- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ရှုံးနေလည်း ကျောက်ဖြူစီမံကိန်းကို အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်းနေဆဲ
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်ကို သက်မှတ်ရက်မတိုင်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီနှင့် တရုတ်တာဝန်ရှိသူများက ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
25 Jan 2025
DMG ၊ ဇန်နဝါရီ ၂၅
ရခိုင်က မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော်(AA) ထံ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးပမ်းနေသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်ကို သက်မှတ်ရက်မတိုင်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီနှင့် တရုတ်တာဝန်ရှိသူများက ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုက်ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ်အား သက်တမ်းတိုးမြှင့်ထားသည့်ကာလမှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ပြည့်မြောက်မည်ဖြစ်၍ သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။
“ ကျောက်ဖြူမြို့ ကွက်ကွက်လေးကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရေးအစီအစဉ်က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ AA က တားဆီးနှောင့်ယှက်မှု မပြုရင်တောင်မှ AA က အချိန်မရွေး ထိုးစစ်ဆင်လာနိုင်လို့ လုပ်ငန်းရပ်တန့်သွားနိုင်တယ်” ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
လက်ရှိတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်စစ်ရေး တင်းမာနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်ကလည်း နေပြည်တော်၌ ပြုလုပ်သည့် မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ၏ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာရန် တိုက်တွန်းပြောဆိုခဲ့သည်။
တရုတ်အပါအဝင် စစ်ကောင်စီနှင့် AA တို့သည် ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လာနိုင်သော်လည်း စစ်ကောင်စီကြိုးပမ်းနေသည့် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးမှာ ဖြစ်လာနိုင်ခြေမရှိကြောင်း သုံးသပ်မှုများရှိနေသည်။
“ စစ်ကောင်စီက မလိုရင်တမျိုး လိုရင်တမျိုး ဗုံးတွေလိုက်ကြဲတယ်။ အဲဒီလို လုံးဝယုံလို့မရတဲ့၊ ကတိမတည်တဲ့ စစ်ကောင်စီနဲ့ အေအေက ဘယ်လိုမှညှိမှာ မဟုတ်ဘူး။ ညှိနှိုင်းလို့လည်း ရမှာမဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က DMG သို့ ပြောသည်။
ရခိုင်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုအနက် ၁၀ ခုကို AA က ထိန်းချုပ်ထားပြီး ယင်းအထဲမှ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ မန္တလေး - ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ - နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ် - မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်းထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ၂၀၂၄ ဒီဇင်ဘာ ၂၈ တွင် ထုတ်ပြန်ထားသည်။
တစ်ဖက်တွင် AA သည် ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် မည်သည့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံလုပ်ကိုင်သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်ကို ကာကွယ်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ထပ်မံကြေညာထားသည်။
လက်ရှိ ရခိုင်တွင် AA က မြို့နယ် (၁၄) ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူ မြို့တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။
“ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာမှ ဂုဏ်သိက္ခာရော၊ အင်အားရော၊ မြို့သိမ်းပိုက်နိုင်စွမ်းရော အများကြီးမြင့်တဲ့ AA အနေနဲ့ကတော့ ရခိုင်ပြည်မှာရှိတဲ့ တခြားမြို့တွေကိုလည်း အနှေးနဲ့အမြန်ဆိုသလို သိမ်းလာမယ့် အနေအထားရှိတယ်” ဟု ရခိုင်စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုဇော်ထွန်းက DMG သို့ ဖြေဆိုထားသည်။
လက်ရှိ စစ်ကောင်စီက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို တရုတ်ကုမ္ပဏီ (CITIC) နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့သည်။ ယင်းနောက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခု ပါဝင်ကာ စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။