- ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
- AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ
- စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
- တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်
- ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်နှင့် ရှေ့ဆက်အလားအလာ
ဖက်ဒရယ်အိပ်မက်နှင့် ခရီးရှည် (အပိုင်း-၁)
ပင်လုံစာချုပ်သည် ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့က အင်္ဂလိပ်ဆီက သီးခြားစီဖြင့် လွတ်လပ်ရေးမယူဘဲ ဗမာ့နိုင်ငံရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပြည်မဒေသနှင့်ပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွရယူရန်နှင့် တန်းတူရည်တူပူးပေါင်းသော ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ခုကို ထူထောင်ရမည်ဟု ပဋိဉာဏ်ပြုသော စာချုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ပင်လုံစာချုပ်၏ အနှစ်သာရမှာ မတူကွဲပြားသည့် ဒေသအုပ်စုတို့နှင့် ပူးပေါင်းနေထိုင်ကာ ပြည်ထောင်စုသစ်တစ်ခုဖြစ်လာရေးကို ကြိုးစားခဲ့ခြင်းဖြစ်သည်။
09 Jul 2022
DMG ၊ ဇူလိုင် ၉
(ဆောင်းပါး)
ဆောင်းပါးအနှစ်ချုပ်
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေးအခက်အခဲတို့ ဖြတ်သန်းရာလမ်းကြောင်းကို ခြေရာခံပြီး ဖက်ဒရယ်ကို ဇောင်းပေးကာ အတွေးအမြင်များကို ရေးသားထားခြင်းဖြစ်သည်။ ဤဆောင်းပါးထဲ၌ ဖက်ဒရယ်နှင့် မြန်မာ့နိုင်ငံရေး လာရာလမ်း၊ လွတ်လပ်ရေးမရမီနှင့် လွတ်ရေးရပြီးနောက်ပိုင်း ဖက်ဒရယ်ကြိုးပမ်းမှုများ၊ ထိုမှတခါ ရှစ်လေးလုံးအရေးအခင်း၊ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရတို့ ဖက်ဒရယ်ဆက်စပ်လှုပ်ရှားမှု၊ စစ်ကောင်စီပြောသည့် ဖက်ဒရယ်နှင့် NUG ပြောသည့်ဖက်ဒရယ်သဘောထား မတူညီမှုများကို မြေပြင်၊ သမိုင်းကြောင်းတို့နှင့် နှိုင်းဆရေးသားထားသည်။
နိဒါန်း
မတူညီသောနယ်မြေ၊ ကွဲပြားသော လူမှုအသိုင်းအဝိုင်းတို့အကြား ပြည်ထောင်စု ခေါင်မိုးအောက်တွင် အတူတကွနေထိုင်ရန်နှင့် ဗဟိုအာဏာရှင်စနစ်ကိုလျော့ချရန် ဖက်ဒရယ်စနစ်ဆိုသည့် စကားလုံးကို လက်ညှိုးထိုး ပြောဆိုတတ်ကြသည်။ ဖက်ဒရယ်စနစ်သည် ကိုယ်ပိုင်အုပ်ချုပ်မှုအောက်တွင် အကျုံးဝင်ပြီး အာဏာခွဲဝေကျင့်သုံးသည့် သဘောထားရှိတတ်သည်။ ယင်းကြောင့် သိမ်မွေ့နက်နဲသည့် နိုင်ငံရေး ယဉ်ကျေးမှုတရပ်အဖြစ် အားလုံးက လက်ခံနေကြခြင်းကိုတွေ့ရသည်။
ထို့အတူ ဖက်ဒရယ်နိုင်ငံရေးသည် မြန်မာနိုင်ငံနှင့် မစိမ်းသည့်စကားလုံးတစ်ခုဖြစ်နေတော့သည်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း နိုင်ငံရေးသမားတိုင်းပါးစပ်ဖျားတွင် ယခင်နှင့် ယနေ့ထိ ရေပမ်းစားနေသည့် စကားရပ်လည်း ဖြစ်နေဆဲပင်။ ယင်းကြောင့် မြန်မာ့နိုင်ငံရေးအရှုပ်အထွေး အချို့အကွေ့နောက်ကြောင်းကို လှန်ပြန်လိုက်ကြည့်သော် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ဖက်ဒရယ်ဆိုသော သဘောသဘာဝလည်း ပါနေသည်။
ဖက်ဒရယ်နှင့် မြန်မာ့နိုင်ငံရေး လာရာလမ်း
နိုင်ငံရေးမတည်ငြိမ်မှုများကစတင်ကာ ဗမာလူမျိုးများနှင့် တခြားဒေသနေ လူမျိုးစုများအကြားတွင် ဖက်ဒရယ် အငွေ့အသက်ကို ထုတ်ဖော်တတ်ကြပြီး ဖက်ဒရယ်ပြည်ထောင်စုကို ဗမာခေါင်းဆောင်များနှင့် တိုင်းရင်းများဘက်ကလိုလားသည့် သဘောထားရှိခဲ့ကြ၊ ရှိနေကြဆဲလည်းတွေ့ရသည်။
ဖက်ဒရယ်အကြောင်းကို စပြောရမည်ဆိုလျှင် “ဖက်ဒရယ်အစ ပင်လုံက”ဟုပင် ဆိုနိုင်သည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ဖက်ဒရယ်အငွေ့အသက် အချက်များဖြင့် အသက်သွင်းခဲ့ခြင်းဖြစ်သည်။
ပင်လုံစာချုပ်သည် ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့က အင်္ဂလိပ်ဆီက သီးခြားစီဖြင့် လွတ်လပ်ရေးမယူဘဲ ဗမာ့နိုင်ငံရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပြည်မဒေသနှင့်ပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွရယူရန်နှင့် တန်းတူရည်တူပူးပေါင်းသော ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ခုကို ထူထောင်ရမည်ဟု ပဋိဉာဏ်ပြုသော စာချုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ပင်လုံစာချုပ်၏ အနှစ်သာရမှာ မတူကွဲပြားသည့် ဒေသအုပ်စုတို့နှင့် ပူးပေါင်းနေထိုင်ကာ ပြည်ထောင်စုသစ်တစ်ခုဖြစ်လာရေးကို ကြိုးစားခဲ့ခြင်းဖြစ်သည်။
ပင်လုံစာချုပ်တွင် တောင်တန်း၊ ပြည်မပူးပေါင်းရေးကို အခြေခံမူအဖြစ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုထားကာ နိုင်ငံတော်သစ်ကို မည်သို့မည်ပုံ ဖွဲ့စည်းထူထောင်ရမည်ဖြစ်ကြောင်း ပါရှိခြင်းဖြစ်သည်။
ချင်း၊ ကချင်၊ ရှမ်းတို့သည် ပင်လုံစာချုပ်လက်မှတ်ရေးထိုးပြီးနောက် မိမိတို့၏အနာဂတ်အရေးကို စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းရင်ဆိုင်ရန် “တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးကောင်စီ” SCOUHP ကို ဖွဲ့စည်းခဲ့ကြသည်။
“တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးကောင်စီ”၏ အရေးကြီးဆုံးအခြေခံမူများမှာ တိုင်းရင်းသားများ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သီးခြားဆန်သည့် ပြည်နယ်များရရှိရေးတို့ဖြစ်သည်။
ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းကလည်း တိုင်းရင်းသားဒေသများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ ရရှိစေရမည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောသမ္မတနိုင်ငံတွင် အပါအဝင်ဖြစ်ကြသည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းတို့၏ လုပ်ပိုင်ခွင့် အာဏာတို့သည် တိုင်းသူပြည်သားများထံမှ ဆင်းသက်စေရမည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ၊ ပြည်နယ်တရားရုံးများကို ထူထောင်ခွင့်၊ ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို လွတ်လပ်စွာ ကျင့်သုံးပြဋ္ဌာန်းပေးသည်ဟု အာမခံပေးခဲ့သည်။
ထို့အတူ အမျိုးသားပြည်နယ်အသီးသီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေများကို သီးခြားလွတ်လပ်စွာ ရေးဆွဲခွင့်၊ ပြဋ္ဌာန်းခွင့် ရရှိစေရမည်။ ပြည်ထောင်စုထဲတွင် စုပေါင်းနေထိုင်လိုပြီး တန်းတူအခွင့်အရေး လွတ်လပ်စွာလုပ်ပိုင်ခွင့် မရှိလျှင် ခွဲထွက်ရွေးချယ်ခွင့်ရှိခြင်းတို့ပါဝင်သည်။
ထို့ကြောင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်တို့ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးများက ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးများ အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းထူထောင်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းလည်းဖြစ်သည်။
သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ၎င်းတို့သဘောတူ ရေးဆွဲခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုနှင့် သွေဖယ်ပျောက်ဆုံးခဲ့ပြီး ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနှင့် ပင်လုံကတိကဝတ်တို့ပါ အာဏာပိုင်များက ဥပေက္ခာပြုလိုက်ကြသည်။
ထို့ကြောင့် ဖက်ဒရယ်ပုံစံအခြေခံမူတို့ဖြင့် ပြည်ထောင်စုသစ်ထူထောင်မည်ဟု ပင်လုံတွင်ကတိရှိခဲ့ကြသော ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လမ်းလွှဲရောက်ရှိသွားကာ ပြည်ထောင်စုစနစ်ကနေ တပြည်ထောင်စနစ်သို့ ရောစပ်ပေါင်းစည်းထားသော အတုအယောင် ပြည်ထောင်စုအဖြစ်ကို ရောက်ရှိသွားသည်။
သမိုင်းထဲက ရှမ်းဖက်ဒရယ်မူ
ထို့အတူ ဖက်ဒရယ်နှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ၏ ဖက်ဒရယ်မူမှာလည်း ထင်ရှားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် တောင်ကြီးမြို့၌ ရှမ်းပြည်လုံးကျွတ်ညီလာခံမှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်းတစ်ခု ထွက်ပေါ်လာသည်။
ထိုညီလာခံ၏ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ပင်လုံညီလာခံတွင်မျှော်မှန်းခဲ့သည့် စစ်မှန်သော ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းပုံဥပဒေတရပ် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းရန်၊ ပြည်ထောင်စုအဖွဲ့ဝင်များ အမျိုးသား ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအပ်နှင်းရန် ခိုင်မာသည့်အချက်များပါဝင်သည်။
ဆိုလိုသည်မှာ တိုင်းရင်းသားဒေသကိုအခြေခံသည့် အမျိုးသားပြည်နယ်များအား ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို အပြည့်အဝအပ်နှင်း၍ ထိုအာဏာများကို ပြည်ထောင်စု ဖွဲ့စည်းပုံဥပဒေနှင့်မဆန့်ကျင်ဘဲ လွတ်လပ်စွာရေးသားပြဋ္ဌာန်းရန်တို့ ပါဝင်သည်။ ယင်းအပြင် တိုင်းရင်းသား လူမျိုးများကို တန်းတူရည်တူပူးပေါင်းပြီး ပြည်ထောင်စုကို အတူတကွထူထောင်ခြင်းဖြစ်ကြောင်းကို သက်သေပြရန် “ဗမာတိုင်းရင်းသားများအတွက် သီခြားအမျိုးသားပြည်နယ် ဖွဲ့စည်းသွားရန် (သို့မဟုတ်) ဗမာပြည်နယ် သတ်မှတ်ပေးရေးတို့ပါဝင်သည်။ ထို့အပြင် ဗမာတိုင်းရင်းသားများက ပြည်ထောင်စုအစိုးရကို လက်ဝါးကြီးအုပ်စိုးမှု မဖြစ်စေရေးအတွက် ပြည်ထောင်စုအာဏာနှင့် ဗမာပြည်နယ်၏ လုပ်ကိုင့်ခွင့်အာဏာများကို ဥပဒေနှင့်အညီ ပိုင်းခြားထားရန်”ဟူသော အချက်တို့ကိုတွေ့ရသည်။
အလားတူ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကာလတွင် တိုင်းရင်းသားများအား ၁၀ နှစ်ပေါင်းကြည့် နေထိုင်ကြပါ။ မကြိုက်လျှင် ခွဲထွက်ပါဟု ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးခဲ့သည်။ ထိုအချက်မှာလည်း ဖက်ဒရယ်စနစ် ဆန်နေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများနှင့် သဟဇာတဖြစ်အောင် လုပ်ပေးနိုင်သူအဖြစ် ယုံကြည်ချက်၊ အရည်အချင်း အပြည့်အဝရှိကြောင်းလည်း တနိုင်ငံလုံးက ပြည်သူတို့က ယုံကြည်ခဲ့ကြသည်။
ဖက်ဒရယ် အသံတိတ်ကာလ
သို့သော်လည်း လွတ်လွပ်ရေးမရမီကာလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးတို့ ချမှတ်ခဲ့သည့် ပြည်ထောင်စုနိုင်ငံသစ်တည်ဆောက်ရေးစီမံကိန်း အစီအစဉ်တို့မှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် သဲထဲရေသွန်ဖြစ်ခဲ့ရသည်။
အကြောင်းအရင်းမှာ ဗမာစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းအစိုးရက ၁၉၆၂ မှာ နိုင်ငံတော်အာဏာ သိမ်းယူမှုကြောင့် ပင်လုံကတိကဝတ်များ လုံးဝပျက်ပြယ်သွားရသည်။ ယင်းမျှမကသေး တိုင်းရင်းသားတို့၏ လက်နက်ကိုင်နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စပြဿနာများသည်လည်း ဆွေးနွေးအကောင်အထည် ဖော်ဆောင်ရန်ပင် လုံးဝမလွယ်ကူခဲ့ပေ။
ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖြင့် အာဏာသိမ်းဖို့ ပထမဆုံးလုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၆၂ မတ်လ ၂ ရက် အာဏာသိမ်းပြီး အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ စသည့်အမည်အမျိုးမျိုးဖြင့် တိုင်းပြည်ကို အာဏာစက်ဖြင့်အုပ်ချုပ်ခဲ့သည်။ ထိုမျှမကသေး ၁၉၈၈ ခုနှစ်အထိ အာဏာသိမ်းမှုအဆက်အဖြစ် သူ့နောက်လိုက် စစ်ခေါင်းဆောင်များကိုလည်း အာဏာသိမ်းအုပ်ချုပ်ဖို့ လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ စစ်အာဏာရှင်များဖြစ်ကြသော ဗိုလ်ချုပ် စောမောင်၊ ဗိုလ်ချုပ် စန်းယု၊ ဗိုလ်ချုပ် မောင်မောင်တို့အပြင် ဗိုလ်ချုပ် ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထိ နည်းပေးလမ်းပြနိုင်ခဲ့ခြင်းကို တွေ့ရသည်။
ယင်းအချိန်ယင်းကာလသည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်သေဆုံးချိန်ဟုပင် ဆိုလောက်ပေသည်။ လုံးဝကို အသံမထွက်ရဲတော့သည့် အမှောင်ခေတ်များကို ခါးသီးစွာဖြတ်သန်းခဲ့ရသည်။ တိုင်းပြည်တခုလုံးတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်အကျပ်အတည်းမျိုးစုံအပါအဝင် ပြည်သူလူထုတရပ်လုံးမှာလည်း အကြောက်တရားဖြင့် ရှင်သန်ခဲ့ရသည်။
၈၈ အရေးအခင်းနှင့် ဖက်ဒရယ်
ယင်းမှတဖန် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်း ပေါ်လာပြန်သည်။ ယင်းရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်တွင်မျှော်မှန်းခဲ့သော ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ခြင်းကို စတင်မည်ဟု အသံထွက်လာခဲ့သည်။ ဤသည်မှာလည်း ဖက်ဒရယ်နှင့်ဆက်နွယ်နေကြောင်း သမိုင်းစာမျက်နှာထက်တွင် တွေ့ရသည်။
ထိုအချိန်က ပြည်သူလူထုတရပ်လုံး ထောက်ခံမှုအပြည့်အဝရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ရှစ်လေးလုံး အရေးတော်ပုံကို “ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲ”ဟု သမုတ်ခဲ့ကာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပင်လုံမျှော်မှန်းချက်ကို အကောင်အထည်ဖော်ပြီး ဖက်ဒရယ်စနစ်ကို ပြည်လည်တည်ဆောက်မည်ဟု ထုတ်ဖော်ပြောဆိုလာပြန်သည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ယခင်က တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ နိုင်ငံရေး တပ်ပေါင်းစုဖြစ်သော “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)”တို့က ၁၉၉၀ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်ကို တွေ့လာရသည်။
ထိုသဘောတူကြေညာချက်တွင် တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု၊ နိုင်ငံရေးတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင်းကို ဖော်ပြထားသည်။
ထို့အတူ ၁၉၉၂ ဇူလိုင် ၃၁ ရက်နေ့တွင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများဘက်ကလည်း အချိန်ကိုက်အနေဖြင့် မာနယ်ပလော သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ မာနယ်ပလော သဘောတူညီချက်စာချုပ်တွင် အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ပါရှိသည်။
ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ် ပေါင်းစုကာ ပြည်ထောင်စုဖြစ်စေရေး၊ ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ကွပ်ကဲမှု အာဏာအောက်တွင် တည်ရှိရေးတို့ဖြစ်သည်။
တဆက်တည်းတွင် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို ဖွဲ့စည်းသည့်အခါ ပထဝီ အနေအထားပေါ်အခြေခံ၍ ဖွဲ့စည်းခြင်းမဖြစ်စေရ၊ လူမျိုးကိုအခြေခံသည့် အမျိုးသားပြည်နယ်များသာ ဖြစ်ရမည်။ လက်ရှိ နိုင်ငံရေးအခြေအနေအရ ရှိရင်းစွဲပြည်နယ် (၇)ခုနှင့် ဗမာပြည်မကို ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းပြီး ပြည်နယ် (၈)ခုကိုအခြေခံသည့် (၈)ပြည်ထောင်စု ဖက်ဒရယ်စနစ်ကိုဖွဲ့စည်းရမည်ဟု ရှစ်ပြည်ထောင်ဖက်ဒရယ်မူကို ထပ်မံဖော်ပြလာသည်။
ထိုအကြောင်းအရာများကို ချိန်ဆကြည့်လျှင် ခေတ်အဆက်ဆက် ဖက်ဒရယ်စကားမှာ ငုတ်တုံပေါ်တုံ အတိုင်းအတာဖြင့် ခရီးဆက်နေခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်နေဝင်း မိတ္တူဆွဲသည့် စစ်အာဏာရှင်အောက်တွင် ဖက်ဒရယ်ဆိုသောစကားမှာ ငြိမ်ဝပ်ပိပြားစွာဖြင့် လုံးဝအညွန့်တုံးစေခဲ့သည်ကို တွေ့ခဲ့ရသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဖက်ဒရယ်
ထို့အတူ အရပ်သားတပိုင်းအစိုးရဟု လူသိများလာသည့် သမ္မတဦးသိန်းစိန်လက်ထက်တွင်လည်း ဖက်ဒရယ်တဖန် ခေတ်စားလာရသည်။ သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး နိုင်ငံရေးဆွေးနွေးဖို့ စတင်ဖိတ်ခေါ်ခဲ့သည်။
ထိုအထဲတွင် ငြိမ်းချမ်းရေးမူဝါဒ ၈ ချက်ပါဝင်သည်ကို တွေ့ရသည်။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး၊ ဒို့တာဝန်အရေးသုံးပါး။ ဖွဲ့စည်းပုံဥပဒေကို လက်ခံရန်နှင့် ပြင်ဆင်လိုလျှင် လွှတ်တော်အတွင်းက ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့များအား ဥပဒေဘောင်အတွင်းသို့ဝင်လာရေး၊ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေး စသည့်အချက်များ ပါဝင်သည်။
အစပိုင်းတွင် အထက်ပါမူများကိုကြေညာခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့တို့၏ သဘောထားနှင့် ဆန့်ကျင်မှုများပါရှိသည့်အတွက် အဆင်မပြေခဲ့ပေ။ ယင်းကြောင့် နောက်ပိုင်းတွင် ထိုအချက်များ အဆင်မပြေဖြစ်လာသည့်အတွက် နှုတ်ပိတ်ခဲ့သည်။ ဆက်လက်ပြီး NCA လက်မှတ် ရေးထိုးနိုင်ရေးနှင့် NCA လမ်းကြောင်းပေါ်မှ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်ရေးကိုသာ အာရုံပြုလာသည်။
တိုင်းရင်းသားတို့ဘက်ကလည်း ငြိမ်းချမ်းရေးအလုပ်ဖြစ်မလားဆိုသည့် သံသယတို့ဖြင့် ရှိနေခဲ့ကြသည်။ ထိုသို့ တစတစ ချဉ်းကပ်ယင်းနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၈)ဖွဲ့တို့ကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂၀)ကျော်ရှိသည့်အနက် (၈)ဖွဲ့နှင့်သာ NCA ထိုးနိုင်ခြင်းဖြစ်ပြီး တခြားအင်အားကြီးလက်နက်ကိုင်အဖွဲ့တို့က မပါဝင်နိုင်သေးကြောင်း၊ NCA သည် ဖက်ဒရယ်အတွက် ကောင်းမွေလား၊ ဆိုးမွေလားဆိုသည်ကို ခွဲခြားသုံးသပ်ရာတွင် အမြင်မတူမှုများဖြင့်ကျန်နေခဲ့ခြင်းကို တွေ့ရသည်။
NCA စာချုပ်၏ အဓိကအနှစ်သာရမှာ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန် အဓိကလမ်းမပေါ်သို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ထို NCA လမ်းကြောင်းအတိုင်း ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပခဲ့ကြသည်။ ထိုညီလာခံကြီးတွင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့မှ လာမည့်အနာဂတ် ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံရေးလမ်းညွှန်အခြေမူ (၈)ချက်ကို တင်သွင်းနိုင်ခဲ့သည်။
ယင်းလမ်းညွှန်မူများမှာ အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သောဖက်ဒရယ်မူ၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် ကျားမဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီ၊ ဘာသာရေးကိုအခြေမခံသောနိုင်ငံ စသည့်အချက်များပါဝင်သည်။
ထိုအကြောင်းအရာများကို ထောက်ရှုကြည့်ခြင်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကို ရုပ်လုံးရုပ်ကြွ မြင်လာခဲ့ရသည်။ တိုင်းရင်းသားများကလည်း အားတက်သရောပါဝင်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက အခြေတည်လာသည့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးရတော့မည် စသည်ဖြင့် ပြည်သူတို့ကလည်း မျှော့်လင့်ခဲ့ကြသည်။
သို့သော်လည်း ကျန်နေသေးသည့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က သံသဖြင့် မပါဝင်လာသေးဘဲ စောင့်ကြည့်ခြင်းဖြင့် ရှိနေခဲ့ခြင်းပင်။ ထို့အတူ ဦးသိန်းစိန် အစိုးရလက်ထက်က AA/TNLA/MNDAA စသည့်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လုံးဝမဖိတ်ခေါ်၊ လူရာမသွင်းပဲ ချန်လှန်ထားခဲ့သည်။ ထိုအချက်ကလည်း လုံးဝအမှားတစ်ခုသဖွယ်ဖြစ်လာတော့သည်။ သို့သော်လည်း ဦးသိန်းစိန် ဦးဆောင်ခဲ့သည့် NCA ဖက်ဒရယ်ပြည်ထောင်စုမှာကား စာရွက်ပေါ်တွင်သာရှိခဲ့ပြီး အကောင်အထည်ဖော်ဆောင်မှုပိုင်းတွင် ထိရောက်မှုမရှိဘဲ မှုန်ဝါးဝါးဖြင့်အချိန်ကုန်လွန်ခဲ့သည်။
NLD အစိုးရလက်ထက်က ဖက်ဒရယ်
ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အနိုင်ရပြီး အရပ်သားအစိုးရ ဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ထားသည့် မူဝါဒကိုလည်း တိုင်းရင်းသားပြည်သူများအပြင် လက်နက်ကိုင်အင်အားစုများက တောင်းဆိုနေကြသည့် မူဝါဒနှင့် အနီးစပ်ဆုံးဖြစ်လာကြောင်းကို အစတွင်မြင်တွေ့ခဲ့ရသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက ထုတ်ပြန်သည့် NLD ပါတီ ကြေညာစာတမ်း၏ နံပါတ် ၁ နေရာတွင် “တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး”ကိစ္စကို ခေါင်းစဉ်တင်ထားသည်ကို တွေ့ရသည်။ ထို့အပြင် အမျိုးသားရင်ကြားစေ့ရေးဆိုသည့် အချက်ကို မကြာခဏထည့်ပြောလေ့ရှိသည်။
ထိုခေါင်းစဉ်အောက်တွင် “ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကိုအခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတဆင့် ပြည်သူ့ဘဝ လုံခြုံစေရမည်”ဟု အတိအလင်းပြောဆိုလာသည်။
ထို့အပြင် “လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြံမ္မာကို ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်”ဟု NLD က ကတိပြုထားသည်။
NLD အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရန် စတင်ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်ချမ်းရေးဗဟိုဌာန(NRPC) အဖြစ် ၂၀၁၆ ဇူလိုင် ၂၅ ရက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ”ကိုလည်း “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေး”ဟူ၍ ပြောင်းလဲခေါ်ဝေါကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၆ သြဂုတ်လတွင် ပထမအကြိမ်၊ ၂၀၁၇ မေလတွင် ဒုတိယအကြိမ်နှင့် ၂၀၁၈ သြဂုတ်လတွင် တတိယအကြိမ် ကျင်းပခဲ့သည်။ ယင်းနောက် ဦးသိန်းစိန်အစိုးရ လက်ထက်က NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားအဖွဲ့(၈)ဖွဲ့နှင့်အတူ NLD အစိုးရလက်ထက် ၂၀၁၈ ဖေဖော်ဝါရီ ၁၃ တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့နှင့် NCA လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
၂၀၁၇ မေလတွင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်မူ အချက်(၃၇)ချက်ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် တပ်မတော်ဘက်က တင်သွင်းခဲ့သည့် “ခွဲမထွက်ရ”နှင့် “တစ်ခုတည်းသော တပ်မတော်”ဟူသည့် အကြောင်းအရာများကြောင့် ရသင့်သည့် အရေးကြီးသော သဘောတူညီချက်များ မရရှိခဲ့ပေ။
ဆက်လက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ဩဂုတ်တွင် ကျင်းပခဲ့ရာ အချက် ၁၄ ချက်ထပ်မံရရှိခဲ့၍ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုအချိန်နောက်ပိုင်း ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုံခြုံရေးကဏ္ဍများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ရသည်။
ယင်းနောက်ပိုင်း ၂၀၂၀ သြဂုတ်လတွင် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကိုဗစ်ကာလ အကျပ်အတည်းကြားက ကျင်းပခဲ့သည်။ အစည်းအဝေးနောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် သဘောတူညီချက် အချက် ၂၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်အလိုက် အကောင်အထည်ဖော်မှုများကို သဘောတူညီမှုရရှိခဲ့သည်။
သို့ရာတွင် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံအကျဆုံးအချက်အဖြစ် တိုင်းရင်းသားများက ရှုမြင်ထားသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်အချက်ကို အသုံးအနှုန်း သဘောတူညီချက်မရရှိ၍ မချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ထောက်ပြစရာဖြစ်ခဲ့သည်။
ထိုအချက်များကိုထောက်ကြည့်လျှင် NLD အစိုးရလက်ထက်တွင်လည်း ဖက်ဒရယ်စနစ်မှာ အကောင်အထည်ဖော်ရင်းနှင့် ရှေ့ဆက်မရောက်ခဲ့ပေ။ တိကျခိုင်မာသည့်လမ်းစဉ်၊ မူဘောင်များ တစ်ခုမှ အဖြေမထွက်ဘဲ ယင်းလောက်မျှနှင့်သာ ထပ်မံ၍ပြီးဆုံးခဲ့ရသည်။
အခြားတစ်ဘက်တွင်လည်း မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NCA မဟုတ်သော နိုင်ငံရေးဆွေးနွေးရေး လမ်းကြောင်းဖြင့် တင်ပြမှုများရှိလာခဲ့သည်။ ထို့ကြောင့် NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရာတွင် အခက်အခဲစိန်ခေါ်မှုများ ကြီးမားစွာကြုံတွေ့ခဲ့ရသည်။
ပို၍ထင်သာမြင်သာရှိခဲ့သည်မှာ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA-EAO နှင့်ဖြစ်စေ၊ NCA မထိုးရသေးသည့် EAOs များဖြင့်ဖြစ်စေ တိုက်ပွဲများဖြစ်လာခြင်းကို တွေ့ရသည်။ ထို့ကြောင့် အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်ခဲ့သော NLD အစိုးရ၏ ငြိမ်းချမ်းရေးလမ်းမှာ ပိုပြီးဝေဝါးသွားခဲ့ရသည်။ အမျိုးသားရင်ကြားစေ့ရေးကို ကင်းကွာစေသည့်အချက်များမှာ မွန်ပြည်နယ်၊ ချောင်းဆုံတံတားကိစ္စ၊ ကရင်နီ ဗိုလ်ချုပ်ကြေးရုပ်ထု၊ ရခိုင်ဝန်ကြီးချုပ်ခန့်အပ်မှုကိစ္စတို့က ထင်သာမြင်သာ ရှိလှသည်။
ထို့ကြောင့် မပြီးသေးတဲ့အိမ်စာဖြစ်လာနေသော မြန်မာ့နိုင်ငံရေး ဖက်ဒရယ်သည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာလည်း စကားလုံးအဆင့်သာရှိခဲ့ပြီး အကောင်အထည်ဖော်မှုလမ်းစဉ် မှုန်ဝါးဝါးဖြင့် မသေချာမရေရာမှုများနှင့် ခရီးဆက်လာသည်။ ယင်းနောက်တစ်ခါ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုတွင် တနိုင်ငံလုံး စစ်တလင်းပြင်အနေအထားသို့ ရောက်ရှိသွားသည်။
ဂေါင် - ရေးသားသည်။
(အပိုင်း-၂ ဆက်ရန်ရှိသေးသည်)