- ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
- AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ
- စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
- တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်
- ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်နှင့် ရှေ့ဆက်အလားအလာ
ဖက်ဒရယ်အိပ်မက်နှင့် ခရီးရှည် (အပိုင်း-၂)
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေးအခက်အခဲတို့ ဖြတ်သန်းရာလမ်းကြောင်းကို ခြေရာခံပြီး ဖက်ဒရယ်ကို ဇောင်းပေးကာ အတွေးအမြင်များကို ရေးသားထားခြင်းဖြစ်သည်။ ဤဆောင်းပါးထဲ၌ ဖက်ဒရယ်နှင့် မြန်မာ့နိုင်ငံရေး လာရာလမ်း၊ လွတ်လပ်ရေးမရမီနှင့် လွတ်ရေးရပြီးနောက်ပိုင်း ဖက်ဒရယ်ကြိုးပမ်းမှုများ၊ ထိုမှတခါ ရှစ်လေးလုံးအရေးအခင်း၊ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရတို့ ဖက်ဒရယ်ဆက်စပ်လှုပ်ရှားမှု၊ စစ်ကောင်စီပြောသည့် ဖက်ဒရယ်နှင့် NUG ပြောသည့်ဖက်ဒရယ်သဘောထား မတူညီမှုများကို မြေပြင်၊ သမိုင်းကြောင်းတို့နှင့် နှိုင်းဆရေးသားထားသည်။
12 Jul 2022
DMG ၊ ဇူလိုင် ၁၃
(ဆောင်းပါး)
ဆောင်းပါးအနှစ်ချုပ်
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေးအခက်အခဲတို့ ဖြတ်သန်းရာလမ်းကြောင်းကို ခြေရာခံပြီး ဖက်ဒရယ်ကို ဇောင်းပေးကာ အတွေးအမြင်များကို ရေးသားထားခြင်းဖြစ်သည်။ ဤဆောင်းပါးထဲ၌ ဖက်ဒရယ်နှင့် မြန်မာ့နိုင်ငံရေး လာရာလမ်း၊ လွတ်လပ်ရေးမရမီနှင့် လွတ်ရေးရပြီးနောက်ပိုင်း ဖက်ဒရယ်ကြိုးပမ်းမှုများ၊ ထိုမှတခါ ရှစ်လေးလုံးအရေးအခင်း၊ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရတို့ ဖက်ဒရယ်ဆက်စပ်လှုပ်ရှားမှု၊ စစ်ကောင်စီပြောသည့် ဖက်ဒရယ်နှင့် NUG ပြောသည့်ဖက်ဒရယ်သဘောထား မတူညီမှုများကို မြေပြင်၊ သမိုင်းကြောင်းတို့နှင့် နှိုင်းဆရေးသားထားသည်။
၂၀၂၁ စစ်အာဏာသိမ်းမှု
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်အကြောင်းပြပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည်။ ထို့ကြောင့် တိုင်းပြည်အနှံ့မှ ပြည်သူများမှာ မကျေနပ်ချက်မျိုးစုံဖြင့် လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ရာမှ စစ်ကောင်စီက အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သေဆုံးဒဏ်ရာရသည်အထိ ဖြစ်လာခဲ့သည်။
ထိုအထဲတွင် ယခင်က NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် တခြား EAOs တို့နှင့် ပြည်သူအနှံ့မှာ မခံမရပ်နိုင်ဖြစ်လာပြီး စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်၊ တော်လှန်လာခဲ့ကြသည်။
ယင်းကြောင့် ယခင်က ဖက်ဒရယ်နိုင်ငံရေးစနစ်သို့သွားရန် ပြင်ဆင်ထားသည့် NCA နှင့် နိုင်ငံရေးဆွေးနွေးပွဲ လမ်းပြမြေပုံမှာ လုံးဝ လမ်းပျောက်သွားခဲ့သည်။ NCA ထိုးထားသည့် အင်အားကြီးအဖွဲ့အစည်းတို့နှင့် အာဏာသိမ်းစစ်တပ်တို့ကြား၌ ဖြေရှင်းမရလောက်အောင် နိုင်ငံရေးပြဿနာကြီးထွားလာပြီး NCA သည် လေဖြတ်လူနာအဖြစ်သို့ရောက်ရှိခဲ့သလို NCA ကို အခြေခံသည်ဆိုသော ဖက်ဒရယ်ကလည်း မလွယ်ကူတော့ပေ။
သို့သော် လက်ရှိမြန်မာ့နိုင်ငံရေး ဖရိုဖရဲအဖြစ်နှင့် ထိုသို့ထိန်းမနိုင်သိမ်းမရ အကျပ်အတည်း ခေါင်ဆိုက်နေချိန်တွင် ထပ်မံ၍ တိုင်းရင်းသားများအရေး၊ ဖက်ဒရယ်အရေးတို့ စသည့်အသံကတော့ မသေဆုံးပဲ ပြန်ပေါ်လာသည်။
လတ်တလောတွင် ဖက်ဒရယ်ဆိုသည့် ထိုအသံမှာ NLD၊ စစ်ကောင်စီ၊ EAOs၊ NUG စသည့်ဖြင့် အားလုံးအကြား၌ တွင်တွင်ကျယ်ကျယ် ဖြစ်လာသည်ကိုတွ့ရသည်။ ထိုကြောင့် အားလုံးက နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် ပြောလာကြသည့် ဖက်ဒရယ်နိုင်ငံတော်သို့ သွားမယ့်လမ်းဆုံကိုရောက်နေပြီဟု ယေဘုယျ ထင်ကောင်းထင်နိုင်သည်။
စစ်ကောင်စီ၊ EAOs၊ NUG၊ ပြည်သူလူထု စသည်ဖြင့် အားလုံးက အသံတူညီနေသဖြင့် ဖက်ဒရယ်ကိုသွားရန် အချိန်ကိုက်ဟု သရော်နိုင်လာသည်။ သို့သော်လည်း ပိုပြီးနက်ရှိုင်း ရှုပ်ထွေးလာမှာ မြေပြင်အခြေအနေပင် ဖြစ်သည်။ သပွတ်အူလိုအခင်းအကျင်းနှင့် ဖက်ဒရယ်လမ်းက စိတ်ဝင်စားစရာ ပြည့်လာနေတော့သည်။
စစ်ကောင်စီပြောသော ဖက်ဒရယ်
လွတ်လပ်ရေးရပြီးနောက် ဗမာ့တပ်မတော် သန္ဓေတည်စကစပြီး ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၊ တို့တာဝန်အရေးသုံးပါး စသည်ဖြင့် ချုပ်ကိုင်လာသည့် မြန်မာစစ်တပ်သည် ယခုတဖန် ဖက်ဒရယ်ဒီမိုကရေစီကို ပေးမည်ဟု ကြွေးကြော်သံကို နေ့တိုင်းပြောလာသည်။
ဖက်ဒရယ်စနစ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးမယ် ခွဲမထွက်ရ စသည့်အာမခံချက်၊ ကန့်သတ်ချက်များဖြင့် လက်ရှိတွင် EAOs အဖွဲ့ (၁၀)ဖွဲ့နှင့် ဆွေးနွေးနေသည်ကိုတွေ့ရသည်။ ယခုဆွေးနွေးပွဲတွင်လည်း အားလုံးအဖွဲ့အစည်းထံမှ တူညီသောအသံမှာ ဖက်ဒရယ်ကိုသွားမည်ဆိုသည်ထက် ဘာမှ အနှစ်သာရမရရှိသေးပေ။
စစ်ကောင်စီသဘောထားကို သုံးသပ်ရလျှင် ဒိုင်လူကြီးဆိုသည့်နေရာကို ယူထားသည်။ “ခင်ဗျားတို့မှာပါလာတဲ့ ဖက်ဒရယ်မူကိုပြ၊ စဉ်းစားပေးမယ်”ဆိုသည်ထက် မပိုပေ။ စစ်ကောင်စီဘက်မှာတော့ “ငါတို့မှာ ဖက်ဒရယ်မူ မလိုဘူး။ သူတို့တင်ပြချက်ကို ပေး၊ မပေးစဉ်းစားရုံပဲ၊ အချိန်ဆွဲဆံ့ထားမယ်”ဆိုသည့် အခြေအနေကိုလည်း တွေ့ရသည်။
အထူးသဖြင့် စစ်ကောင်စီသဘောထားတွင် ငါတို့က ဖက်ဒရယ်မူကိုချပြစရာမလို ဒိုင်ခံပြီး ပြေလည်အောင် ဖြေရှင်းပေးမယ်။ အဆင်မပြေသည့်အချက်များကို ၂၀၀၈ အခြေခံဥပဒေဖြင့်ကိုင်စွဲပြီး ပြင်ခိုင်းမည်ဆိုသည့် အားသာချက်ကို နေရာယူထားသည်။ အထူးသဖြင့် စစ်ကောင်စီဘက်တွင်လည်း သေချာရေရာသော ဖက်ဒရယ်မူကို မဖော်ထားသေးသလို ပြည်သူကိုလည်း ချပြထားခြင်း တစုံတရာမရှိသေးပေ။
ထို့အတူ အခြားတဘက်တွင်လည်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးကို တည်ဆောက်ပေးနိုင်မည့် အားလုံးသော လက်နက်ကိုင်အဖွဲ့အစည်းများ မဝင်နိုင်သေးပေ။ အာဏာသိမ်းမှုကို လက်မခံသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုကမူ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် စစ်ကောင်စီကို အစိုးရတပ်အဖြစ် လုံးဝ အသိအမှတ်မပြုသည့်အတွက် ငြိမ်းချမ်းရေး၊ နိုင်ငံရေးမဆွေးနွေးနိုင်ဟု ပြောဆိုထားသည်။ ထိုအချက်ကို စစ်ကောင်စီဘက်က လုံးဝ ငြင်းဆန်ထားသည်။
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်
ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မငြိမ်သက်မှုများနှင့်အတူ NLD ၏ ၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရအမတ်များဖြင့် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကလည်း CRPH နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကလည်း အရေးပေါ် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို ထုတ်ပြန်ပြောဆိုလာသည်။
လက်ရှိ အာဏာရှင်စစ်ကောင်စီကို အပြုတ်တိုက်ကာ ထိုနေရာတွင် ဖွဲ့စည်းပုံအသစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးကို အဓိကဦးတည်ကာ စစ်ကောင်စီကို တော်လှန်နေသည်။ ထို့အတူ ဒေသအတွင်း PDF များနှင့် တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ဖက်ဒရယ်နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက် စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန် တော်လှန်နေသည်ကို တွေ့ရသည်။
ယင်းကြောင့် လတ်တလော မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် စိတ်ဝင်စားစရာများ ပြည့်နှက်နေသည်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နွေဦးတော်လှန်ရေး၏ ဦးတည်ချက်များထဲတွင် အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ပါဝင်သည့်အတွက် EAOs တို့နှင့် တထပ်တည်းကျနေသည်ဟု ဆိုနိုင်သည်။
NUCC ကြိုးပမ်းနေသော ဖက်ဒရယ်
အခြားတဘက်၌ လူထုလက်ခံထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံမူဘောင်တစ်ခုကို ရေးဆွဲနေကြောင်းသိရသည်။ ယင်းတွင် ဖက်ဒရယ် Charter အခြေခံပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကို အဖွဲ့အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်းလည်းဆိုသည်။
ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်နေထိ ပြုလုပ်ခဲ့သည့် NUCC ၏ ပထမအကြိမ် ပြည်သူ့ညီလာခံအပြီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ခု၊ ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့၊ ပြည်နယ်ကိုယ်စားပြု အဖွဲ့အစည်း၊ သပိတ်ဦးဆောင်ကော်မတီများအဖွဲ့အစည်း၊ နိုင်ငံရေးပါတီအစုအဖွဲ့အပါအဝင် စုစုပေါင်း ၃၃ ခု တို့က အနာဂတ်တွင်ပုံဖော်မည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ် အစိတ်အပိုင်း(၁)နှင့် အစိတ်အပိုင်း(၂) ကြား ကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကို အတည်ပြုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းတွင်ပါသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖွဲ့စည်းပုံသစ် အခြေခံဥပဒေတစ်ရပ်ကို လူထုဆန္ဒနှင့်အညီ အတည်ပြုပြဋ္ဌာန်းပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်းလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားသည်။
သို့သော် ယင်းဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အစိတ်အပိုင်း(၁)နှင့် (၂)တို့တွင် မည်သည့်အချက်အလက်များ ပါဝင်သည်ကိုတော့ ရှင်းရှင်းလင်းလင်းထုတ်ပြောခြင်း မရှိသေးပေ။ ထို့အတူ သေချာတိကျသည့် ရလာဒ်များကို ပြည်သူများက နားစွင့်နေကြသည်။
ထိုအထဲတွင် ယခင်က တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ယခင်ဖက်ဒရယ်စနစ်အရ (၈)ပြည်ထောင်မူ၊ ဗမာပြည်နယ်ဖွဲ့စည်းမည်လား၊ သို့မဟုတ် တိုင်း(၇)တိုင်းအဖြစ် ဆက်သွားမည်လား ဆိုသည်မှာကို တိုင်းရင်းသားဒေသခံပြည်သူများနှင့် တခြား EAOs တို့က စောင့်ကြည့်နေကြသည်။
ထို့ကြောင့် လာမည့်ဖက်ဒရယ်စနစ်အတွက် အရေးကြီးသည့်အချက်မှာ EAOs အင်အားစုများနှင့် လက်ရှိ NUG ကြားတွင် ညှိယူရမည့် အပိုင်းများစွာရှိနေခြင်းနှင့်အတူ ကြီးမားသည့်စိန်ခေါ်မှုတို့လည်း ရှိလာအုံးမည် ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာအများစုနေထိုင်သည့် ပြည်မက တိုင်း(၆)ခုကို ပြည်နယ်တစ်ခုတည်း ပေါင်းဖွဲ့မည်လား။ ယင်းအထဲမှတခါ ကရင်နှင့် ဗမာရောယှက်နေထိုင်သည့် ဧရာဝတီကို မည်သို့စီစဉ်မည်နည်း။ ကချင်ပြည်နယ်ထဲတွင်လည်း ရှမ်းဗမာများနှင့် ရှမ်းပြည်မြောက်ပိုင်းက ကချင်များအတွက် မည်သို့ဖြေရှင်းနိုင်မလဲ စသည့်မေးခွန်းများက NUG ကိုဆီးကြိုနေပြီး ပြည်သူတို့ကလည်း သိချင်နေကြပြီး အဆိုပါကိစ္စရပ်များကလည်း NUG/NUCC ဘက်က ခေါင်းခဲစရာများ ဖြစ်နေဟန်တူသည်။
ဖက်ဒရယ် စဉ်းစားချက်
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်သူတို့၏အိပ်မက် ဖက်ဒရယ်ပြဿနာသည် ဗမာတိုင်းရင်းသားနှင့် အခြားလူမျိုးစုတိုင်းရင်းသား တော်လှန်ရေးတပ်တို့အကြား ကြိမ်ဖန်များစွာပြောဆိုခဲ့သည်ကို တွေ့ရသည်။ လွတ်လပ်ရေးမရခင်အချိန်ကစတင်ပြီး ယခုအချိန် နှစ်ပေါင်း (၇၀)ကျော်ကြာသည့်အတိုင် ဖက်ဒရယ် အိပ်မက်အောက်တွင် ငုတ်တုံပေါ်တုံဖြင့် ခရီးဆက်လာကြသည်။
သို့သော်လည်း ဖက်ဒရယ် ဘာကြောင့်မရနိုင်သနည်းဟု မေးခွန်းထုတ်ကြည့်လျှင် နိုင်ငံရေးတွင် ပါဝင်သင့် ပါဝင်ထိုက်သူတို့၏ ရိုးရှင်းသောစေတနာက အရေးကြီးမှုကို မပြသနိုင်ခဲ့ခြင်းကိုတွေ့ရသည်။
ထို့အတူ အစိုးရအပြောင်းအလဲကို ခုတုံးလုပ်ကာ သမိုင်းက ကတိကဝတ်များကို လစ်လျှူရှုခဲ့ကြသည်။ အမှန်မှာ တက်လာသောအစိုးရသစ်သည် ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေအားလုံးကို လက်ခံရမည်။ ယခင်အစိုးရ၏ လုပ်ရပ်များကိုမကြိုက်လျှင် သို့မဟုတ် အချိန်အခါနှင့် လိုက်လျောမှုမရှိတော့လျှင် ပြန်လည်သုံးသပ်၊ ပြင်ဆင်ခြင်းများ လုပ်ရပေမည်။
ထိုအထဲတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များက တခြားကဏ္ဍနှင့်မတူဘဲ ပိုပြီးဂရုစိုက်သွားရမည် ဖြစ်သည်။ ယခုအခါတွင် အထူးသဖြင့် အစိုးရပြောင်းလဲလာပြီး ကတိကဝတ်များပြောင်းလဲသွားခြင်း သို့မဟုတ် ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်ကတိများကို ပြောင်းလဲလျှင် သို့မဟုတ် လျစ်လျူရှုထားလျှင် ယုံကြည်မှု ပျက်ပြားနိုင်ပြီး လက်ရှိအချိန်ထိ ယုံကြည်မှုပျက်ပြားနေကြဆဲဖြစ်သည်။
ဝဲလည်လည်နှင့် ခရီးဆက်တော့မှာလား
ခေတ်အဆက်ဆက် အစိုးရတိုင်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ်စနစ်ဆီသို့”ဟု ကြွေးကြော်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖက်ဒရယ်အိပ်မက်မှာ အာဏာသိမ်းမှုနှင့် တခြားသော လက်နက်ကိုင်ပဋိပက္ခ အကြောင်းအမျိုးမျိုးကြားတွင် ခရီးမရောက်ဘဲ တဝဲလည်လည်ဖြစ်နေသည်ကို နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် မြင့်တွေ့ခဲ့ရသည်။
ထိုသို့ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ဖက်ဒရယ်ဆိုသည့် နိုင်ငံရေးလမ်းစဉ်ကို မရောက်ရှိခြင်းမှာ ခေါင်းဆောင်တိုင်း၏ ဖြစ်လိုသည့်ဆန္ဒနည်းပါးသည့်အတွက် ဖြစ်နေသည်။ အပြောသာရှိပြီး နိုင်ငံရေး အကျပ်အတည်းဖြစ်သည့်အချိန် သို့မဟုတ် တိုင်းရင်းသားများကို ချော့မော့ရမည့်အချိန်မှ ထအော်သည့် သဘောကိုသာတွေ့ရသည်။ ထို့အပြင် ဖက်ဒရယ်အရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် EAOs အားလုံး မပါဝင်နိုင်ခြင်း၊ မပါဝင်ရအောင်လည်း ဗမာဗဟိုအစိုးရဘက်က ခွဲခြားကန့်သတ်ခဲ့ခြင်း၊ အားလုံးပါဝင်အောင် ဖိတ်ခေါ်သည့်အချိန်တွင်လည်း ပြည်သူယုံကြည်လောက်သည့် ခေါင်းဆောင်များဖြစ်မနေခြင်း စသည့်အကြောင်းအရာတို့ကို တွေ့ရသည်။
ထို့အတူ ဆွေးနွေးရမည့် ပါဝင်သင့်၊ပါဝင်ထိုက်သူများ၏ လူပုဂ္ဂိုလ် နောက်ဆုံအဖွဲ့အစည်းများကို အယုံအကြည် မရှိခြင်းလည်းပါဝင်သည်။ ဥပမာအနေဖြင့် လက်ရှိစစ်ကောင်စီကို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့က အယုံအကြည် လုံးဝမရှိခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရအောင်လည်း နိုင်ငံရေးရိုးသားမှုစိတ်ဆန္ဒ မရှိခဲ့သည်ကို သမိုင်းကပြောဆိုထားသည်။
နိဂုံးချုပ်
ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း သဘောမျိုးဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ မတူကွဲပြားစွာကျင့်သုံးကြသည်။ အိန္ဒိယနိုင်ငံ ဖက်ဒရယ်ပုံစံမျိုး၊ အမေရိကန် ဖက်ဒရယ်ပုံစံမျိုး သို့မဟုတ် ဥရောပ ဆွစ်ဇာလန်၊ ဂျာမနီပုံစံမျိုး စသည့်ဖြင့်အုပ်ချုပ်ပုံစနစ် ကွဲပြားသည်ကို တွေ့ရသည်။
ဥပမာ-ဂျာမနီနိုင်ငံတွင် ဖက်ဒရယ်စနစ်မှာ လွတ်လပ်ခွင့်တွေပိုများသည့် အချက်အလက်အများရှိသော်လည်း အိန္ဒိယဖက်ဒရယ်တွင် ဗဟိုချုပ်ကိုင်မှုများသည်ကို တွေ့ရသည်။ ယင်းကြောင့် မြန်မာနိုင်ငံတွင်ကား မည်သည့် ဖက်ဒရယ်နှင့်သွားမည်ဆိုသည်ကို စစ်ကောင်စီ၊ NUG၊ EAOs နှင့် သက်ဆိုင်သူတို့ဘက်က ယနေ့အချိန်ထိတိုင် ခိုင်မာသည့်မူဝါဒ တစွမ်းတစမျှ မပြောနိုင်သေးပေ။
ခြုံငုံသုံးသပ်ရလျှင် ခေတ်အဆက်မှသည် ယနေ့အချိန်ထိ ဖက်ဒရယ်ဆိုသည်မှာ ခေါင်းဆောင်ကြီးတို့ အကြားတွင် ပူးတုံခွာတုံအဖြစ် ရှင်သန်ခဲ့သည်ကို တွေ့ရသည်။ ယင်းအပြင် မြန်မာပြည်သူတရပ်လုံး မျှော်မှန်းခဲ့သည့် ဖက်ဒရယ်အိပ်မက်မှာလည်း ဝဲလည်လည်အဖြစ်နှင့်သာ ရှိနေဆဲဖြစ်သည်။
ယင်းကြောင့် လက်နက်ကိုင်အင်အားစု၊ ပြည်သူ့အစိုးရ၊ စစ်အစိုးရ၊ ပြည်မတိုင်းရင်းသား ခေါင်းဆောင်တို့ မျှော်မှန်းသည့် စစ်မှန်သောဖက်ဒရယ်ဖြစ်လာဖို့ မြန်မာနိုင်ငံသည် နောက်နှစ်ပေါင်း မည်မျှစောင့်ရဦးမည်ကို ရင်သတ်ရှုမောရင်း အဆုံးသတ်လိုက်ရသည်။
ဂေါင် - ရေးသည်။