- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရခိုင်ဒီရေတောများ ထိန်းသိမ်းရေး
ဒီရေတောများသည် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရုံသာမက ထင်းလောင် စာအတွက်ပါ အရင်းအမြစ်များ ရှိနေသည်။ ထိုကြောင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းတွင် ဒေသခံများ အဓိက ပူးပေါင်းပါဝင်လာကာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခြင်းက ပို၍ အကျိုးသက်ရောက်မှုရှိသော လုပ်ငန်းလည်းဖြစ်သည်။
24 Jun 2019
ကျွန်းသားငမန်း | DMG
ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဒီရေရောက်တောများကို နေရာအနှံ့ တွေ့နိုင်သည်။ ဒီရေရောက် တောများကို သာမန်အားဖြင့်ကြည့်လျှင် ပင်လယ်ကမ်းစပ်နှင့် မြစ်ချောင်းကမ်းပါးများ၌ အလေ့ကျ ပေါက်ရောက်နေသည့် တန်ဖိုးမဲ့သစ်ပင်များဟုသာ ထင် ရသော်လည်း အမှန်လက်တွေ့တွင်မူ လူနှင့်သတ္တဝါများ၏ အကျိုးစီးပွားကို ဘက်စုံထောင့်စုံမှ ထိရောက်စွာ အကျိုးပြုနေကြသော သဘာဝ၏ လက်ဆောင်မွန်များပင် ဖြစ်ကြသည်။
ထူးခြားသည့်အပင်
ပင်လယ်ကမ်းစပ်နှင့် ပင်လယ်နှင့်နီးသည့် မြစ်ချောင်းများရှိ နုန်းမြေများထဲတွင် ဒီရေရောက်အပင်များသည် မြဲမြံစွာ ထိုးစိုက်တည်ရှိနေရုံမက ဒီရေတက်လာသည့်အခါတွင်လည်း လေကို စုပ်ယူနိုင်ရန် ရွှံ့နွံမျက်နှာပြင်ပေါ်သို့ သိသာစွာ ထိုးထိုးထောင်ထောင် ထွက်ပေါ်နေသော အမြစ်များရှိနေခြင်းက ဒီ ရေတောအပင်များ၏ ထူးခြားနေသော အချက်များဖြစ်ကြသည်။ ဒီရေရောက် တောများသည် မြစ်ကမ်းပါးများတွင် ပေါက်ရောက်နေခြင်းကြောင့် ဒီရေများ၏ ဖြတ်သန်းစီးဆင်းမှုကို အစဉ်အမြဲ ခံနေရသလို၊ ဒီရေတက်ချိန်တွင်လည်း ဒီရေ၏ဖုံးလွှမ်းမှုကို အစဉ်အမြဲ ခံနေကြရသည်။ ပင်လယ်မြစ်ကမ်းပါး ရွှံ့နွံတောများ၌ ရှင်သန်ပေါက်ရောက်နေသော ဒီရေတောများသည် ရေချိုနှင့်ရေငန် နှစ်မျိုးစလုံး၏ ဖုံးလွှမ်းမှုဒဏ်ကို ခံနိုင်သော အပင်များလည်း ဖြစ်ကြသည်။ ဒီရေရောက်တောများ၌ ပေါက်ရောက်နေသော အပင်များ၏ထူးခြားသော အမြစ်ဖွဲ့စည်းပုံသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် ရေဒဏ်၊ မိုးဒဏ်၊ လေဒဏ်ကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် လွယ်လင့်တကူ ပျက်စီးပြုန်းတီးခြင်း မဖြစ်အောင် ကာကွယ်ပေးထားလျက် ရှိနေသည်။
ဒီရေတောများ၏ ထူးခြားသည့် အမြစ်ဖဲ့ွစည်းမှုနှင့် အုပ်စုဖွဲ့ပေါက်ရောက် မှုများကြောင့် ရေလှိုင်း၏ ပုတ်ခတ်မှုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည်။ ထိုကြောင့် မြေတိုက်စားမှုနှင့် ကမ်းပြို ခြင်းကို ကာကွယ်ပေးထားလျက်ရှိသည်။ ဒီရေတက်ချိန်နှင့် ရေပြန်ကျချိန်များ၌ မြစ်ချောင်း၊ ပင်လယ်ကမ်းနဖူးကို ဒီရေ၏ တိုက်စားဖျက်ဆီးခြင်းမှ ကောင်းစွာ ကာကွယ်ပေးနိုင်သလို၊ မုန်တိုင်းနှင့် လေပြင်းများ တိုက်ခတ်မှုဒဏ်မှလည်း ဒီရေလှိုင်းများ ကမ်းခြေသို့ဝင်ရောက် လာသည့်အချိန်တွင် လှိုင်း၏အရှိန်ကို များစွာ လျော့ကျစေခြင်းဖြင့် လူနှင့် သတ္တဝါများ၏ အသက်အိုးအိမ်ကို များစွာ အကာအကွယ် ပေးထားနိုင်သည်။ ထိုမျှသာမက ဒီရေတောများသည် ရေချို၊ ရေငန်ငါးများနှင့် ကဏန်းပုစွန်များ မှီခိုကျက်စားရာ၊ ဥချရာ၊ သားပေါက်ရာ၊ မျိုးပွားရာ အသိုက်အမြုံကြီးတစ်ခုလည်းဖြစ်သည်။ ဒီရေရောက်တောများတွင် မိကျောင်း၊ ဆင်၊ ဝက်ဝံ၊ ရှဉ့်၊ ဖျံ စသည့်သတ္တဝါများ ခိုနားကျက်စားရာ နေရာတစ်ခုဖြစ်သကဲ့သို့၊ ကျီး၊ ငှက်၊ တင်ကြီး၊ ဗျိုင်းစသည့် သတ္တဝါများလည်း နားခိုကျက်စားလျက်ရှိတတ်သည်။ ဒီရေရောက်တောများတွင် ဆေးဖက်ဝင်အ ပင်များလည်း ပေါက်ရောက်လျက် ရှိတတ်သေးသည်။
ကမ္ဘာ့အပူပိုင်းဒေသတွင် ပေါက်ရောက်နေသော ဒီရေရောက်တောများသည် အခြားဒေသများရှိ သစ်တောများထက် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ကို ပိုမိုစုပ်ယူ သိုလှောင်ထားနိုင်ကြောင်းဖြင့်လည်း သိရသည်။ ကမ္ဘာ့ အပူပိုင်းဒေသရှိ သစ်တောဧရိယာ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းသည် ဒီရေရောက် တောများဖြစ်ကြပြီး အပူပိုင်းမုတ်သုန် သစ်တောများထက် ဖန်လုံအာနိသင် ဓာတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက်ကို နှစ်ဆမှလေးဆခန့်အထိ ပိုမို စုပ်ယူသိုလှောင်ပေးနိုင်ခြင်းဖြင့် ကမ္ဘာကြီး၏ ပူနွေးလာမှုကို လျော့ကျသွားအောင် စွမ်းဆောင်ပေးလျက်ရှိသည်။ ထို့အတူ ဒီရေတောများသည် သက်ရှိသတ္တဝါများအား အန္တရာယ်ဖြစ်စေတတ်သော အာဆင်းနစ်စသည့် အဆိပ်အတောက်များကို စုပ်ယူပေးထား နိုင်စွမ်းရှိကြောင်းဖြင့်လည်း ဆိုသည်။
ရခိုင်ဒီရေရောက်တောများ
သစ်တောဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ သုံးခုရှိသည့်အနက် ဒီရေတော ဖုံးလွှမ်းမှုမှာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခု နှစ်အထိ တနင်္သာရီတိုင်းဒေသကြီးတွင် အမြင့်ဆုံး ၉၈ ရခိုင်နှုန်း၊ ဧရာဝတီ ကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၉ ရာခိုင်နှုန်းရှိကာ၊ ရခိုင်ကမ်းမြောင် ကမ်းရိုးတန်းဒေသတွင် ၇၆ ရာခိုင်နှုန်း ရှိကြောင်းဖြင့်သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသည် ယခင်က မြန်မာနိုင်ငံ၏ ဒီရေတော အများဆုံးပေါက်ရာက်ရာ ဒေသတစ်ခု ဖြစ်ခဲ့ပြီး ဒီရေရောက်တောဧက ရှစ်သန်းခန့် ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ကျရောက်ပြီးနောက်ပိုင်းတွင် ဒီရေရောက်တောဧက ၅ သိန်းခန့်သာ ကျန်ရှိတော့ကြောင်းဖြင့် လည်းသိရသည်။ ဒီရေရောက်တော များကို သစ်တောဦးစီးဌာနမှ ကြိုးပြင်၊ ကြိုးဝိုင်းတောများ သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ရှိ ဧရိ ယာစတုရန်းကီလိုမီတာ ၂၅၀၀ ကျော် ကျယ်ဝန်းသော ဝန်ဖိုက်ကြိုးဝိုင်း တစ်ခုတည်းသာ ရှိသေးကြောင်းဖြင့် သိရသည်။ ဝန်ဖိုက်ကြိုးဝိုင်းတွင် ရှားပါးဒီရေတော မျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိးကွဲသတ္တဝါများ အများအပြား ကျက်စားနေထိုင်သည့် ဒီရေရောက် သစ်တောကြိုးဝိုင်း တစ်ခုဖြစ်သည်။
ရခိုင်ဒီရေရောက်တောများမှာ ပျက်စီးမှုများ ရှိနေကြောင်းဖြင့် သိရသည်။ ရခိုင်ဒီရေရောက် နေရာအတော် များများတွင် ငါးပုစွန်ကန်များ တူးဖော် တည်ဆောက်ခြင်း၊ ဆားကွင်းများ ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်ခြင်း၊ သစ်ထုတ်လုပ်မှု အလွန်အကျွံ လုပ်ကိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ဝန်ဖိုက် ကြိုးဝိုင်းဆိုလျှင် ထင်းလောင်စာအတွက် တရားမဝင်ခုတ်ယူမှု အများဆုံး နေရာတစ်ခုဖြစ်ကြောင်းလည်း သိရ သည်။ ဝန်ဖိုက် ဒီရေရောက်တောမှာ တောကောင်းနေသေးသော်လည်း ခြိမ်းခြောက်မှုအန္တရာယ် များပြားစွာရှိနေသော နေရာတစ်ခုဖြစ်ကြောင်းဖြင့် သိရသည်။ ရခိုင်ပြည်နယ်တွင် ဒီရေရောက်တော ဧကလေးသိန်းကျော် ရှိနေသေးသော်လည်း အများစုမှာ ခုတ်ကျန်တော များဖြစ်ကြောင်းဖြင့်ဆိုသည်။
ဒီရေရောက်တောများထိန်းသိမ်းရေး
ဒီရေရောက်တောများ ထိန်း သိမ်းရေးသည် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လျက် ရှိနေသည်။ ရခိုင်ပြည်နယ်တွင် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်သဟာယအဖွဲ့၊ ရေလုပ်ငန်း မိတ်ဖက်အဖွဲ့များနှင့် ရခိုင်ကမ်းရိုးတန်းဒေသ သယံဇာတ ထိန်းသိမ်းရေးအဖွဲ့ (Rakhine Costal Regiom Association ACR) အဖွဲ့တို့က ဆောင်ရွက်လျက် ရှိနေကြသည်။ ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းမှာ ငါးလုပ်ငန်းဦးဌာနနှင့် ဆက်စပ်လျက် ရှိသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်းဖြင့်လည်း သိရသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လာခဲ့ကြသည်။ ACR အဖွဲ့သည် ၂၀၁၁ ခုနှစ်မှစတင်ကာ ဒီရေတောအ စုအဖွဲ့တစ်ခုဖြစ်သည့် Mangrove Network အဖွဲ့နှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံရှိ ထိပ်တန်းပညာရှင်များ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ဒီရေတောနှင့် ဆက်စပ်သည့် ကျေးရွာပေါင်း ၆၂ ရွာတွင် အစုအဖွဲ့ပိုင် ကျေးရွာဒီရေတော စိုက်ခင်းများ ထူထောင်ပေးနိုင်ခဲ့ကာ ဒီရေတောဧက ၇၀၀၀၊ ၈၀၀၀ ခန့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းကျေးရွာ ၆၂ ရွာအနက် ၄၂ ရွာ သို့ အလှည့်ကျ ရန်ပုံငွေများ ပေးအပ်နိုင်ခဲ့ကြောင်းဖြင့်လည်း သိရသည်။
ဒီရေတောများသည် ငါး၊ပုစွန်၊ ကဏန်းများ ပေါက်ဖွားသည့်နေရာများ ဖြစ်သည့်အပြင် ယင်းတို့၏ကြီးပြင်း ကျက်စားရာ နေရာများ ဖြစ်သည့်အလျောက် ဒီရေတောများကို ထူထောင်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ဒေသခံများ၏ စားဝတ်နေရေး ပြေလည်နိုင်စေသည့်အပြင် ရေသယံဇာတများကို ရေရှည်ထုတ်ယူနိုင်မည်ဖြစ်သည်။
လက်ရှိအနေအထားတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေးကန်များ ဆည်ဖို့လုပ်ကိုင်ခြင်းများကြောင့် ရေနေသတ္တဝါများ မှီခိုကျက်စား ပေါက်ဖွားရာ ငါးနေ၊ငါးထိုင် နေရာများ ပျက်စီးဆုံးရှုံးမှုများကြောင့် ငါး၊ပုစွန်ကန်များအတွင်း သားပေါက်ဝင်ရောက်မှု နည်းပါးလာပြီး ပုစွန်မွေးကန်များမှ ပုစွန်များ အထွက်နည်းပါးလာသည်ကို တွေ့နေရပြီဖြစ်သည်။
အစုအဖွဲ့ပိုင် ဒီရေရောက်တော
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွင် ဒီရေတောထိန်းသိမ်းမှု၊ စိုက်ပျိုးမှုများ အားကောင်းနေပြီဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ ဒီရေတောများရှိနေသော်လည်း ဒီရေတော ကြိုးဝိုင်း၊ကြိုးပြင်တောများ သတ်မှတ်ခြင်း အစုအဖွဲ့ပိုင် ဒီရေတောသစ်တောများ ထူထောင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ သစ်တောဦးစီးဌာန တာဝန်ရှိသူများက ဒေသခံများအနေဖြင့် ကြိုးဝိုင်း၊ကြိုးပြင်တောများ ဖွဲ့စည်းခြင်းအပေါ် နားလည်မှု လွဲမှားနေကြကြောင်းဖြင့်ဆိုသည်။ ကြိုးဝိုင်း၊ ကြိုးပြင်တောများ ဖွဲ့စည်းလိုက်ခြင်းဖြင့် သစ်တော ကြိုးဝိုင်းများသည် အစိုးရပိုင်ဆိုင်သည့် နယ်မြေများဖြစ်သွားကာ ၎င်းတို့၏ စားဝတ်နေရေးကို ထိခိုက်နိုင်သည်ဟု ဒေသခံများက လွဲမှားစွာ ယုံကြည်နေကြကြောင်းဖြင့်လည်း ဆိုသည်။ (CF)(Community Forest)ဆိုသည်မှာ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောဖြစ်ပြီး အဆိုပါ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများကို ဒေသခံများ လျှောက်ထားခွင့်ရှိသည်။ လျှောက်ထား၍ ခွင့်ပြုချက်ရရှိပါက အဆိုပါ သစ်တောကြိုးဝိုင်းကို ဒေသခံများက ထိန်းသိမ်းခွင့်ရပြီး စိုက်ခင်းများ၊ သစ်တောထွက်ပစ္စည်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြမည်ဖြစ်သည်။ အစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခွင့်ရရှိပါက အပြင်မှလူများလည်း လာခွင့်မရတော့သည့်ပြင် လုပ်ပိုင်ခွင့် ရသူများကိုယ်တိုင် ပိုင်ဆိုင်မည်ဖြစ်ရာ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်းဖြင့်လည်း သိရသည်။
ရခိုင်ပြည်နယ်သည် ဒီရေတော မြောက်များစွာ တည်ရှိနေသလို၊ ဒီရေတောများတွင် ပေါက်ရောက်နေသည့် ကပိုင်၊သီလာစသည့် သစ်များကို အိမ်သုံးမျှောတိုင်များ အဖြစ်လည်းကောင်း၊ ထင်းအဖြစ်လည်းကောင်း ခုတ်ယူအသုံးချနေကြသေးသည်။ ကျောက်ဖြူခရိုင်ရှိ ဝန်ဖိုက်ဒီရေတောမှ ဒီရေတောထင်းများသည် ဒုတိယကမ္ဘာစစ် မတိုင်မီကနှင့် စစ်ပြီးခေတ် လွတ်လပ်ရေးရပြီး ကာလတစ်ခုအထိ မီးသင်္ဘောများတွင် မီးထိုးထင်းများအဖြစ် အသုံးပြုခဲ့သည်ကို လည်းမှတ်သားခဲ့ရသည်။
ပထမအကြိမ် ရခိုင်ပြည်နယ် လွှွတ်တော်သည် ပုဂ္ဂလိကပိုင်အစုအဖွဲ့ သစ်တောစိုက်ခင်းများ (ကျေးရွာ ထင်းစိုက်ခင်းများ) ထူထောင်ရေး ဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ သို့ရာတွင် ဒီရေတောစိုက်ခင်းများ ထူထောင်ရေး၊ ထိန်းသိမ်းရေးနှင့်ဆိုင်သော အချက်များ ပါဝင်ခြင်းမရှိခဲ့။ ပြင်ဆင်ရေး ဖြည့်စွက်ရေးဆွဲရန် လိုအပ်ပေလိမ့်မည်။
ဒိန်းမတ်အကူအညီနှင့် ဒီရေတောထိန်းသိမ်းရေး
ဒီရေတော ပျက်စီးမှုအများဆုံး ဖြစ်နေသေးသည့် ရခိုင်ပြည်နယ်မြောက် ပိုင်းမြောက်ဦးခရိုင်ရှိ မြေပုံမြို့နယ်နှင့် ကျောက်ဖြူခရိုင်ရှိ ရမ်းဗြဲမြို့နယ်များတွင် ဒီရေတော ပြန်လည်ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဒိန်းမတ်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဤစီမံကိန်း၏ အဓိကရည် ရွယ်ချက်မှာ ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ ရပ်တည်နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စီမံကိန်းကို ၂၀၁၈ ခု ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းကာလမှာ ၂၀၁၈ ခု နှစ်မှ ၂၀၂၃ ခုနှစ်ထိ ငါးနှစ် ကြာမြင့်မည်ဖြစ်သည်။ ဒီရေတောများစိုက်ပျိုး၊ ထိန်းသိမ်းရာတွင် ဒီရေတောသစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများ သတ်မှတ်ရန် လိုအပ်နေသေးကြောင်းဖြင့်လည်း သိရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ဒီရေတောများနှင့် နီးစပ်ရာဒေသများ၌ အစုအဖွဲ့ပိုင် ဒီရေတောစိုက်ခင်းများ ထူထောင် လုပ်ကိုင်နေကြပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ အစုအဖွဲ့ပိုင် ဒီရေတော စိုက်ခင်းများ ထူထောင်နိုင်ခြင်း မရှိသေးကြောင်းဖြင့်လည်း သိရသည်။ စီမံကိန်းတွင် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ထူထောင်ခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စိုက်ပျိုးခြင်း အပါအဝင် အဆိုပါ ဆောင်ရွက်ချက်များတွင် ကိုယ်တိုင်ပါဝင် လုပ်ဆောင် မည့် ဒေသခံများကို စွမ်းဆောင်ရည် မြှင့်တင်ခြင်း စသည့်လုပ်ငန်းများလည်း ပါဝင်ကြောင်းဖြင့်သိရသည်။
ဒီရေတောများသည် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရုံသာမက ထင်းလောင် စာအတွက်ပါ အရင်းအမြစ်များ ရှိနေသည်။ ထိုကြောင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းတွင် ဒေသခံများ အဓိက ပူးပေါင်းပါဝင်လာကာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခြင်းက ပို၍ အကျိုးသက်ရောက်မှုရှိသော လုပ်ငန်းလည်းဖြစ်သည်။ ကမ်းရိုးတန်းဒေသရှိ ဒီရေတောများ ထိန်းသိမ်းရေး စီမံကိန်းသည် ကမ်းရိုးတန်းဒေသရှိ ဒီရေတောများကိုသာမက မြန်မာနိုင်ငံတွင်း သစ်တောများ ပြန်လည်ထူထောင်ရေးလုပ်ငန်း စီမံကိန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုမည်လည်းဖြစ်သည်။
ဒီရေတောများသည် လူနှင့် သတ္တဝါတို့၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်သာမက၊ ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း ထိရောက်စွာ ဟန့်တားနိုင်စွမ်းရှိသည်။ ရေထွက်သယံဇာတနှင့် သစ်တောထွက် သယံဇာတများကိုလည်း ထုတ်လုပ်ပေးလျက်ရှိသည်။ လူနှင့်သတ္တဝါများကို အန္တရာယ်ပေးနိုင်သော အန္တရာယ်ရှိ အဆိပ်အတောက်များကို စုပ်ယူစစ်ထုတ်ပေးနိုင်သည်။
သို့ဖြစ်ရာ ဒီရေတောများပြုန်း တီးသွားခြင်းမရှိဘဲ ထာဝရရှင်သန်ဖံ့ွဖြိုးနေအောင် ထိန်းသိမ်းစောင့်ရှောက်သွား ကြရန်လိုသည်။ ထို့အတူ ဒီရေရောက်တောများအား တိုးချဲ့စိုက်ပျိုးရေးကိုလည်း အားပေးကူညီသွားကြရန် လိုမည်ဖြစ်သည်။ ဤသို့ ဆောင်ရွက်ရာ၌ အစိုးရ(ဌာနဆိုင်ရာ)နှင့် ပြည်သူများ ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပေလိမ့်မည်။
(ယခု ဆောင်းပါးသည်၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် ၁၁၀ တွင်လည်း ဖော်ပြပါရှိပြီးဖြစ်ပါသည်။)