တပေါင်းလပြည့်ညမှာ မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရတဲ့ ခုနှစ်တန်းကျောင်းသူ

“ဗုံးခိုကျင်းထဲမှာ သေဆုံးသွားသူတွေကတော့ အစ်မဖြစ်သူ ဒေါ်သန်းညွန့်ပါ။ ကျမမှာလည်း သားတစ်ယောက် သေဆုံးသွားတယ်။ အစ်မ၊ ယောက်ဖ (ခဲအို)နဲ့ တူလေးတစ်ယောက်ပါ။ ဗုံးခိုကျင်းထဲမှာ ခုနှစ်ယောက် ခိုလှုံနေကြတာပါ။ ခုနှစ်ယောက်မှာ လေးယောက်သေဆုံးသွားခဲ့တာပါ။ ဒီအကြောင်းတွေကို တွေးမိရင် ကျမမှာလည်း လုပ်လို့မရ၊ ကိုင်မရ အဲဒီအကြာင်းတွေပဲ စိတ်ထဲရောက်နေတယ်။ အလုပ်လုပ်ချင်တဲ့ စိတ်ဆိုရင်လည်း တစ်ခုမှမရှိတော့ဘူး။ အစ်မတို့မှာ ကျန်လိုက်တဲ့ သမီးလေးတစ်ယောက်ကို ကြည့်ပြီး ဝမ်းနည်းကြေကွဲပြီး အလုပ်အကိုင်တွေကိုလည်း စိတ်မဝင်တော့ပါ” လို့ စိတ်မကောင်းစွာနဲ့ သူမကပြောပြခဲ့ပါတယ်။

30 Jun 2021

DMG ၊ ဇွန် ၃၀

(Profile/ဆောင်းပါး)

မိသားစုဆိုတာ လူငယ်တိုင်း၊ ကျောင်းသူ၊ ကျောင်းသားတိုင်းအတွက် မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်သလို အထူးသဖြင့် အနာဂတ်အတွက် ကြိုးစားနေကြတဲ့ လူငယ်တိုင်းမှာ မိသားစုဆိုတာ နောက်ခံအင်အား တစ်ခုဖြစ်ပါတယ်။

ဇွန်လ ကျောင်းစဖွင့်ပြီဆိုတာနဲ့ အဖြူအစိမ်းဝတ်ဆင်ထားတဲ့ ကျောင်းသူကျောင်းသားတွေဟာ သူတို့ရဲ့ အနာဂတ်တွေအတွက် ကျောင်းတော်ကြီးဆီသို့ အားမာန်အပြည့်နဲ့ ချီတက်နေကြတာပါ။ တစ်ချို့ကျောင်းသူ ကျောင်းသားတွေမှာတော့ မိဘညီကိုမောင်နှမတွေနဲ့အတူ ကျောင်းကိုလာကြသလို တစ်ချို့တွေကျတော့လည်း သူငယ်ချင်းတွေစုပြီး ကျောင်းတော်ကြီးဆီကို လာနေကြတာဖြစ်ပါတယ်။

အဲဒီထဲ ဆွေမျိုးအိမ်မှာနေပြီး ကျောင်းတက်နေရတဲ့ အသက် (၁၂) နှစ်အရွယ် ခုနစ်တန်းကျောင်းသူ မခိုင်ဇာထွန်းတစ်ယောက်ကတော့ ကျောင်းသွားတဲ့အခါမှာလည်း တစ်ယောက်တည်းသွားရတာများပြီး တစ်ခါတစ်ရံမှာတော့ သူငယ်ချင်းတွေနဲ့ သွားလေ့ရှိပါတယ်။

မခိုင်ဇာထွန်းဟာ အနာဂတ်ရည်မှန်းချက်အတွက် ပညာသင်ကြားနေရတယ်ဆိုပေမယ့်  သူမမှာ မေ့မရတဲ့ နေ့စွဲတစ်ခုလည်း ရှိနေပါတယ်။

“အဖေ၊ အမေတွေကို လွမ်းပါတယ်။ အဖေ၊ အမေတွေနဲ့အတူ နေထိုင်ရမယ့်အရွယ်မှာ မနေထိုင်ရတဲ့အတွက် အရမ်းကိုဝမ်းနည်းပါတယ်” လို့ သူမက ကြေကွဲစွာဖြင့် ဆိုလာပါတယ်။

သူမဟာ မိသားစုဆိုတဲ့ နွေးထွေးမှုတွေအောက်မှာ ဆယ်စုနှစ်တစ်ခုလောက်သာ နေခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် တပေါင်းလပြည့်နေ့မှာတော့ သူမရဲ့ မိဘနှစ်ပါးစလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးခဲ့ရသူပါ။

အဲဒီနေ့က မခိုင်ဇာထွန်းတို့ နေထိုင်တဲ့ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာအတွင်းကို မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေ ဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးကြစဉ် သူမရဲ့မိဘနှစ်ပါးနဲ့ လူစုကွဲခဲ့ပြီးတော့ သူမကတော့ ဗုံးခိုကျင်းတစ်ခုမှာ ပုန်းနေခဲ့တာလည်းဖြစ်ပါတယ်။

တပေါင်းလပြည့်ညရဲ့ အလင်းရောင်အောက်မှာ တစ်ညလုံးနီးပါး ပစ်ခတ်နေတဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြား ငိုကြွေးရင်းနဲ့ သူ့မိဘတွေ ဘာမှမဖြစ်ဖို့ ဆုတောင်းနေခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်တစ်နေ့ရောက်လို့ မိဘနှစ်ပါးကို လိုက်ရှာကြတဲ့အခါမှာတော့ သူမ တစ်ညလုံးတောင်းနေခဲ့တဲ့ ဆုတောင်းဟာ ပြည့်မနေခဲ့ပါဘူး။ နေအိမ်အနီးက ဗုံးခိုကျင်းထဲမှာ ထိုးသွင်းဒဏ်ရာတွေ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူလေးယောက်နဲ့ နေအိမ်အတွင်း သေဆုံးနေတဲ့ အဘွားအိုတစ်ဦးကို ကျေးရွာသားတွေက တွေ့ရှိခဲ့ကြပါတယ်။ ဗုံးခိုကျင်းအတွင်း သေဆုံးနေသူတွေထဲမှာ သူ့မရဲ့ မိဘနှစ်ပါးလည်း ပါဝင်နေခဲ့တာပါ။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနှစ်ပါးကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ မခိုင်ဇာထွန်းမှာ ညီကိုမောင်နှမတွေလည်း မရှိတာကြောင့်  သူ့ဘဝ အသက် ဆက် ရှင်သန်ဖို့ သူ့အဒေါ်ဖြစ်သူက မွေးစားထားလိုက်ပါတယ်။

မခိုင်ဇာထွန်းရဲ့ မိဘနှစ်ပါးနဲ့အတူ သေဆုံးသွားကြတဲ့ လူငါးယောက်ထဲမှာ အဒေါ်ဖြစ်သူ မစိန်ကျော့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူလည်း ပါဝင်နေခဲ့ပါတယ်။

“ဗုံးခိုကျင်းထဲမှာ သေဆုံးသွားသူတွေကတော့ အစ်မဖြစ်သူ ဒေါ်သန်းညွန့်ပါ။ ကျမမှာလည်း သားတစ်ယောက် သေဆုံးသွားတယ်။ အစ်မ၊ ယောက်ဖ (ခဲအို)နဲ့ တူလေးတစ်ယောက်ပါ။ ဗုံးခိုကျင်းထဲမှာ ခုနှစ်ယောက် ခိုလှုံနေကြတာပါ။ ခုနှစ်ယောက်မှာ လေးယောက်သေဆုံးသွားခဲ့တာပါ။ ဒီအကြောင်းတွေကို တွေးမိရင် ကျမမှာလည်း လုပ်လို့မရ၊ ကိုင်မရ အဲဒီအကြာင်းတွေပဲ စိတ်ထဲရောက်နေတယ်။ အလုပ်လုပ်ချင်တဲ့ စိတ်ဆိုရင်လည်း တစ်ခုမှမရှိတော့ဘူး။ အစ်မတို့မှာ ကျန်လိုက်တဲ့ သမီးလေးတစ်ယောက်ကို ကြည့်ပြီး ဝမ်းနည်းကြေကွဲပြီး အလုပ်အကိုင်တွေကိုလည်း စိတ်မဝင်တော့ပါ” လို့ စိတ်မကောင်းစွာနဲ့ သူမကပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ မခိုင်ဇာထွန်းဟာ အဒေါ်ဖြစ်သူနေအိမ်မှာနေပြီး အနာဂတ်အတွက် ပညာတွေ သင်ကြားခွင့်ရနေပေမယ့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ သူမအတွက် ဝမ်းနည်းပူဆွေးမှုတွေက အမြဲတမ်းလိုလို ရှိနေခဲ့တာပါ။

သူ့မိဘတွေကို သတိရတဲ့အခါတိုင်း ငိုကြွေးခဲ့ရပေမယ့် မိဘတွေရှိစဉ်ခါက ဖြစ်စေချင်ခဲ့တဲ့ ပညာတတ်တစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်က သူမရဲ့နေ့စဉ်ဘဝကို ရှေ့ဆက်ဖို့အတွက် တွန်းအားပေးနေခဲ့တာပါ။

“ညီမ ကျောင်းတွေပြီးလို့ ဆယ်တန်းအောင် ဘွဲ့ရဖြစ်သွားရင် ဆရာဝန် ဖြစ်ချင်ပါတယ်။ အဖေ၊ အမေတို့ မသေဆုံးခင်အခါကလည်း ညီမကို ပညာတတ်ကြီးဖြစ်စေချင်ခဲ့ပါတယ်။ ဒါကြောင့် အဖေ၊ အမေတို့ သေဆုံးသွားတဲ့အခါ ဝမ်းနည်းရပါတယ်။ မကျန်းမာတဲ့ လူနာတွေကို ဆေးကုပေးချင်ပါတယ်” လို့ သမီးငယ် မခိုင်ဇာထွန်းက သူမရဲ့ မျှော်လင့်ချက်တွေကို ပြောပြခဲ့ပါတယ်။

အဖြူအစိမ်းဝတ်စုံလေးနဲ့ ပညာသင်ယူနေတဲ့ မခိုင်ဇာထွန်းကို မိဘတွေက မမြင်နိုင်တော့ပေမယ့် သူမကတော့ လူ့လောကအလယ်မှာ တစ်ယောက်တည်းထားခဲ့တဲ့ မိဘနှစ်ပါးရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့ စိတ်အားထက်သန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

နိုင်ဦး ရေးသားသည်