ဂန္တဝင်မြို့‌‌‌‌‌‌ဟောင်းခရီးသည်

နယ်မြို့ဇာတိသားများဖြစ်လို့ အထင်သေးခြင်းလည်းမဟုတ်။ နယ်မြို့ဇာတိသားအချို့တောင် သန့်ပြန့်နေခြင်းကို မိမိတို့ မြို့ပေါ်လူတန်းစားမမီနိုင်ခြင်းကို တက္ကသိုလ်အတူတက်ခဲ့စဉ်က နယ်ဖက်ကသူငယ်ချင်းတွေပေါခဲ့သည့် ကျွန်တော် ကောင်းကောင်းသိသည်။ မည်သူ့ကိုမဆို အထင်သေးခြင်းမလုပ်မိဖို့ အဖေမှာထားသည့် ဆုံးမစကားကိုတော့ အမြဲတိုင် လက်ကိုင်နှလုံးသွင်းယင်း ဘဝခရီးအစိတ်ကျော်လွန်လာခဲ့ပြီ။

By အောင်လင်းဟိန်း (SKY) 28 Sep 2021

DMG ၊ စက်တင်ဘာ ၂၈

(ဆောင်းပါး)

အမှန်ဆို မုတ်သုန်ကာလမုန်တိုင်းထန်ချိန် ခရီးသွားလေ့မရှိ။ အထူးသဖြင့် ရေကြောင်းခရီးဆိုပိုဆိုသေးသည်။ လက်ရှိမှာ ရေကြောင်းခရီးသွားချင်သည့်တိုင် မုန်တိုင်းမိုးလေထန်လို့ ရေယာဉ်များပင် မပြေးဆွဲနိုင်သေး။ ယခင်ကပင်ရေကြောင်းလိုင်းဖြင့် မုန်တိုင်းကာလခရီးသွားရခြင်းဖြင့် တော်တော်စွန့်စားခဲ့ဖူးပြီးပြီ။ အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်နေပြီမို့ နောက်ထပ်စွန့်စားမှုများကို ဘဝသင်ခန်းစာအရ လစ်လျူရှုရတော့သည်။

သို့သော် ယခုတစ်ကြိမ် ကားလမ်းခရီးဖြင့် မုန်တိုင်းကာလခရီးထွက်ရသည်ကလည်း ခံစားချက်တစ်မျိုး ဖြစ်နေမလား။ ရေဒဏ်လှိုင်းဒဏ်မခံရသည့်တိုင် မိုးကလေးတဖြောက်ဖြောက်နှင့် လေပြင်းထန်သဖြင့် မေလအပူလိုင်းဒဏ်များကို ခွါချလိုက်ရသည့်ကာလမို့ပင်ဖြစ်၏။

မြောက်ဦးကို အကြောင်းအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးနှင့် ခရီးနှင်ဖူးသည်။ ကားလမ်းနှင့်လည်း ရောက်ဖူးသလို ရေလမ်းခရီးမှာလည်း သ‌င်္ဘော၊ မော်တော်ဘုတ်နှင့် စပီးဘုတ်တို့ဖြင့် စီးနင်းလိုက်ပါဖူးသည်။

မိမိအဖို့ နှလုံးသားမြို့တော်ဟောင်းဟု တင်စားခေါ်ဆိုနိုင်သော ရခိုင့်ရှေးဟောင်းမြို့တော်မြောက်ဦးမြို့ကို မွေးရပ်မြေ မြို့စစ်တွေက ခရီးထွက်လာခြင်းဖြစ်သည်။ ကိုယ်ပိုင်ကားဖြင့် မဟုတ်သော်လည်း အခုစီးနင်းလာသည့် အငှါးကားကအဆင်ပြေသည်။ ဒုတိယအိမ်လိုဖြစ်နေသည့် ဂန္တဝင်မြို့တော်ဟောင်းကို ကျွန်တော့မိတ်ဆွေ ကျောက်တော်မြို့ဇာတိ ကိုသန်းကျော်၏ကားဖြင့် သွားလာနေကျဖြစ်သည်။ ကားပိုင်ရှင်တစ်ဖြစ်လဲ နှစ်ပေါင်းများစွာ ကားမောင်းအတွေ့အကြုံရှိသည့် ကိုသန်းကျော်သည် ဆက်ဆံရေးပြေပြစ်သလို စေတနာပါတတ်သည့် လူတစ်ဦးဖြစ်လို့တစ်ကြောင်း၊ သူ့ကားငယ် ကိုလ်ရာလာအမျိုးစားလေးမှာ ခရီးသည် လေးယောက်ဆံ့ဖြင့်ပြေးဆွဲတာမို့လို့လည်း မိမိစိတ်ကြိုက်ပုံစံမျိုး ဖြစ်နေသည်။

ကဆုန်လပြည့်နေ့မှာ မုတ်သုန်အကြို မုန်တိုင်းတိုက်ခတ်ချိန်နှင့် ထူးခြား တိုက်ဆိုင်လွန်းလှသည်။ စစ်တွေမြို့က ကားစထွက်တော့ နံနက်(၇)နာရီ။ လမ်းတစ်လျှောက် ခရီးသည်တင်ကားများ ထင်သလောက်မတွေ့ရ။ ထိုစဉ် ကားပေါ်ကခရီးသည်များကို တချက်လေ့လာကြည့်မိသည်။ ရှေးခေါင်းခန်းမှာတော့ ရန်ကုန်မှပြန်လာသည့် နေရပ်ပြန်လူကြီးတစ်ဦးမှာ ကျောက်တော်အနီးဆင်းသက်မည်ဟုသိရပြီး ကျွန်တော့နံဘေးထိုင်ခရီးသည် အသက်လတ်ပိုင်းလင်မယားနှင့် ရင်ခွင်ပိုက်ကလေးပါသည့် မိသားစုမှာ ကျောက်တော်(ဝါးတောင်ကားဂိတ်)တွင် ဆင်းမည်ဖြစ်သည်။
နွေနှောင်းမှာ မိုးရွာသွန်းစ ပတ်ဝန်းကျင်စိမ်းစိုစိုနှင့်လန်းဆန်းလာသည်။ ညကမိုးရွာထားလို့ ကားလမ်းမကြီး တစ်ခုလုံးစိုထိုင်းနေသည်။ မုန်တိုင်းဒီရေကြောင့် ကားလမ်းနံဘေး ခြောက်သွေ့လယ်ကွင်းပြင်များသို့ ချောင်းရေများ သိသိသာသာတက်ဝင်လာသည်ကို မြင်နေရသည်။ ဤသို့ဆိုလျှင် ပင်လယ်ထဲမှာတော့ ဘယ်လိုနေမှန်းမသိ။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းမုတ်သုန်မိုးက အပြောင်းအလဲမြန်လွန်းသည်။ လောကသဘာဝအတိုင်း ဖောက်ပြန်ပြောင်းလဲတတ်သည့် ရာသီဉတုသည် လူတွေနှင့်တူညီနေသည်။ လေတိုက်နှုန်း တစ်နာရီမိုင် (၇၀)ခန့်ရှိသည့်တိုင် ပင်လယ်ပြင်မှ နွေးသောလေပူများသာ တိုက်နေသောကြောင့် ပူအိုက်စိုစွတ်လွန်းလှသည်။ နံနက်စောစောရေချိုးခဲ့လို့သာ နေသာထိုင်သာရှိနေခြင်းဖြစ်သည်။

မိမိတို့ကားဆရာမှာ ကားဆီဈေးတက်သည့်အကြောင်းပြချက်ဖြင့် ကားအဲကွန်းမသုံးဘဲ ချွေတာချင်သည်ကတစ်ကြောင်း၊ လေပြင်းထန်လို့လည်းကောင်း ကားမှန်တံခါးလေးဖက်စလုံး ချထားသည်ဟုထင်သည်။

မကြာမီ မင်းချောင်းတံတားအနီးရောက်လာသည်။ မင်းချောင်းတံတားသည် စစ်တွေမြို့၏အဆုံး ပုဏ္ဏားကျွန်းမြို့၏ အစဖြစ်သည်။ စစ်တွေ-ရန်ကုန်ကားလမ်း၏ အရှည်ဆုံးတံတားကြီးစာရင်းဝင်လည်းဖြစ်သလို လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်ခန့်က နောက်ဆုံးဖွင့်လှစ်ခဲ့သည့်တံတားလည်းဖြစ်သည်။ သို့သော် ကားလမ်းမအနေဖြင့် ပြီးခဲ့သည့်နှစ်နှစ်ကျော်ကာလမှာ စစ်ပွဲမုန်တိုင်းထန်ခဲ့သည့် စစ်ဘေးဒဏ်သင့်ခဲ့ရာ လမ်းမဖြစ်ခဲ့သည်။ အခုတော့ တိုက်ပွဲသံမကြားရသည်မှာ ဆယ့်တစ်လခန့်ရှိနေပြီ။ သံလွင်ခက်နှင့် ချိုးငှက်တို့ ရှင်သန်ရာအတွက် ထာဝရငြိမ်းချမ်းနေမည်ဆိုလျှင် အားလုံးအတွက်ကောင်းမည်။ ထိုစဉ် မင်းချောင်းတံတား ဘောင်ထိပ်တွင် ရပ်နားခိုနေသည့်ငှက်ကလေးများသည် လွတ်မြောက်နယ်မြေလေဟာနယ်ထဲ ပျံဝဲသွားသည်ကို ဖျတ်ခနဲမြင်လိုက်ရသည်။

တံတားပေါ်ကိုဖြတ်ကျော်ချိန် လေကောင်းလေသန့်များဝင်လာပြီး တံတားဖြတ်ပြီးဆင်းချိန်တွင်ကား ရုတ်တရက် အနံ့တစ်ခုရလိုက်သည်။ ကားထဲကလာသည့်အနံ့ဖြစ်ပြီး ချွဲထွက်အနံ့လိုမျိုး၊ လူခန္ဓာကိုယ်ကထွက်သည့် အနံ့မျိုး ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသည့် သူများထံကရတတ်သည့် ကိုယ်သင်းနံ့ဖြစ်သည်။ သေချာလေပြီ။ ကျွန်တော့နံဘေးထိုင်ခရီးသွားဖော် ပုဂ္ဂိုလ်၏ မဟာဂန္ဓာရုံ ဆောင်တော်ကူး အနံ့ပင်ဖြစ်သည်။ ကိုယ်ပိုင်ကားမစီးနိုင်သမျှတော့ ရှောင်လွှဲမရနိုင်သည့် အနေအထားပင်ဖြစ်သည်။

သို့ရာတွင် သူတို့ မနေ့ကဘယ်မှာအိပ်နေခဲ့ကြတာလဲ၊၊ စစ်တွေမှာ ဘယ်မှာတည်းခဲ့ကြတာလည်း။ ဘာကိစ္စနဲ့ စစ်တွေကို ခရီးထွက်လာခဲ့ကြသလဲဆိုတာတွေကို တွေးမိသည့်တိုင် သူ့အနံ့ကြောင့် ဆက်လက်မတွေးဖြစ်။ လူကို သတိထားကြည့်မိမှ ပင်ပန်းသည့်လူတန်းစားထဲကဖြစ်ပုံများသည့် ခရီးသည်မိသားစုပင်ဖြစ်သည်။

နယ်မြို့ဇာတိသားများဖြစ်လို့ အထင်သေးခြင်းလည်းမဟုတ်။ နယ်မြို့ဇာတိသားအချို့တောင် သန့်ပြန့်နေခြင်းကို မိမိတို့ မြို့ပေါ်လူတန်းစားမမီနိုင်ခြင်းကို တက္ကသိုလ်အတူတက်ခဲ့စဉ်က နယ်ဖက်ကသူငယ်ချင်းတွေပေါခဲ့သည့် ကျွန်တော် ကောင်းကောင်းသိသည်။ မည်သူ့ကိုမဆို အထင်သေးခြင်းမလုပ်မိဖို့ အဖေမှာထားသည့် ဆုံးမစကားကိုတော့ အမြဲတိုင် လက်ကိုင်နှလုံးသွင်းယင်း ဘဝခရီးအစိတ်ကျော်လွန်လာခဲ့ပြီ။

သို့သော် မိမိအနေဖြင့် ပြင်သစ်ခေတ်ဟောင်းသမိုင်းထဲက ရေမချိုးတတ်သည့် လူဝီဘုရင်နှင့်အတူ ခရီးအတူ သွားနေသလား ထင်နေရသည်။ ခရီးသည်များနှင့် ကားတစ်စီးတည်းစီးသည့်တိုင် မက်စ်(နှာခေါင်းစည်း)တပ်ဖို့ မေ့လျော့နေသည့် မိမိသည် ကိုဗစ်ပိုးကိုကြောက်လို့တော့မဟုတ်တော့ပါလို့ ဝန်ခံရတော့မည်။ ကိုဗစ်ကိုအကြောင်းပြကာ ရောဂါပိုးကာကွယ်ဖို့ထက် မဟာဂန္ဓာရုံဆောင်တော်ကူးနံ့သာကို ကာကွယ်ဖို့အတွက် နှာခေါင်းစည်းထုတ်တပ်ထား လိုက်သည်။ နှာခေါင်းစည်းတပ်ရသည့်အကြောင်းရင်းမှာ ထိုလူ့ခန္ဓာကိုယ်သင်းနံ့ကြောင့် မဟုတ်လို့ ထိုလူက ထင်နေလိမ့်မည်။ သိအောင်လည်းမပြောဝံ့၊ အပြစ်လည်းမတင်ရက်။ နောက်ဆုံးတော့လည်း လူဆိုးကိုဗစ်ရောဂါကို အကြောင်းပြ ခေါင်းစဉ်ရှာလိုက်ရခြင်းဖြစ်သည်။

ကားထဲဝင်ရောက်တိုက်ခိုက်လာသည့်ပြင်ပက မုန်တိုင်းလေပြင်းများတိုက်နေကြောင့်သာ တော်ကာကျသည်။ သည်ကြားထဲ ကားထဲက ကလေးငိုလိုက်တာမပြောနဲ့တော့။ ထိုဘဝက ဘောလုံးဒိုင်လူကြီးသေလို့ ဝင်စားတာများလား အောက်မေ့ရသည်။ ဝစီသံနှင့် ငိုသံသည် မသေးကွဲဘဲရှိနေသည်။ မိမိကလည်းအဝါကတ်များ ထုတ်ပြပိုင်ခွင့်မရှိ။ ကလေးက အပူဒဏ်ကြောင့်လားမသိ ဇောချွေးပြန်ကာငိုယိုနေသည်။ မိခင်ဖြစ်သူက မုန့်တစ်ခုပြီးတစ်ခုပေးသည့်တိုင် မုန့်ကုန်သော်လည်း အငိုမတိတ်။ နောက်ဆုံးတော့ မိမိအိတ်ထဲက လိမ္မော်သီးတစ်လုံးထုတ်ပေးတော့ အငိုတိတ်သွားသည်။

အရောင်များတွင် စွမ်းအားများရှိနေသည်ကိုတော့ ကျွန်တော်ယုံကြည်သည်။ ထိုစဉ်စက္ကူအိတ်ထဲထည့်ထားသည့် ဓာတ်မှန်ရိုက်ထားသည့် မှတ်တမ်းဖလင်ကို မြင်လိုက်ရမှ ကလေးဆေးခန်းပြလို့ စစ်တွေမှာ ညအိပ်နေခဲ့သည်ကို သတိထားမိသည်။ ဖခင်ဖြစ်သူကို သေချာအောင်မေးကြည့်တော့မှလည်း ဟုတ်ကြောင်းဆိုသည်။

ကားတစ်နာရီခွဲလောက်ကြာ မောင်းနင်ခရီးတွင်လာပြီး ကျောက်တော်မြို့မရောက်ခင် ကြားစခန်းဖြစ်သည့် (ကံစောက်)ဝါးတောင်ကျေးရွာ ကားဂိတ်ကိုရောက်တော့ ခရီးသည်လင်မယားနှစ်ယောက်နှင့် ကလေးမိသားစု ဆင်းကြသည်။ ကြည့်ရသလောက် ခရီးတစ်မျိုးဆက်ကြဦးမည်ထင်သည်။ ကားဆရာကို ငွေတစ်သောင်း ပေးခဲ့သည်။ သူတို့ထပြန်တော့ မိမိမှာ နည်းနည်းလောက်သက်သာရာရောက်သွားသည်။ သို့ရာတွင် အနံ့အသက်ကိစ္စ အဆင်ပြေသွားခြင်းဖြစ်လင့်ကစား သူတို့ထိုင်နေခဲ့သည့်နေရာမှာ စားကြွင်းအကျန်များနှင့် မုန့်ဖတ်များ ပေကျန်နေခဲ့သည်။ ဤအရာများသည် ကျွန်တော်တို့အားလုံး၏ ခရီးသွားမှတ်တမ်းများတွင် မရိုးနိုင်သည့် သဘာဝတရားများပင်ဖြစ်နေလိမ့်မည်။

ဝါးတောင်ကားဂိတ်ခတ္တနားကြပြီး ခရီးဆက်တော့ ကားရှေ့ခေါင်းခန်းက ရန်ကုန်ပြန်လူကြီးမှ ဆေးလိပ်ဖွါသည်။ ကားရှေ့က ဆေးလိပ်ဖွါတော့ ကားနောက်ဖက်က မိမိမခံသာပြီ။ ခေတ်ဟောင်းက ကျောက်မီးသွေးရထားဖြင့် ခရီးသွားရအလား ထင်မှတ်လာရပြန်သည်။ ရုတ်တရက်ဆိုသလို အထင်ကရ ရခိုင်တော်လှန်ရေးသမား ဘုံဘောက်သာကျော်စာအုပ်ထဲမှာ ရေးသားထားသည့် မီးသင်္ဘာဖြင့် စစ်တွေ-မြေပုံ ခရီးသွားရသည့်အခိုက်ကို ပြေးသတိရမိသေးသည်။ တကယ်ဆိုလျှင် ဝါးတောင်ကားဂိတ်ရောက်ခိုက် လဖက်ရည်သောက်ရန် ခေတ္တနားခဲ့ကြသည့်အခိုက် ဆေးလိပ်သောက်ချိန်ရခဲ့သေးသည်။ ကားပေါ်ရောက်မှ ဆေးလိပ်သောက်သည့် ဟိုလူကြီးကို စိတ်ထဲကမကျေနပ်ဖြစ်ပြန်သည်။

စောစောက ကားပေါ်ကဆင်းသွားသည့်မိသားစုက နယ်ဖက်ကျေးရွာဖက်ခြမ်းကဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သည်လူကြီးကျတော့ ရန်ကုန် ရွှေမြို့တော်ပြန်တစ်ယောက်။ ထူးလည်းထူးပါဘိ ဒီဂန္တဝင်မြို့ဟောင်းခရီးနှယ်။

ဆေးလိပ်ကုန်ချိန် ကျောက်တော်မြို့လမ်းဆုံရောက်တော့ ဆေးလိပ်သောက်သည့် လူကြီးဆင်းပြန်သွားသည်။ မည်သို့ပင်ဖြစ်စေ ထိုလူကြီးဆင်းသွားသည်ကို ဒရိုက်ဘာမသိအောင် ကျေးဇူးတင်မိပြန်သည်။ နို့မို့ဆိုလျှင် မြောက်ဦးအထိ ကျောက်မီးသွေးမီးရထားနှင့် ခရီးနှင်ရမှာကိုး။ ကစ္ဆပနဒီမြစ်ကူးတံတားဖြတ်လျှောက်‌တော့ လေကောင်းလေသန့်တွေ ရှူခွင့်လေးတော့ရသွားလို့သာ စိတ်သက်သာရာရသည်။

တံတားပေါ်ကဖြတ်အဆင်း ကျောက်တော်တောင်အနီးတွင် အမျိုးသားခရီးသည်တစ်ဦး လက်တားလိုက်ပြန်သည်။ ပလတ်စတစ်အိတ်လေးနှင့် လက်ကိုင်ကျိုးခေါက်ထီးလေးကိုင်လျှက် မြောက်ဦးလိုက်မည်ဆိုကာ ကားပေါ်တက်သည်။  နောက်ထပ်ခရီးသည်တစ်ယောက်ရလို့ ကားဒရိုက်ဘာက ကျိတ်ပျော်နေပေလိမ့်မည်။ သို့ရာတွင် မိမိအဖို့ ပြသနာကထပ်လာပြန်လေပြီ။ ဒီတစ်ခါတက်လာသူက ဆေးလိပ်တော့မသောက်။ အရက်အနံ့ တသင်းသင်းနှင့် မနက်မိုလင်းကပင် လောင်စာဆီအပြည့်ဖြည့်ထားသူဖြစ်နေပြန်သည်။ သည်လိုမျိုး အနံ့ခံ အာရုံသင်းပျံ့ရာ ဂန္ဓဝင်မြို့ဟောင်းခရီးစဉ်ကိုတော့ ဆက်လက်ချီတက်လာခဲ့သည်။

မြောက်ဦးမြို့ထဲဝင်ခါနီး ကားပေါ်က နှဖူးသင်းကျစ်တောင်ဖူးမြင်ရခိုက် မိုးသည်းထန်လာသည်။ မှန်တံခါးချပိတ်လိုက်ပြီး ကားအဲယားကွန်းလေးဖွင့်လိုက်သည်။ တစ်ကြိမ်မှာ ထိုခရီးသည်အသစ်က ချောင်းဆိုးပြန်တော့ အဲယားကွန်းအလုံပိတ်ကားတစ်ခုလုံး ယမကာအနံ့သင်းတော့သည်။ ထိုခရီးသည်အား ဆင်းမည့်နေရာမေးကြည့်တော့ မြို့ထဲအဝင်ကားဂိတ်အနီးမှာဟုဆို၏။

နေရာအတိအကျမပြောနိုင်ဘဲ ဟိုနေရာလိုလို သည်နေရာလိုလိုပြောပြန်သည်။ တစ်နေရာတွင်ရပ်ပြန်တော့လည်း မရောက်သေးဟုဆိုနေသည်။ နည်းနည်းလောက်ထပ်မောင်းပါဟု ပြောပြန်သည်။

ပင်ကိုစိတ်ရှည်လွန်းသည့် ကားဆရာကိုသန်းကျော်ကလည်း ကားကိုခတ္တရပ်လိုက်၊ ဆင်းမည့်နေရာ သည်နေရာလားဟုဆက်မေးလိုက်၊ ခဲတစ်ပစ်စာဆက်မောင်းလိုက် ဖြစ်နေသည်။ ခရီးသည်ကလည်း မဟုတ်သေးဘူးဖြေလိုက် ရှေ့ကိုနည်းနည်းထပ်သွားလိုက်၊ ခဏရပ်လိုက်ဟု ပြန်လို့ဖြေကောင်းနေကြတုန်း။ ရွေးချယ်ရာမရှိသည့် မိမိအဖို့ ဤသာယာလွန်းသည့်မြင်ကွင်းကိုတော့ မက်စ်အုပ် ယင်းလိုက်ပါလာရုံမှတပါး အခြားမရှိ။

မိုးသည်းလေထဲ သစ်ရွက်လေးများ ဦးတည်ရာမဲ့ ဝဲပျံနေကြသည်ကလည်း ကျွန်တော်တို့ကားကဲ့သို့အလား တိုက်တိုက်ဆိုင်ဆိုင်မြင်နေရသည်။ နောက်ဆုံး မြောက်ဦးအဝေးပြေးကားဂိတ် ကျော်လွန်လာသည်။ မြောက်ဦးဆေးရုံလွန်ခါနီး “ဟိုး”ဟုဆိုယင်း ခရီးသည်ကရပ်ခိုင်းသည်။ ထိုခရီးသည်ကားတံခါးဖွင့်ယင်း ဆင်းလိုက်သည်။ အပြင်မှာမိုးရွာနေသောကြောင့် သူမှာပါလာသည့် လက်ကိုင်ကျိုးနေသည့် ခေါက်ထီးကို ဖွင့်လိုက်သည်။

ကားဒရိုက်ဘာရှိရာဖက်လျှောက်လာယင်း ငွေသုံးထောင်ကျပ်လှမ်း၍ပေးသည်။ သို့သော် ဟိုဖက်အဆင်းတံခါးကို မပိတ်ဘဲဖွင့်ထားခဲ့ပြီး ကားလမ်းနံဘေးက နှစ်ထပ်အဆောက်အအုံကြီးထဲ သုတ်ခြေတင်ပြေးဝင်သွားသည်။ ထိုခရီးသည်၏ ဖွင့်ကျန်ခဲ့သည့်ကားတံခါးကို ကျွန်တော်လှမ်းပိတ်ယင်း ကားဆရာကိုကူညီလိုက်သည်။ ခရီးလည်းရောက်ခါနီးဆိုတော့ ထွေထွေထူးထူး ဘာမှမပြောတော့ဘဲ နေလိုက်တော့သည်။ ထုံးစံအတိုင်း အဆင်းခရီးသည်များကြောင့် စိတ်သက်သာရာရတတ်နေသော ဂိတ်ဆုံးခရီးသည်မိမိအဖို့ ပျော်စရာ အချိန်လေးများပင်ဖြစ်နေလို့လားမသိ။

သို့ရာတွင် အဆိုပါခရီးသည်ဝင်သွားသည့် အဆောက်အအုံတွင် ရေးထားသည့် ဆိုင်းဘုတ်ကိုမြင်တော့ ကားဆရာနှင့်ကျွန်တော် စကားမပြောနိုင်ဘဲ အံ့သြမင်သက်သွားကြသည်။ အဆိုပါခရီးသည် ဝင်သွားသည့်နေရာမှာ အခြားတော့မဟုတ် မြောက်ဦးမြို့နယ်၏ တီဘီရောဂါရှာဖွေရေးဌာနပင် ဖြစ်တော့သည်။

အောင်လင်းဟိန်း(SKY)ရေးသားသည်။