အာရက္ခပြည်က တရုတ်စီမံကိန်းများနှင့် စစ်ကောင်စီ အကျိုးအမြတ်
ကျောက်ဖြူစီမံကိန်းများသည် တရုတ်နိုင်ငံအတွက် ဒေါ်လာသန်းချီတန်ဖိုးကြီး စီမံကိန်းများဖြစ်ပြီး တရုတ်နိုင်ငံ အတွက် ခေတ်ပြိုင်အိန္ဒိယကို အသာစီးရဖို့ ပထဝီနိုင်ငံရေးအတွက် အရေးပါနေသည်။ သို့သော်လည်း အဆိုပါစီမံကိန်းများသည် နိုင်ငံတည်ငြိမ်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေသည်။
15 Aug 2024
ခိုင်ရိုးလ - ရေးသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင်ပြည်တွင်း မနားတမ်းချီတက်နေသည့် ထိုးစစ်ဆင်မှုများကြောင့် အာရက္ခတပ်တော် AA ၏ ထိန်းချုပ်နယ်မြေများကို သိသိသာသာမြင်လာရသည်။ ပလက်ဝအပါအဝင် ရခိုင်က မြို့ကြီး ၉ မြို့မှာ AA ထိန်းချုပ်မှုအောက်ရှိနေပြီး မောင်တောနှင့် သံတွဲမှာလည်း စစ်ကောင်စီက လက်လွှတ်ရတော့မည် နောက်ဆုံး အခြေအနေ ဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စသည့် ကြီးလေးသော စိန်ခေါ်မှုများအောက်တွင် ရခိုင်တောင်ပိုင်းဒေသက ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ နှင့် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်မှုကို စစ်ကောင်စီနှင့် တရုတ်တို့က အင်တိုက်အားတိုက် ကြိုးပမ်းနေသည်။
ကျောက်ဖြူစီမံကိန်းများနှင့်ပတ်သက်၍ စစ်ကောင်စီအကြံအစည်ထဲတွင် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများကို လဲလှယ်လိုသည့်သဘောကို မြင်ရကြောင်း ရခိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လေ့လာစောင့်ကြည့်သူများနှင့် ဒေသခံများက ပြောသည်။
ရခိုင်ပြည်အတွင်း စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာနေသည့် Center for Peace and Development အဖွဲ့မှ ဒါရိုက်တာ ဦးထွန်းကြည်က “ရခိုင်မှာ AA ရဲ့ထိုးစစ်တွေကို မခံနိုင်တော့ စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ အကာကွယ်ကိုယူပြီး ကျောက်ဖြူကိုကာကွယ်ချင်တာ။ တစ်ဖက်မှာလည်း ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းကို အကောင်ထည်ဖော်ပြီး ကျောက်ဖြူမြို့ကို အကာအကွယ်ယူချင်နေတာ” ဟု ပြောသည်။
ရန်ကုန်အခြေစိုက် တရုတ်သံရုံးမှ သံအရာရှိ ၈ ဦးသည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများနှင့် SEZ အကောင်ထည်ဖော်ရန် ရှေးပြေးအဖြစ် ဇွန်လ ဒုတိယအပတ်က ၃ ရက်ကြာ လာရောက်စစ်ဆေးခဲ့ကြသည်။
စစ်ကောင်စီနှင့် တရုတ် ဆက်ဆံရေး
လက်ရှိတွင် မြန်မာ- တရုတ် ဆက်ဆံရေးမှာ အလွမ်းသင့်နေသည်ကို မြင်ရသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် စစ်ကောင်စီ အကြီးအကဲများ ဩဂုတ်လ ၁၄ ရက် နေပြည်တော်တွင် နှစ်နိုင်ငံအရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တရုတ်နိုင်ငံသည် မြန်မာနှင့်အတူ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုများကို ကောင်းမွန်စွာဆောင်ရွက်ရန် တွန်းအားပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ရေးသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်၏ လုံခြုံမှုနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များ မလုပ်ကြောင်း ကတိပေးခဲ့သည်။
နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံအကျိုးစီးပွားကို ကာကွယ်သွားရေးဟု ဆိုကာ ဇွန်လ ၁၁ ရက်က မြန်မာရေတပ်အတွက် လုံခြုံရေးကင်းလှည့်ရေယာဥ် ၆ စီးကို တရုတ်အစိုးရက ပေးအပ်ခဲ့ပြီး၊ ဇွန် ၁၄ ကလည်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရေးအထူးရန်ပုံငွေ စီမံကိန်းခေါင်းစဉ်အောက်ကနေ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းပေးရန် စာချုပ်ချုပ်ခဲ့ကြသည်။
အလားတူ ဇွန်လကုန်ပိုင်းကလည်း သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံ ပေကျင်းမှာ ကျင်းပခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ် ချမှတ်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး၊ မကြာခင်ပင် စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်သို့သွားကာ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများကို အမြန်အကောင်ထည်ဖော်နိုင်ရေး၊ စီမံကိန်းများကို အကာကွယ်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းအချက်များကို ကြည့်လျှင် စစ်ကောင်စီသည် နိုင်ငံအနှံ့စစ်ရေးနိုင်ငံရေး အကျပ်အတည်းဆိုက်နေချိန်တွင် တရုတ်ကို အဓိက ချဉ်းကပ်နေမှုကို မြင်ရကြောင်း မြန်မာ့နိုင်ငံရေး အကဲ ခတ်များက သုံးသပ်သည်။
ကျောက်ဖြူ SEZ နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ ပါဝင်ဝင်ပြီး ရေနက်ဆိပ်ကမ်းသည် ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည်။
ရေနက်ဆိပ်ကမ်းစိမံကိန်းသည် တရုတ်နိုင်ငံကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုနိုင်မည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည်။ ယင်းအပြင် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) အဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တရုတ်နှင့် မြန်မာတို့အကြား ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်အပြင် ကျောက်ဖြူနှင့် တရုတ် နိုင်ငံယူနန်ပြည်နယ်ကို ချိတ်ဆက်ပေးမည့် ရထားလမ်းစီမံကိန်းလည်း ရှိနေသေးသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အစိုးရနှင့် လွှတ်တော်တို့၏ အတည်ပြုချက်ဖြင့် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation – CITIC) ကုမ္ပဏီက ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခွင့်ရရှိထားပြီး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ အသုံးပြုရန် လျာထားသည်။
ဦးသိန်းစိန်အစိုးလက်ထက် ၂၀၁၃ ခုနှစ် ကနဦးသဘောတူညီချက်အရ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ဘက်မှ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို မြန်မာဘက်က မြေနေရာထည့်ဝင်ရာရန် သဘောတူခဲ့သည်။
NLD အစိုးရလက်ထက်တွင် အစုရှယ်ယာ ခွဲဝေမှုဆိုင်ရာကိစ္စရပ်ကို ပြန်ပြင်ဆင်ခဲ့ပြီး တရုတ် က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်းအဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။
ယင်းနောက် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မေလတွင် စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကို ပြန်လည်ဖွဲ့စည်းကာ ဉက္ကဌအဖြစ် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမြင့်သိန်း၊ ဒုတိယ ဉက္ကဌ အဖြစ် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဦးစံရွှေမောင်ကို တင်မြှောက်ကာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာတာဝန်ရှိသူများနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (ရခိုင်) မှ အရာရှိများ ပါဝင်သည်။
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၁၅၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ်ပြန်ချက်အရ ကျောက်ဖြူ SEZ အတွက် မြေဧရိယာ ၄၂၈၉.၃၂ ဧက (၁၇၃၅.၈၃ ဟတ်တာ) ကို နယ်နမိတ်သတ်မှတ်ထားပြီး SEZ လုပ်ငန်းစဉ် ၃ ခုဖြစ်သော ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧက အသုံးပြုသွားမည် ဖြစ်သည်။
ကျောက်ဖြူမြို့နယ် ပျားတဲကျေးရွာမှ တောင်သူတစ်ဦးက “၂၀၁၅ ကတည်းက ကျနော်တို့ရွားနားက လယ်တွေကို သိမ်းထားတယ်လို့ ပြောတယ်။ တိုင်းတာမှုတွေလည်း လုပ်ခဲ့ကြတယ်။ အဲဒီမှာ တရုတ်တွေလည်း ပါတယ်။ ဒါပေမဲ့ လယ်သမားတွေအနေနဲ့က ပွင့်ပွင့်လင်းလင်း တစ်ခုမှ မသိရသေးဘူး” ပြောသည်။
စီမံကိန်းဧရိယာထဲမှာ ကျောက်ဖြူနှင့် ရမ်းဗြဲကျွန်းက ပျားတဲ၊ ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေးကျွန်း စတဲ့ ကျေးရွာအုပ်စု ၉ ခုက ဒေသခံ လယ်ယာမြေ၊ ဉယျာဉ်မြေ၊ စား ကျက်မြေနှင့် မြစ်ချောင်းအင်းအိုင်များ ပါဝင်သည်။
ကျောက်ဖြူ၊ ကန္နီးကျေးရွာမှ တောင်သူ အမျိုးသမီးတစ်ဦးက “စီမံကိန်းအတွက် လယ်အသိမ်းခံရမယ်လို့တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ ဘယ်လောက်ပါမယ်ဆိုတာ အတိအကျမသိရသေးဘူး” ဟု ဆိုသည်။
စက်မှုဇုန်စီမံကိန်းတည်ဆောက်ရန်အတွက် NLD အစိုးရလက်ထက်က ကနဉီးသိမ်းဆည်းရန် တိုင်းတာခဲ့သည့် ကျောက်ဖြူ -ရန်ကုန်ကား လမ်းမ စစ်တော လမ်းဆုံအနီးက မြေဧက ၂၅၀ အတွင်းမှာ ဒေသခံလယ်ပိုင်ရှင် ၇၂ ဦး ၏ လယ်ယာမြေများ ပါဝင်နေသည်။
ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြေဧက ၂၅၀ ထဲတွင် လယ်ယာမြေ ၉၀.၄၀ ဧက၊ ဥယျာဉ်မြေ ၂၉.၃၃ ဧက၊ မြေလွတ်မြေရိုင်း ၆၈.၆၆ ဧက၊ (လ/န-၃၉) ကျပြီးမြေ ၆၁.၆၀ ဧက ပါဝင်သည်။
ယင်းထုတ်ပြန်ချက်မှာ လ/န-၃၉ ကျပြီး မြေဧက ၆၁.၆၀ ကို ပိုင်ဆိုင်ထားသူ ၃ ဦး၏ မြေမှာကျူးကျော်လုပ်ကိသူ ၂၂ ဦးရှိကြောင်း တွေ့ရသဖြင့် မိရိုးဖလာလုပ်ကိုင်လာသည့် လယ်သမား ၂၂ ဦးမှာ အလိုအလျောက် ပြစ်ဒဏ်ကျရမည့် အခြေအနေထိ စိုးရိမ်စရာဖြစ်နေသည်။
ယင်းအပြင် စီမံကိန်းဧရိယာထဲတွင်ပါဝင်နေသည့် ဘိုးဘွားအဆက်ဆက် လုပ်ကိုင်လာသည့် လယ်ယာမြေအတွက် ပိုင်ဆိုင်မှုအထောက်အထား မပြည့်စုံမှု၊ မြေယာပိုင်ဆိုင်မှု လျှောက်ထားချက်များကို ဌာနဆိုင်ရာက ပယ်ချမှုများ၊ ဥပဒေကို တတ်သိနားလည်သူများက ဌာနဆိုင်ရာနှင့် ပေါင်းပြီးမြေရယူထားမှုများလည်း ရှိနေကြောင်း သိရသည်။
ကျောက်ဖြူစီမံကိန်းများကို လေ့လာစောင့်ကြည့်သူ ဒေသခံကိုအောင်ဆန်းက “SEZ ဇုန်ထဲက ပထမဆုံး သတ်မှတ်ခဲ့တဲ့ သိမ်းဆည်းမယ့်ဧကထဲက မြေတစ်ချို့ကို လယ်ယာမြေ၊ စားကျက်မြေ၊ အခြားမြေ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် အားလုံးလျှော်ကြေးရဖို့ဆိုတာ မဖြစ်နိုင်ဘူး ” ဟု ဆိုသည်။
ယင်းအချိန်က ဒေသခံလယ်သမားများသည် အရပ်ဘက်အဖွဲ့များနှင့် ချိတ်ဆက်ကာ မြေနေရာအစားထိုးပေးရန် နိုင်ငံတော်အဆင့်ဆင့်ကို တောင်းဆိုခဲ့ကြသော်လည်း မထူးခြားခဲ့ကြောင်း SEZ ဒေသ တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးမှုအသင်း ဥက္ကဌ ဦးလှသိန်းက ပြောသည်။
“ကျနော်တို့က လယ်သမားတွေကို လျှော်ကြေးဘယ်လိုပေးမယ် ဆိုတာကိုလည်း မသိရသေးဘူး။ နောက်ပြီး အစိုးရတာဝန်ယူမလား။ ကုမ္ပဏီကတာဝန်ယူမလား ဘာမှမသိရဘူး” ဟု ဦးလှသိန်းက ပြောသည်။
SEZ စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူမှုစီးပွား ထိခိုက်နိုင်မှုစစ်တမ်း(ESIA) လုပ်ငန်းကို တရုတ်စေလွှတ်လိုက်သော Myanmar Survey Research (MSR) အဖွဲ့က ကောက်ယူခဲ့သည်။
ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ဒီဇင်ဘာလ ၂၆ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် တရုတ်စီမံကိန်းများရှိနေသည့် ကျောက်ဖြူမြို့နယ် တခုလုံးကို AA က ပိတ်ဆို့ထားပြီး မကြာခဏ တိုက်ပွဲဖြစ်မှုလည်း ရှိနေသည်။ ရခိုင်စစ်ပွဲ အခြေအနေကြောင့် ကျောက်ဖြူရှိစီမံကိန်းများ ထိခိုက်လာမည်ကို တရုတ်က စိုးရိမ်နေပြီး စစ်ကောင်စီနှင့် AA နှစ်ဘက်လုံးအား စီမံကိန်းများကို စောင့်ရှောက်ပေးရန် ပြောဆိုခြင်းများ ရှိနေသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း
ကျောက်ဖြူစီမံကိန်းများအကြောင်းကို ချရေးသည့်အခါ SEZ အကြောင်းတစ်ခုတည်းနှင့် မပြီးဆုံးပေ။ ရှေ့ပြေး ဖြစ်စဉ်သာဓက စီမံကိန်းများလည်း ရှိနေပေသည်။ ယင်းစီမံကိန်းမှာ တရုတ်ရေနံနှင့် ဘသာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြစ်သည်။
“တရုတ်ပိုက်လိုင်း” ဟု လူသိများသည့် မိုင် ၅၀၀ နီးပါး ရှည်လျားသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်ထဲသို့ အဝင်အထွက်ပြုလုပ်နိုင်သည့် မဒေးကျွန်းမှအစပြုသည်။ ထိုမှတစ်ဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသည်။
အဆိုပါ စီမံကိန်းကနေ ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာအစိုးရအတွက် နိုင်ငံခြားဝင်ငွေ အမြောက်အများရခဲ့ပြီး လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်လည်း အဆင်ပြေနေကြောင်း စီမံကိန်းအရေး လေ့လာသူတို့က ပြောသည်။
ရေနံပိုက်လိုင်းစီမံကိန်းသည် မြန်မာအစိုးရနှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့အကြား တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်းတင်ပို့ရန် မျှော်လင့်ထားသည်။ ပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ (မိုင် ၄၈၀) ရှည်လျားပြီး လက်ရှိတွင် နေ့စဉ် ရေနံစိမ်းတန်ချိန် ၁၆,၀၀၀ ကျော် တင်ပို့လျက်ရှိကြောင်း ISP - Myanmar လေ့လာချက်တွင် ဖော်ပြသည်။
၂၀၁၈- ၁၉ ဘတ်ဂျက်နှစ်တွင် ဓာတ်ငွေ့တင်ပို့သော ပိုက်လိုင်းစီမံကိန်းမှ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၉၆၅ သန်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၇၄ သန်း၊ နှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၁၀၇ သန်းကျော် မြန်မာအစိုးရက ရရှိခဲ့ကြောင်း စီမံကိန်းအစီရင်ခံများတွင် ဖော်ပြသည်။
အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ နိုင်ငံခြားချေးငွေများ ရပ်ဆိုင်းသွားခြင်း၊ ကုန်ထုတ်လုပ်မှုလျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိတော့ခြင်း စသဖြင့် နိုင်ငံခြားဝင်ငွေနည်းလာချိန်တွင် စစ်ကောင်စီသည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အဓိက အားထားနေရကြောင်း လေ့လာသူများက ဆိုသည်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money) အဖွဲ့၏ အဆိုအရ စစ်ကောင်စီသည် အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဒေါ်လာ ၂ ဒသမ ၂၅ ဘီလျံ ဝင်ငွေရရှိခဲ့သည်။
“ဒီငွေတွေဟာ စစ်ကောင်စီအတွက် တိုက်ပွဲတွေမှာ အသုံးစရိတ်အဖြစ် မြင်ရတယ်။ လက်နက်၊ လေယာဉ်ဆီ ဝယ်တဲ့ငွေတွေဟာ ဒီကရတာလို့ အစီရင်ခံစာတွေမှာ တွေ့တယ်။ တကယ်တော့ ပြည်သူတွေကို သတ်ဖြတ်ဖို့ ထောက်ပံ့ကူညီရာ ဖြစ်နေတယ်” ဟု ရခိုင်ဒေသခံ လွှတ်တော် အမတ်ဟောင်းတစ်ဦးက ပြောသည်။
၂၀၁၉ ပထမခြောက်လတွင် တရုတ်နိုင်ငံသို့ ရေနံတန်ပေါင်း ၅ သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၁၈ ပထမခြောက်လနှင့် နှိုင်းယှဉ်လျှင် ၂ ဒသမ ၇ ရာခိုင်နှုန်း ထိုးတက်ခဲ့ကြောင်း ကူမင်းမြို့၏ အကောက်ခွန်ဌာနက ထုတ်ပြန်ထားကြောင်း ISP Myanmar က ဆိုသည်။
သိုသော်လည်း စီမံကိန်းဧရိယာတစ်လျှောက်ရှိ ဒေသခံများမှာ လယ်ယာမြေဆုံးရှုံးမှုနှင့် ဆင်းရဲမွဲတေမှုဒဏ်ကိုသာ ခံစားနေရဆဲဖြစ်သည်။
“ကျနော်တို့မှာ လယ်ယာမြေနဲ့ ပင်လယ်ပြင်တွေပဲ ဆုံးရှုံးသွားတယ်။ အကျိုးအမြတ်က ဘာမှမရှိဘူး။ ဒီအတိုင်း ဆင်းရဲမွဲတေနေတုန်းပဲ” ဟု မဒေးကျွန်းဒေသခံ ဦးကျော်ကျော်က ဆိုသည်။
ကျောက်ဖြူစီမံကိန်းများသည် တရုတ်နိုင်ငံအတွက် ဒေါ်လာသန်းချီတန်ဖိုးကြီး စီမံကိန်းများဖြစ်ပြီး တရုတ်နိုင်ငံ အတွက် ခေတ်ပြိုင်အိန္ဒိယကို အသာစီးရဖို့ ပထဝီနိုင်ငံရေးအတွက် အရေးပါနေသည်။ သို့သော်လည်း အဆိုပါစီမံကိန်းများသည် နိုင်ငံတည်ငြိမ်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် တရုတ်တို့က အကောင်ထည်ဖော်ရန် ဆန္ဒရှိနေသော်လည်း ခက်ခက်ခဲခဲ့စတင်ရမည့် စီမံကိန်းဖြစ်ကြောင်း ရခိုင်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်သည်။
တရုတ်နှင့် စစ်ကောင်စီ ခြေလှမ်းများသည် ကျောက်ဖြူစီမံကိန်းများကို နိုင်ငံရေး၊ စစ်ရေးနှင့်အတူ ကြီးမားသည့် ပြောင်းလဲခြင်း ဖြစ်လာနိုင်မလားဆိုသည်ကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကဲခတ်တို့က စောင့်ကြည့်နေကြသည်။
နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဒီစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ရင် စစ်ကောင်စီအတွက် အကျိုးအမြတ် အများကြီးရှိတာပေါ့။ ဒီစီမံကိန်းက တခြားစီမံကိန်းတွေထက်စာရင် တစ်လကို သန်းချီပြီးတော့ ရနေတဲ့အတွက် အကောင်အထည်ဖော်ကို ကြိုးစားနေတာဖြစ်တယ်” ဟု သုံးသပ်သည်။