- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
ကျနော် ဂါရဝပြုအပ်တဲ့ ကွန်ဖက်ဒရေးရှင်းအခြေပြု ဆရာနှစ်ဦး
လက်ရှိအချိန်မှာ ရခိုင်ပြည်သူတွေအကြားမှာသာမက မြန်မာနိုင်ငံတည်းဟူသော ရပ်ဝှမ်းမှာပင် ကွန်ဖက်ဒရေးရှင်း အကြောင်းကိုကြားရင် ကြိုက်နှိုက်သက်သူရှိသလို မကြိုက်မနှစ်သက်သူတွေလည်း ရှိကြမှာဖြစ်ပါတယ်။ ဘယ်လိုပဲရှိပါစေ ရခိုင်ကစပြောတဲ့ ကွန်ဖက်ဒရေးချန်းကို ရခိုင်ပြည်သူတွေက ကြိုက်နှစ်သက်ကြမည်မှာ ရာနှုန်းပြည့်နီးပါးလို့ ခန့်မှန်းရမှာဖြစ်ပါတယ်။
30 Dec 2024
ခိုင်ဆန်းအောင် - ရေးသည်။
ရှစ်ဆယ့်ရှစ်အရေးတော်ပုံခေတ်အလွန် ရခိုင့်တော်လှန်ရေးမှာ နိုင်ငံရေးအရ လက်တွဲညီကြသူ နှစ်ဦးနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမှု ပြုခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးစလုံးက ခေတ်ပညာတတ်တွေဖြစ်ကြပါတယ်။ အဲဒီခေတ် တော်လှန်ရေးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြသလို လူသိများပြီး ကျော်ကြားကြသူ နှစ်ဦးလည်းဖြစ်ပါတယ်။
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA) ခေါင်းဆောင်အကြီးအကဲတွေ ဖြစ်ကြပါတယ်။ NUFA ဆိုတာက မတူကွဲပြားတဲ့ ရခိုင့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ တပ်ဦးတစ်ခုဖြစ်ပြီး တပ်ဦးမှသည် တစ်ပါတီသို့တည်း ဆိုတဲ့မူနဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်မယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီချိန်က “တပ်ဦး”အမည်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နာမည်ကြီးခဲ့ပါတယ်။
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA) ဖြစ်မြောက်ရေးအတွက် ထိပ်တန်းက ကြိုးပမ်းခဲ့ကြသူတွေ စာရင်းမှာ ဦးကျော်လှိုင်နဲ့ ခိုင်အာဏာနီတို့ နှစ်ဦးက အဓိကပါဝင်ခဲ့ကြောင်းကို ၁၉၈၈ ခုနှစ်မှာ ကျောင်းသားသူပုန် ဖြစ်လာရတဲ့ ကျနော်ကို NUFA တပ်ဦး ဖြစ်ပေါ်လာပုံအကြောင်း အစအဆုံးသိသူတွေက ပြောပြထားလို့ သူတို့နှစ်ဦးကို အထူးစိတ်ဝင်စားခဲ့ပါတယ်။
တောထဲမှာ ကျောင်းသားသမဂ္ဂဖွဲ့ကြပြီးနောက် ကျနော့်မှာလည်း တာဝန်အရ သူတို့နှစ်ဦးနဲ့ ဆက်ဆံရေး များလာပါတယ်။ တစ်ယောက်အကြောင်းကို တစ်ယောက်က သိခွင့်ရလာပါတယ်။ အတွေ့အကြုံတွေကို ဖလှယ်ကြယင်း ရင်းနှီးကျွမ်းဝင်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ အထူးသဖြင့် ဦးကျော်လှိုင်မှာ ကျနော်တို့သမဂ္ဂရဲ့ နာယကလည်းဖြစ်ပါတယ်။ တပ်ဦးနဲ့ သမဂ္ဂတို့အကြား ဆက်ဆံရေးချောမွေ့စေဖို့ တပ်ဦးရဲ့ နာယကအဖွဲ့ဝင်ဖြစ်သူ ဦးကျော်လှိုင်က အဓိကဆောင်ရွက်ပေးရပါတယ်။ ကျနော်တို့ သမဂ္ဂနဲ့သက်ဆိုင်တဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို တပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ခိုင်အာဏာနီက အကောင်အထည်ဖော် ဆောင်ရွက်ပါတယ်။
အဲဒီအချိန်က တပ်ဦးရဲ့မူမှာ မြန်မာနိုင်ငံကို “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” တည်ဆောက်မယ်လို့ပါရှိကြောင်း တပ်ဦးသဘာပတိကြီး ဘကြီး ဦးမောင်စိန်ညွန့်က ပြောဖူးပါတယ်။ အထွထွေအတွင်းရေးမှူးချုပ် ဦးခိုင်အာဏာနီမှာ အလွန်စာရေးဝါသနာပါသူဖြစ်တဲ့အလျောက် အားနေချိန်တွေမှာ စာရေးနေသူဖြစ်ပါတယ်။ သို့မဟုတ်ရင် ကဗျာရေးစပ်နေတတ်ပါတယ်။ သူဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ ALP ကိုယ်စားပြုအဖြစ် တပ်ဦးမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဦးကျော်လှိုင်မှာ ရခိုင်ပြည်လွတ်ရေးအဖွဲ့ (AIO) ရဲ့ ဥက္ကဌဟောင်းဖြစ်ပါတယ်။ AIO နဲ့ ALP တို့ဟာ နှစ်ပါတီ ပူးပေါင်းပြီး တစ်ပါတီတည်ဆောက်လိုက်ကြတဲ့အခါ ပါတီအမည် ALP ဖြစ်လာပြီးတော့ တပ်အမည်ကို AIO အဖြစ် သဘောတူခံယူခဲ့ကြပါတယ်။ ပါတီနှစ်ရပ် ပေါင်းစည်းချိန်မှာ ဦးကျော်လှိုင်က ပါတီသစ် ALP ပါတီရဲ့ ဥက္ကဌ ဖြစ်လာပါတယ်။ အရင်က ပါတီဟောင်း ALP ရဲ့ အထွေအတွင်းရေးမှူးဖြစ်သူ ဦးခိုင်အာဏာနီမှာ နှစ်ပါတီပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ ပါတီသစ် ALP ရဲ့ အထွေထွေအတွင်းရေးမှူး ပြန်ဖြစ်လာပါတယ်။
အလွန်အတွဲညီလှတဲ့ ဦးကျော်လှိုင်နဲ့ ဦးခိုင်အာဏာနီတို့နှစ်ဦး ဘာကြောင့် ဒီလောက်ထိ နိုင်ငံရေးအရ လက်တွဲညီကြသလဲဆိုတာကို ကျနော်သိချင်လာပါတယ်။ ရှစ်ဆယ့်ရှစ်အရေးအခင်းမတိုင်မီက ရခိုင်တော်လှန်ရေးအဖွဲ့တွေ စုစုစည်းစည်း မရှိခဲ့ကြပါဘူး။ အချင်းချင်းကြားမှာလည်း ပြဿနာကိုယ်စီ ရှိခဲ့ကြဖူးပါတယ်။
ဒါပေမယ့် ဒီပုဂ္ဂိုလ်နှစ်ဦးကြားမှာ ဒီလောက်နက်ရှိုင်းတဲ့ အပြန်အလှန်လေးစားမှုနဲ့ လက်တွဲခိုင်မြဲမှုအပေါ် လေ့လာလိုစိတ်က ကျနော့်ရင်ထဲက ထွက်ပေါ်မိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့နှစ်ဦးကို တပ်ဦးရဲ့ တချို့သောခေါင်းဆောင်တွေက မကြိုက်နှစ်သက်ကြတာ အမှန်ပါပဲ။ အထူးသဖြင့် ခေတ်ပညာတတ်လူငယ်၊ ရုပ်ရည်သန့်ပြန့်မှု၊ စည်းရုံးရေးစွမ်းရည်ကောင်းမှု၊ ထက်မြတ်မှု စတာတွေကြောင့်လို့ ပတ်ဝန်းကျင်က တီးတိုးအသံတွေများစွာကို ကြားခဲ့ရဖူးပါတယ်။
၁၉၉၁ ခု နှစ်စပိုင်းလောက်မှာ ဖြစ်မယ်ထင်ပါတယ်။ ကျနော်တို့သုံးဦး ပြည်ပဆက်ဆံရေးဆိုင်ရာ အလုပ်ကိစ္စနဲ့ ဖလောင်းချိပ်မြို့သို့ ရောက်ရှိလာခဲ့ကြပါတယ်။ ကိစ္စပြီးပြတ်လို့ အိမ်တစ်အိမ်မှာ နားနားနေနေတွေ့ဆုံကြချိန်မှာ ဦးခိုင်အာဏာနီဆီကို ကျနော်ကစပြီးတော့ သူတို့နှစ်ဦးကြား အဓိကကျတဲ့ သဘောထားတူညီမှုတွေအကြောင်းကို သိရှိခွင့်ရလိုကြောင်း မေးဖြစ်ပါတယ်။ နှစ်ဦးသား ကျနော့်ကို ခဏတာငေးကြည့်နေကြပြီးနောက်မှာ ဦးခိုင်အာဏာနီက ငါရေးနေတဲ့ NUFA ဖွဲ့စည်းပုံမူကြမ်းကို ဖတ်ဖူးသလားလို့ ပြန်မေးတယ်။ ကျနော်က မဖတ်ဖူးသေးကြောင်းနဲ့ ဘကြီး ဦးမောင်စိန်ညွန့်ပြောပြလို့ တစ်ပိုင်းတစ်စ ကြားဖူးရုံသာရှိကြောင်း ဝန်ခံလိုက်ပါတယ်။
အဲဒီအခါ ဦးကျော်လှိုင်က ကြားဝင်ပြီး “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” တည်ဆောက်ရေးမူကို ကြားဖူးသလား၊ ဘယ်လိုသဘောရသလဲ စတဲ့တွေ ထပ်မေးပြန်ပါတယ်။ ကျနော်ဟာ မဆလလက်အောက်က ပညာရေးကို သင်ကြားလာသူ ကောလိပ်ကျောင်းသား သာသာမျှဖြစ်လို့ မတရားမှုကနေ ရုန်းထွက်လိုစိတ်နဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိလာသူပါ။ “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” တည်ဆောက်မယ်၊ မဆောက်မယ်ကို နားမလည်၊ စစ်အာဏာရှင်စနစ်အောက်က ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးသည်သာ ကျနော့်အတွက် အရေးကြီးကြောင်း ပြောပြပါတယ်။ အဲဒီခေတ် အဲဒီအချိန်က ကျောင်းသားသူပုန်တို့ရဲ့ ခံယူချက်ဟာ ဒီမျှလောက်သာ ဖြစ်ပါတယ်။
အတွင်းရေးမှူး ခိုင်အာဏာနီက သူ့ဘေးမှာချထားတဲ့ လက်ဆွဲအိတ်ကိုဖွင့်ကာ သူ့လက်ရေးနဲ့ ရေးလက်စစာတစ်ထပ်ကို ကျနော့်ဆီ လှမ်းပေးပါတယ်။ ဦးကျော်လှိုင်က တပ်ဦးရဲ့ မူတစ်ရပ်လုံးကို သူတို့နှစ်ဦး အကြမ်းရေးဆွဲခဲ့ကြောင်းနဲ့ အခု ခိုင်အာဏာနီပေးတဲ့ စာတစ်ထပ်မှာ “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” မူနဲ့ပတ်သက်လို့ သူတို့နှစ်ဦးလေ့လာကြပြီး၊ အကြိမ်ကြိမ်ဆွေးနွေးလျက် တပ်ဦးရဲ့ အတည်ပြုချက်ကိုရယူကာ မာနယ်ပလောသို့သယ်ဆောင်လျက် DAB မှာ တင်သွင်းမယ့် စာတမ်း(အကြမ်း)ဖြစ်ကြောင်း ရှင်းပြပါတယ်။ ကျနော်က စာတမ်းကို မိမိအိတ်ထဲ ထည့်သွင်းလိုက်ပြီး ဖတ်ပြီးမှ မပျက်မစီးပဲပြန်ပေးပါမယ်လို့ သူတို့နှစ်ဦးထံ ကတိပြုလိုက်ပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်သူတွေအကြားမှာသာမက မြန်မာနိုင်ငံတည်းဟူသော ရပ်ဝှမ်းမှာပင် ကွန်ဖက်ဒရေးရှင်း အကြောင်းကိုကြားရင် ကြိုက်နှိုက်သက်သူရှိသလို မကြိုက်မနှစ်သက်သူတွေလည်း ရှိကြမှာဖြစ်ပါတယ်။ ဘယ်လိုပဲရှိပါစေ ရခိုင်ကစပြောတဲ့ ကွန်ဖက်ဒရေးချန်းကို ရခိုင်ပြည်သူတွေက ကြိုက်နှစ်သက်ကြမည်မှာ ရာနှုန်းပြည့်နီးပါးလို့ ခန့်မှန်းရမှာဖြစ်ပါတယ်။
ကျနော်ဟာလည်း ကွန်ဖက်ဒရေးရှင်းနဲ့ပတ်သက်တဲ့ စာအုပ်တချို့ကို ဝယ်ဖတ်တယ်၊ အင်တာနက်မှာလည်း ရှာဖတ်ဖြစ်တယ်။ ၁၉၉၁ ခုနှစ်က ကျနော်ဖတ်ဖူးတဲ့ “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” စာတမ်း(အကြမ်း)နဲ့ ထပ်တူနီးပါး တူညီမှုတွေရှိနေပါတယ်။ ကျနော် နားလည်သဘောပေါက်လိုက်ရပါပြီ၊ ဦးကျော်လှိုင်နဲ့ ခိုင်အာဏာနီတို့ နှစ်ဦးအကြား ဆွဲအားကောင်းတဲ့သံလိုက်ဓာတ်ဟာ နိုင်ငံရေးအရ ယုံကြည်ချက်ဖြစ်တဲ့ “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” တည်ဆောက်ရေးပင်ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တွင်ကျယ်နေတဲ့ ကွန်ဖရေးရှင်းလည်း ဖြစ်ပါတယ်။
ALP နဲ့ AIO တို့ရဲ့ လုံးဝလွတ်လပ်ရေးမူကို ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းမူကို ဆုပ်ကိုင်ထားတဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။ ဒီစကားကို နှစ်ပေါင်းများစွာကြာမှ ဦးခိုင်အာဏာနီ ကျနော်ကို ဖွင့်ပြောဖြစ်ခဲ့ပါတယ်။ သူပြောပြတဲ့အချိန်မှာ ဦးကျော်လှိုင်က ဒါကာမြို့မှာ ဘဝတပါးသို့ ပြောင်းသွားခဲ့လေပြီ ဖြစ်ပါတယ်။ ဒါကြောင့် “ပြည်နယ်ပေါင်းစု ပြည်ထောင်စု” စာတမ်းကို ပြုစုရေးသားကြပြီး ကျနော့်ကို ဖတ်ခွင့်ပေးခဲ့ကြတဲ့ ဆရာနှစ်ဦးကို ဒီစာနဲ့အတူ ကျေးဇူးတင် ဂါရဝပြုအပ်ပါတယ်။