မွတ်ဆလင်လက်နက်ကိုင် အန္တရာယ်ကြောင့် မောင်တောခရိုင် လုံခြုံ‌ရေး စိုးရိမ်စရာဖြစ်နေ

မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များ၏ အန္တရာယ်မှာ ရခိုင်ပြည်အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းနေကြောင်း AA က ဆိုသည်။ 

By Admin 23 Oct 2024

ARSA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ARSA
ARSA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ARSA

DMG ၊ အောက်တိုဘာ ၂၃

နခခ ၅ တစ်ခုမှ လွဲပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသော်လည်း အဆိုပါဒေသတွင် ARSA၊ RSO၊ ARA အဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်မှုအန္တရာယ်ရှိနေသဖြင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

ဘူသီးတောင်၊ မောင်တောနှင့် မေယုတောင်တန်းတကြောတွင် ARSA၊ RSO၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုရှိနေသေးသဖြင့် သွားလာရေး အစစအရာရာ အထူးဂရုစိုက်နေရကြောင်း ဒေသခံများက ပြောသည်။

" မောင်တောမြောက်ပိုင်းနဲ့ မေယုတောင်ကြောမှာက မွတ်ဆလင်လက်နက်ကိုင်တွေ ခြေကုတ်ယူထားတာ တွေရှိတယ်။ လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားတွေကို ခြုံခိုတိုက်ခိုက်တာတွေ ရှိသလို တော၊တောင်တွေကို သွားလာတဲ့ တောင်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာ တွေရှိနေသေးတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ လုံခြုံမှုက စိတ်ချမရနိုင်သေးဘူး" ဟု မောင်တောမြို့က စစ်ဘေးတိမ်းရှောင်နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကနေ အောက်တိုဘာလအထိ ARSA တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အရပ်သားသေဆုံးသူ ၁၆ ဦးထက် မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိနေသည်။ 

ယင်းအပြင် မောတောခရိုင်တွင် ARSA၊ RSO၊ ARA များနှင့် စစ်ကောင်စီ သင်တန်းပေး မွတ်ဆလင်များမှာ AA လက်လှမ်းမမှီနိုင်သေးသည့် နေရာအချို့နှင့် တောထူထပ်သော တောင်တန်းများတွင် စခန်းများ အခိုင်အမာတည်ဆောက်ကာ ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက်လုပ်နေကြောင်း အောက်တိုဘာ ၂၂ ရက်တွင် AA က ထုတ်ပြန်သည်။ 

" ARSA တို့ အုပ်စုတွေက မေယုတောင်ကြောထဲမှာ နေကြတယ်လို့ သိရတယ်။ AA ကလည်း မောင်တောမှာ တိုက်ပွဲဝင်နေတော့ ဒီဖက်ကို လှည့်မကြည့်နိုင်ဘူး။ အဲဒီအချက်ကို ယူပြီးတော့ ARSA တွေက တောင်တောင် ထဲ ဟင်းရှာငါးရွာသွားတဲ့ ရွာသားတွေကို သတ်နေဖြတ်တာ အကြိမ် မနည်းတော့ဘူး။ အခုဆိုရင် တောထဲကို တောင် မဝင်ရဲတဲ့အထိ ဖြစ်နေကြတယ် " ဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မောင်တောခရိုင်အတွင်း ARSA နှင့် AA တို့အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ARSA တပ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ARSA နှင့် AA တို့သည် ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာအနီး တောင်တန်းတွင် အောက်တိုဘာ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ ပတ်ဝန်းကျင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားမှု ၅ ကြိမ်အထိရှိခဲ့ပြီး ARSA လက်နက်ကိုင်တပ်ဖွဲ့ စခန်း ၄ ခုနှင့်၊ စစ်ကောင်စီ တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ထွက်ပြေးနေသည့် ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းရာ၌ မောင်တောမြို့နယ်၊ ဂြင်းတော စခန်းအနီးတွင် ARSA နှင့် ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA က ဆိုသည်။

လက်ရှိတွင် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များ၏ အန္တရာယ်မှာ ရခိုင်ပြည်အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းနေကြောင်း AA က ထုတ်ပြန်ထားသည်။  

“ ဤဖြစ်ရပ်များမှာ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့ လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည် ” ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

AA သည် ဘူးသီးတောင်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန် တပ်စခန်း နခခ(၅) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။