အာရက္ခတို့ ဖိုးဖီးမြေကို အတူတူကာကွယ်မယ် . . .

By Admin 10 Oct 2024

AA သိမ်းပိုက်ဒေသ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားတွင် လွှင့်ထူထားသော အာရက္ခတပ်တော်အလံအား အလေးပြုနေသည့် ကလေးငယ်တစ်ဦး။
AA သိမ်းပိုက်ဒေသ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားတွင် လွှင့်ထူထားသော အာရက္ခတပ်တော်အလံအား အလေးပြုနေသည့် ကလေးငယ်တစ်ဦး။

“ဒီဆောင်းပါးကို အာရက္ခနိုင်ငံတော်သီချင်းနဲ့ ဖွင့်လှစ်ပါတယ်”

ဒီနှစ်ဆန်းပိုင်းကစပြီး ရက္ခိုင်ပြည်ဟာ အိပ်မက်လား၊ တကယ်လား  ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ချေပြီ။ နှစ်ပေါင်း ၂၄၀ ကျော် မက်လာခဲ့ကြတဲ့ ရက္ခိုင်တို့ရဲ့ အချုပ်အခြာအိပ်မက်ဟာ ပစ္စက္ခမှာတော့ ရုပ်လုံးရုပ်ကြွစုံတဲ့ အကြမ်းထည်နဲ့ပေါ့လေ။ 

စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ ဂွမြို့ပေါ် ခြေမတစ်ကုတ်စာကလွဲရင် ကျန်ဒေသတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေး မရှိတော့ပါ။ ဌာနဆိုင်ရာရုံးတွေမှာ နီရဲရဲရောင်ခြည်နဲ့ အာရက္ခနိုင်ငံတော်အောင်လံ၊ တပ်ရင်းဌာနချုပ်တွေမှာ အပြာအနီရောယှက်ထားတဲ့ အာရက္ခတပ်တော် အောင်လံတို့က လေအဝှေ့မှာ ပျော်မွေ့နေပြီ။ 

AA ဟာ ၂၀၁၈- ၁၉ ကာလကို “မုန်တိုင်းထဲ ဖြတ်သန်းကြ” လို့  ပြည်သူကိုအသိပေးပြီး ၂၀၂၀ မှာ Arakan Dream (ရက္ခိတအိပ်မက်)၊ The Way of Rakhita (ရက္ခိတလမ်းစဉ်)ကို ရွေ့ပြီး အလုပ်နဲ့သက်သေပြတယ်။ AA ဟာ ရက္ခိုင်တပ်မတော်၊ ရက္ခိုင့်တပ်တော် နာမည်ကနေ ဒီနှစ်ဧပြီမှာတော့ ဒေသတစ်ခုလုံး လွမ်းခြုံတဲ့ အာရက္ခတပ်တော်လို့ နာမတံဆိပ် ရိုက်နှိပ်ပါတယ်။

တစ်ဖက်မှာလည်း အာရက္ခပြည်သစ် တည်ဆောက်နေတဲ့ AA ဟာ လာမယ့်ကာလမှာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စတဲ့ ကြမ်းတမ်းလှတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရအုံးမှာပါ။ ဆိုတော့ ULA /AA အနေနဲ့ ရင်ဆိုင်ရယ့် စိန်ခေါ်ချက်တွေထဲက ကာကွယ်ရေးပိုင်းကို အဓိက မီးမောင်းထိုးပြပါရစေ။ 

ဒီဖက်တို (De-Facto State) စနစ် ပုံစံသွားရမယ့် အာရက္ခပြည်အုပ်ချုပ်ရေးဟာ ပထဝီအနေအထားအရ ကာကွယ်ရေးအင်အား လိုအပ်လာမှာ သေချာပါတယ်။ ခံစစ်ကနေ ခွာစစ်အထိ နောက်ဆုတ်ပေးလိုက်ရတဲ့ စစ်ကောင်စီဟာ မြေပြင်၊ ဝေဟင်နဲ့ ရေပြင်ကို အားဖြည့်ပြီး ထိုးစစ် သို့မဟုတ် တစ်ခြားစစ်ဗျူဟာတွေနဲ့ တစ်ချိန်ချိန် ပြန်လာနိုင်တာကို လျှော့တွက်လို့ မရသေးပါ။ 

ဒီနေ့မှာ စစ်ကောင်စီဟာ စစ်မှုထမ်း ဥပဒေနဲ့ အင်အားဖြည့်တင်းနေတာကို သတိချပ်စေချင်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးကဏ္ဍမှာ လူသားအရင်းအမြစ်နဲ့ ခေတ်မီလက်နက်တွေလည်း မဖြစ်မနေ အရေးပါမှာပါ။

အာရက္ခပြည်ဟာ ရိုးမတောင်တန်းကြီး တနံတလျား၊ ချင်းတောင်တန်းနဲ့ ပင်လယ်ပြင် ကြားမှာ ရှိတာပါ။ အရှေ့ဖက်မှာ  ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းနဲ့ မြောက်ဖက်မှာ ချင်းပြည်နဲ့ အိန္ဒိယနိုင်ငံ၊ အနောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့ နယ်နိမိတ် ထိစပ်ပါတယ်။ ဒီတော့ အာရက္ခပြည်သူ့ အစိုးရအနေနဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အသက် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ထပ်မံအင်အားဖြည့်ထားဖို့ လိုပါမယ်။

ဒီနေ့ အာရက္ခတပ်တော်မှာ အရန်အင်အားတွေကို ထည့်မတွက်ဘဲ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော်ရှိတယ်လို့  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောထားပါတယ်။ ဒီတပ်တွေဟာ မြန်မာပြည်အနှံ့ မဟာမိတ်တွေနဲ့ ဖြန့်ကျက်ပြီး တိုက်ပွဲဝင်နေရတယ်လို့ သဘောပေါက်ပါတယ်။ စစ်ရဲ့ သဘောသဘာဝအရ ပြင်းထန်လှတဲ့ တိုက်ပွဲတွေကြားမှာ ကျဆုံး၊ ဒဏ်ရာရသူလည်း ရှိနေမှာပါ။ 

ဆိုတော့ခါ ဒီအချိန်မှာ သိမ်းပြီးရင် ထိန်းဖို့ အရေးကြီးလာပါပြီ။ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတာနဲ့ အမျှ အဲဒီနေရာကို ကာကွယ်စောင့်ရှောက်ဖို့ တပ်သားအင်အား ဖြည့်တင်းထားနိုင်ရင် ပိုကောင်းပါမယ်။  ဆိုတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ဧရာတီ၊ မကွေး၊ ချင်းပြည်နယ်စပ်တွေမှာ အဓိက အားဖြည့်ထားဖို့ ကွယ်ရေးတပ်ဖွဲ့ ဝင် သောင်းနဲ့ချီလိုအပ်နေမှာပါ။

ဒီအထဲမှာ ARSA၊ RSO၊ ARA စတဲ့ မွတ်ဆလင်တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။ ဒီအုပ်စုတွေဟာ ဒီကနေ့အထိ  မောင်တောခရိုင်က အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို တွေ့နေရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း AA ထိန်းချုပ်ထားတဲ့ မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA နဲ့ AA တို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို တွေ့ကြမှာပါ။ AA ရဲ့ နယ်စပ်က လုံခြုံရေးစခန်းငယ်တွေကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ ဒါ့အပြင် နယ်စပ်တလျှောက်မှာ မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ အရပ်သားယောင်ဆောင်ပြီးတော့ လှုပ်ရှားနေတာကြောင့် ဒေသခံတွေ လုံခြုံရေး ဂရုစိုက်နေရပါတယ်။

RSO နိုင်ငံရေးမှူး ကိုကိုလင်းရဲ့ ရိုက်တာသတင်းဌာနမှာ ပြောဆိုချက်အရ သူတို့အဖွဲ့မှာ ၂၀၂၂ က စတင်ပြီး တပ်သား ၅,၀၀၀ နဲ့ ၆,၀၀၀ ကြား ရှိနေပြီးတော့ အားလုံးကို လက်နက်တပ်ဆင် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ကောင်စီ ဗိုလ်မှူးလှိုင်ဝင်းထွန်းရဲ့ THE DIPLOMAT သတင်းဌာန အင်တာဗျူးမှာ ARSA တပ်ဖွဲ့ဝင် ၇၅၀  လောက်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဘူးသီးတောင်တိုက်ပွဲမှာ AA ကိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို တွက်ဆကြည့်ရင် မွတ်ဆလင်လက်နက်ကိုင်အုပ်စုမှာ အင်အားထောင်ချီ ရှိမယ်လို့ ယေဘုယျ ခန့်မှန်းနိုင်ပါတယ်။

ဒီတော့ နောက်ဆက်တွဲပြဿနာက မွတ်ဆလင်လက်နက်ကိုင် အုပ်စုတွေ ရန်ပြုလာမှာပါ။ ရက္ခိုင်ပြည်က ထွက်ခွာရတော့မယ့် စစ်ကောင်စီဟာ သူတို့မဟာမိတ်ဖြစ်တဲ့ ဒီအုပ်စုကို လက်နက်နဲ့ အခြားအကူအညီတွေ ပေးခဲ့မှာပါ။ ဦးနု အစိုးရလက်ထက်ကလည်း မူဂျာဟစ်တွေကို မေယုခရိုင်က ရက္ခိုင်တွေကို တိုက်ခိုက်ဖို့ဆိုပြီး လက်နက်တွေ ပေးခဲ့ပါတယ်။ 

ရက္ခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်ဟာ မိုင်ပေါင်း ၁၈၀ ကျော် ရှည်လျားပါတယ်။ နယ်စပ်တလျောက်မှာလည်း နေ့စဥ် ခိုးဝင်ခိုးထွက်ရှိမှာပါ။ ဒေသနေ ရက္ခိုင်၊ သက်၊ ခမီ၊ မြို၊ ဟိန္ဒူစတဲ့ လူမျိုးတွေကို မွတ်ဆလင်လက်နက်ကိုင်အုပ်စုက အကြမ်းဖက်မှုတွေကျူး လွန်နေကြအုံးမှာပါ။ ဒါကြောင့် နယ်စပ်တကြောကို ကာကွယ်ဖို့ AA တပ်သားအများအပြား တပ်ဖြန့်ထားရပါမယ်။

တစ်ခါ ချင်းပြည်အထဲမှာ လှုပ်ရှားတဲ့ CNF နဲ့ သူ့လက်အောက်ခံတွေကိုလည်း သတိထားစောင့်ကြည့်ရပါမယ်။ CNF နဲ့ AA ဟာ ဆက်ဆံရေး တင်းမာနေဆဲပါ။ ဒါပေမဲ့ CB ချင်းညီနောင်အဖွဲ့နဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတာက အပေါင်းလက္ခဏာတရပ်ပါ။  နောက်ပြီး ပလက်ဝဒေသနဲ့ အိန္ဒိယနယ်စပ် တလျောက်ကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင်တွေ လိုအုံးမှာပါ။ အိန္ဒိယဟာလည်း ရက္ခိုင့်တော်လှန်ရေးမှာ ဗိုလ်ချုပ်ခိုင်ရာဇာကို လုပ်ကြံမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် သတိထားရမယ်လို့ ဆိုချင်တာပါ။

နောက်ထပ် စစ်ကောင်စီကလည်း အမ်း ရိုးမ၊ တောင်ကုတ်၊ ဂွစတဲ့ နယ်စပ်တွေဖြစ်တဲ့ မကွေး၊ ပဲခူး ဧရာဝတီ ဖက် ကနေ စစ်သည်တွေ ထပ်ဖြည့်ပြီး လာနိုင်တာပါ။ ဒါကြောင့် ရိုးမတောင်တန်း တနံတလျားနဲ့ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ အင်အားအများအပြားနဲ့ လုံခြုံရေးပေးရမှာပါ။

ကာကွယ်ရေးကို ဘယ်လိုဖြည့်တင်းမှာလဲ။ 

မေးခွန်းရှိလာပါပြီ။  ‘ဝ’၊ တအဲန်း၊ ကိုးကန့်၊ ကချင်စတဲ့ ဒေသတွေမှာတော့ ပြည်သူတွေကို နိုင်ငံသားတာဝန် အဖြစ် စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုပါတယ်။ တပ်အင်အားဖြည့်ပါတယ်။ ဒါက ဥပဒေ သို့မဟုတ် ဒေသန္တရအမိန့်နဲ့ ဆွဲခေါ်တာပါ။ အခု စစ်ကောင်စီ ဒီနည်းလမ်းသုံးနေတာ။ ဒါက မလိုက်နာမနေရ၊ မဖြစ်မနေရဆိုတဲ့ အဓမ္မဘက်ယိမ်းတဲ့ လုပ်ဆောင်ချက်၊ အမာထည် (Hard Power) ဖြစ်ပါတယ်။ 

တစ်ခါ အပျော့ထည် (Soft Power) အနေနဲ့ တပ်အင်အားဖြည့်တာလည်း နိုင်ငံတကာမှာ ရှိပါတယ်။ လေ့လာချက်အရ ရုရှား- ယူကရိန်းစစ်ပွဲမှာ ယူကရိန်းတပ်မှာ စစ်မှုထမ်းဖို့ ဖိတ်ခေါ်တာကြောင့် ကမ္ဘာအရပ်ရပ်က ယူကရိန်းတို့ဟာ မိမိသဘောအရ စစ်မှုထမ်းပြီး ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်ကြပါတယ်။ တစ်ခါ သမိုင်းတစ်လျှောက် အစ္စရေး- ပါလက်စတိုင်း တိုက်ပွဲမှာလည်း အစ္စရေးလူငယ်တွေဟာ မိမိဆန္ဒအလျောက် တပ်ထဲဝင်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ တိုက်ပွဲဝင်ကြတာပါ။

ဆိုတော့ခါ  AA အနေနဲ့ ဒီနည်းတွေနဲ့ ဖြည့်စွမ်းနိုင်မလား။ Soft Power ခေါ်ထားတာတော့ သိထားမိပါရဲ့လား။ ပလက်ဝ နှုံးဗူး၊ ထရွန်အိုင်ဗျူဟာကုန်း သိမ်းပြီးနောက်မှာ စခန်းတွေကို စောင့်ရှောက်ဖို့ဆိုပြီး ရက္ခိုင်လူငယ်တွေကို ဖိတ်ခေါ် ခဲ့တာရှိခဲ့ပါတယ်။

နောက်တစ်ခုက စက်တင်ဘာ ဒုတိယအပတ် AA ရဲ့ထုတ်ပြန်ချက်ကို ကြည့်ပါ။ “ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရဟာ ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး Department of Law Enforcement and Public Security (DLEPS) အတွက် ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနမှာ တပ်ဖွဲ့ဝင်အသစ်တွေခေါပြီး တိုးချဲ့မယ် ” လို့ ရေးပါတယ်။ ဒါတွေဟာ ကာကွယ်ရေးလိုအပ်ချက်ကို အရိပ်အမြွက်ပြလိုက်တာလို့ နားလည်ရပါတယ်။ (Soft Power) အပျော့ထည်နဲ့ မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ဖို့ ပြောလိုက်တာပါ။

ဆိုတော့ မိမိသဘောအရ အာရက္ခပြည်ကို ကာကွယ်ဖို့ ဆန္ဒနဲ့ ဒေသတွင်းနဲ့၊ ပြည်မ၊ နိုင်ငံခြားရောက်နေကြတဲ့ ရိုးမနဲ့ ပင်လယ်ကိုချစ်တဲ့ (မြီကိုချစ်လို့ တီဖြစ်ပတ်စီ) ရက္ခိုင်လူငယ်တွေ အာရက္ခပြည်ကို ပြန်လာပြီး AA ဆီမှာ စစ်မှုထမ်းတာ (သို့မဟုတ်) တိုင်းပြည်တည်ဆောက်ရေး ဌာနဆိုင်ရာ လိုအပ်ချက်တွေမှာ ကူပေးကြမလား။ စဉ်းစားဖို့ အချိန်တန်ပါပြီ။ 

ဒါကတော့ ဥပဒေ ပြဌာန်းစရာမလိုပဲ အလိုအလျောက် နိုင်ငံသားတာဝန် ကျေပွန်ဖို့ လိုအပ်တဲ့အချိန်မှာ စုရုံးဖို့ဆိုတဲ့ အချက်ပါ။ ဒါတွေက အာရက္ခစစ်သည်တွေရဲ့ မပြီးသေးတဲ့ တာဝန်တွေကို ဝိုင်းကူတာ။ လက်ဆင့်ကမ်းယူတာမျိုးလို့ မြင်ပါတယ်။ 

“တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်” နေတဲ့ AA လမ်းစဉ်ဟာ အခုအချိန်မှာ နိုင်ငံတည်ဆောက်ရေး (State Building) နဲ့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) နှစ်ခုစလုံးကို တပြိုင်တည်းသွားနေတာပါ။ ဆိုတော့ တတ်သိပညာရှင်၊ ကျွမ်းကျင်လုပ်သား၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအလိုက် အာရက္ခပြည်မှာ လူသားအရင်းအမြစ် (Human Resource) လိုအပ်ချက်က အများအပြားရှိနေဆဲပါ။

၂၀၁၄ သန်းခေါင်စာရင်းအရ ရက္ခိုင်ပြည်မှာ လူဦးရေ (၃၂) သိန်းခန့်ရှိပြီးတော့ အမျိုးသား (၁၅) သိန်းကျော်နဲ့ အမျိုးသမီး (၁၆) သိန်းကျော် ရှိပါတယ်။ ဒီအထဲမှာ ပြည်မ၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ ကိုးရီးယာ၊ စင်္ကာပူစတဲ့ နိုင်ငံရပ်ခြားမှာ ရက္ခိုင်လူငယ်သိန်းချီပြီးတော့ ရှိနေပါတယ်။ ဆိုတော့ ဒီအထဲက လူငယ်တွေဟာ တပ်တော်ထဲကို အားသစ်လောင်းဖို့ မိမိဆန္ဒအလျှောက် အမျိုးသားရေးတာဝန် ထမ်းဆောင်ဖို့ အချိန်ရောက်ပြီလား။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့သူတွေရဲ့ ရဲရင့်မှုကို အမွေခံအားဖြည့်မှာလား။

ဒီနေ့ခေတ်ဟာ အင်အားဟာအမှန်တရား (Might is power) ဆိုပြီး လက်တွေ့ကျတဲ့ သဘောတရားဖြစ်ပါတယ်။ ‘ဝ’ တို့ မိုင်းလားတို့ဟာ အင်အားကြီးတာကြောင့် စစ်ကောင်စီက မတို့ရဲ မထိရဲပါ။ ဒါကြောင့် အဝေးရောက်နေကြတဲ့ အားကောင်းမောင်းသန် ရက္ခိုင်အမျိုးသား၊ အမျိုးသမီးအားလုံးဟာ ဒီကနေ့မှာ ဆိုက်ဘေးရီးယားငှက်တွေလို ရွက်လွှင့်ပြီး ပြည်တော်ဝင်ဖို့ အချိန်ကျပြီလား။ နောက်ပြီး ဒေသတွင်းရှိတဲ့ လူငယ်တွေလည်း မိမိဆန္ဒအရ ပါဝင်အားဖြည့်ဖို့ လိုနေပါပြီလား။

အစ္စရေး နိုင်ငံတည်ဆောက်ဖို့ ကမ္ဘာအရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ ဂျူးလူမျိုးတွေဟာ ဂါဇာကမ်းမြောင်ဒေသကို အိပ်ဇောဒတ် သင်္ဘောကြီးနဲ့ အခက်အခဲတွေ ကြံ့ကြံ့ခံပြီး ပြန်လာသလို အရက္ခပြည် သမိုင်းစာမျက်နှာသစ်ကို လူငယ်တွေက ကိုယ်လက်ကိုယ့်ခြေနဲ့ ထုဆစ်ဖို့နဲ့ တစ်ဦးချင်းစီမှာရှိတဲ့ အရည်အချင်းတွေနဲ့ လိုချင်တဲ့ အနာဂတ်တိုင်းပြည်ကို ပုံဖော်မွမ်းမံဖို့ ဆန္ဒရှိကြမလား? တုံဆိုင်းနေမှာလား? တန်းစီတော့မှာလား?

ဒီတစ်ခါမှာတော့ ရိုးမတောင်တန်းနဲ့ ပင်လယ်ပြင်ကမ်းရိုးတန်း တနံတလျားမှာ ဂုဏ်ယူဝင့်ကြွာစွာ လွင့်ပျံနေတဲ့ အာရက္ခအောင်လံတော်ကြီးအောက်မှာ ဦးညွှတ်ပြီးတော့ …

“တော်ဝင်မြီကို၊ အောင်လံထူလို့…နှလုံးသွီး ကတိသစ္စာနန့် အဓိဌာန်… ငါရို့မြီ၊ ငါရို့ရီ လုံခြုံ သာယာစီဖို့ အဖနိုင်ငံ ကို ရိုးသား မြင့်မြတ် ရဲရင့်မေ” ဆိုတဲ့ အာရက္ခနိုင်ငံတော် သီချင်းကို သံပြိုင်ဆိုပြီး … ကိုယ်စီကိုယ်ငှ အရပ်ဘက်၊ စစ်ဘက်မှာ ဝိုင်းကူ အလုပ်လုပ်ကြပါစို့လား…

ဂေါင် - ရေးသည်။