အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦး လောက်သာ ရာထူးအကြီးဆုံးအဖြစ် မြေပြင်မှာ ကျန်ရှိတော့ကြောင်း သိရသည်။ ယင်းနှင့်တူ ၎င်းတို့ လက် အောက်တွင် ဗျူဟာမှူး အဆင့်ရှိ ဗိုလ်မှူးကြီး ၁၀ ဦးနီးပါးခန့် ကျန်ရှိနိုင်သေးသည်။

အဆိုပါ စစ်ဗိုလ်ချုပ်များအနေဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်ကိုရင်ဆိုင်ပြီး စစ်ခေါင်းဆောင်နှင့် လူတစ်စုစာ အတွက် မိမိအသက်၊ မိသားစု နောင်ရေး၊ လက်အောက်ငယ်သားများ၏ အသက်နှင့် သူ့တို့၏ မိသားစု နောင်ရေး များ ကို အထူးသတိထား စဉ်းစားရတော့မည့် အချိန်ရောက်ပြီလည်းဖြစ်သည်။

ရခိုင်မြို့နယ် ၁၇ ခုရှိသည့်အထဲက မြို့နယ် ၁၃ ခု သိမ်းပိုက်ထားရကတည်းက ကျန်မြို့များမှာ AA ၏ ခြံထဲက ကြက်လို ဖြစ်နေပြီး နှစ်နှင့်ချီကြာ ဝိုင်းရံပိတ်ဆို့ခံထားရသည့် အခြေအနေမှာ ရှိနေကြသည်။ 

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း စစ်ခေါင်ဆောင်သည် ရခိုင်က သူ၏ စစ်သည်များကို အသိအမှတ်ပြုပေးသည့် စကား တစ်ခွန်းမှပြောဆိုခြင်းမရှိသလို၊ နခခ (၅)ကဲ့သို့ လနှင့်ချီပိတ်ဆို့ခံခဲ့ရသည့် တပ်ကို တပ်ကူပေးနိုင်ခြင်းမရှိ။ နပခ စစ်တိုင်းဌာနချုပ်ကိုပင် စစ်ကူ၊ ရိက္ခာပို့ခြင်းမရှိ၍ သူ၏တပ်ဖွဲ့ဝင်များသည် ရေတစ်ခွက်စာအတွက် လက်နက်ချ အညံခံခဲ့ကြရသည်။

ထို့ကြောင့် ဂုဏ်သိက္ခာရှိသည့် လက်နက်ချအညံ့ခံခြင်းဖြင့် မိမိအသက်လုံခြုံမှုနှင့် မိသားစု လုံခြုံမှုကို ရယူမလား။ သို့တည်းမဟုတ် စစ်ခေါင်ဆောင်နှင့် ဗိုလ်ချုပ်ကြီး တစ်စုအတွက် အသက်အသေခံပြီး တိုက်ခိုက်မလား ဆိုသည့် ဆုံးဖြတ်ချက်က လက်ကျန် လက်တစ်ဆုတ်စာ ဗိုလ်မှူးချုပ်တစ်ချို့၏ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပြီလည်း ဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်ရှိ လက်ကျန်စစ်ကောင်စီတပ်သားများ၏ ကံကြမ္မာက လက်တစ်ဆုတ်စာ စစ်ဗိုလ်ချုပ်တို့၏ နောက်ဆုံး ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါကြောင်း . . .