ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရန် ကြိုးပမ်းမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြေညာ

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ပြည်ထောင်စုအတွင်း မွန်ပြည်တရပ်ပေါ်ထွန်းရေး မွန်ခေါင်းဆောင်များ တော်လှန်ခဲ့ကြသည်မှာ ၇၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

By Admin 19 Aug 2024

၂၀၂၄ ခုနှစ်၊ မတ်လအတွင်းက ပြုလုပ်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ်၏ အခြေခံစစ်သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - မွန်ပြည်တော်လှန်ရေးတပ် (MSRF)
၂၀၂၄ ခုနှစ်၊ မတ်လအတွင်းက ပြုလုပ်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ်၏ အခြေခံစစ်သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - မွန်ပြည်တော်လှန်ရေးတပ် (MSRF)

DMG ၊ ဩဂုတ် ၁၉ 

မွန်လူမျိုးတို့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် အစဉ်အမြဲ ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တခု ထွက်ပေါ်နိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ကြေညာသည်။ 

ယနေ့ ဩဂုတ်လ ၁၉ ရက်တွင် ကျရောက်သည့် ၇၇ နှစ်မြောက် “မွန်တော်လှန်ရေးနေ့” နှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ပြည်ထောင်စုအတွင်း မွန်ပြည်တရပ်ပေါ်ထွန်းရေး မွန်ခေါင်းဆောင်များ တော်လှန်ခဲ့ကြသည်မှာ ၇၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

၇၇ နှစ်တာအတွင်း တော်လှန်ရေးအသီးအပွင့်အချို့ ရရှိခဲ့ဆိုသော်လည်း မွန်ပြည်သူများ လိုအပ်သည့် နိုင်ငံရေးပန်းတိုင် အမျိုးသားရေးပန်းတိုင်ကို မရောက်ရှိသေးကြောင်း ထုတ်ပြန်ထားသည်။ 

“တော်လှန်ရေးအစုအဖွဲ့တွေ၊ စိတ်တူပန်းတိုင်တူညီတဲ့ အဖွဲ့တွေနဲ့အတူ စုစည်းညီညွတ်စွာနဲ့ လက်ရှိ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို တိုက်ဖျက်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုသည်။

မွန်ပြည်သူတရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့်ဆက်စပ်နေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် အခြားသော နွေဦးတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားအင်အားစုများနှင့်အတူ စစ်အာဏာရှင်အား ဆန့်ကျင်တွန်းလှန်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ 

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာလျှင် မွန်တို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ကြောင်း မွန်တော်လှန်ရေးတပ် (၃)ဖွဲ့က ဆိုသည်။

မွန်တော်လှန်ရေးနေ့နှင့်ပတ်သက်၍ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေး တပ် (MSDF)နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် - 

“လက်ရှိမင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်ဟာ မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တယ်။ ဒါကြောင့် မွန် တစ်မျိုးသားလုံးရဲ့ ဘုံရန်သူကို တစ်မျိုးသားလုံးအင်အားစုအသွင်နဲ့ စုစည်းတော်လှန်ဖို့ လိုအပ်သလို ဘုံရန်သူ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး စုစည်းတိုက်ပွဲဝင်ဖို့ လိုအပ်တယ်” ဟု ပြောထားသည်။ 

ယနေ့တိုင်းပြည်၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်သည် အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲများအတွက် အကောင်းမွန်ဆုံး အချိန်အခါဖြစ်ပြီး စစ်ကောင်စီ၏ စစ်တပ်သည် လွန်စွာ ယိမ်းယိုင်နေပြီ ဖြစ်သည်ဟု ဆိုထားသည်။ 

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုများစု သိမ်းပိုက်ထားသည့် မြို့ပေါင်း ၈၀ နီးပါးအထိရှိလာသည်။