စစ်ကောင်စီ အခြေစိုက် စခန်းပေါင်း ၁၇၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား

အများစုမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ကဖြစ်ပြီး တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် အခြေစိုက် တပ်စခန်းပေါင်း ၁၄၁ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ISP - Myanmar ထုတ်ပြန်ချက်က ဖော်ပြသည်။ 

By Admin 25 Jan 2025

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

DMG ၊ ဇန်နဝါရီ ၂၅

နိုင်ငံတဝန်း စစ်ကောင်စီအခြေစိုက် စခန်းပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်းရေအင်အားစုများက သိမ်းပိုက်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) က ယမန်နေ့ (ဇန်နဝါရီ ၂၄) ရက်တွင် ထုတ်ပြန်သည်။

အများစုမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ကဖြစ်ပြီး တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် အခြေစိုက် တပ်စခန်းပေါင်း ၁၄၁ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ISP - Myanmar ထုတ်ပြန်ချက်က ဖော်ပြသည်။ 

ထို့အတူ စစ်ကောင်စီ၏ (ခမရ) ခြေမြန်တပ်ရင်းပေါင်း ၅၄ ခုထက်မနည်း သိမ်းပိုက်ခံခဲ့ရပြီး အဆိုပါ ပမာဏ၏ ၄၆ ရာခိုင်နှုန်းမှာ ရခိုင်ပြည်မှဖြစ်ကြောင်း သိရသည်။

ယင်အပြင် စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အမိန့်ပေးကွပ်ကဲဌာနချုပ်ပေါင်း ၁၂ ခု ထက်မနည်း သိမ်းပိုက်ခံရခဲ့သည်။ ယင်းအထဲတွင် ရှမ်းပြည်နယ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် ဌာနချုပ်ပေါင်း ၅ ခုထက်မနည်းကို (MNDAA )က သိမ်းပိုက်ခဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အပါအဝင် ဌာနချုပ်ပေါင်း ၇ ခုထက်မနည်းကို AA က သိမ်းပိုက်ခဲ့သည်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ်အင်အားကောင်းနေသဖြင့် ယခုနှစ်တွင်လည်း နိုင်ငံအနှံ့တွင် စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

“ပြည်နယ်တွေမှာ တိုက်ပွဲက ဒီထက်ပြင်းလာမယ်။ AA ကလည်း ရခိုင်ပြည်ကို မရမချင်းတိုက်မှာ။ တခြားတိုင်း ရင်းသားတပ်ဖွဲ့တွေကလည်း စစ်ကောင်စီ ကင်းစင်ရေးအတွက် တိုက်နေတယ်။ စကစကတော့ စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားမှု လစဉ်မြင့်တက်လာသော်လည်း စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ အပေါ် တိုက်ပွဲဖော်ဆောင်နိုင်မှုမှာ တစ်လထက်တစ်လ အားနည်းလာနေသည်ကိုတွေ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ လေ့လာချက်များအရ သိရသည်။ 

ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲဖော်ဆောင်မှုများမှာ အောက်တိုဘာလထက် တိုက်ပွဲဖြစ်စဉ် ၄၀ ရာခိုင်နှုန်းနီးပါး ပိုများခဲ့ကြောင်းသိရသည်။

အောက်တိုဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ အနည်းဆုံး ၅၂၁ ကြိမ်ရှိခဲ့ပြီး နိုဝင်ဘာလအတွင်း စစ်ရေးလှုပ်ရှားမှုအကြိမ်ရေ အနည်းဆုံး ၇၃၁ ကြိမ်ရှိခဲ့သည်။

ယင်းအထဲ အောက်တိုဘာလအတွင်း စစ်ကောင်စီဘက်မှ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်မှု ၄၂ ကြိမ်ရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း ၂၄ ကြိမ်သာရှိခဲ့ပြီး ၁၈ ကြိမ်အထိ လျော့နည်းသွားခဲ့ကြောင်း ဉာဏ်လင်းသစ်အဖွဲ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

တော်လှန်‌ရေးအင်အားစုများ၏ ထိုးစစ်ကြောင့် စစ်ကောင်စီသည် ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်စစ်ဆင်ရန် မဖြစ်နိုင်တော့ကာ ကျန်နယ်မြေများကို မစွန့်လွှတ်နိုင်ရေးသာ ကြိုးပမ်းအားထုတ်နေရကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။

“လေကြောင်းသာ မပါဘူးဆိုရင် သူတို့ရဲ့ တိုက်စွမ်းရည်က ကျနေမှာ။ တန်ပြန်တိုက်စစ်ထက် နောက်ထပ်နယ် မြေတွေမစွန့်လွှတ်ရရေးကို အားထုတ်ပြီး ကြိုးစားသွားရမယ်လို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

နိုဝင်ဘာလအတွင်း စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဖော်ဆောင်မှု အားအကောင်းဆုံးဒေသများတွင် ရခိုင်၊ စစ်ကိုင်းနှင့် မကွေးဒေသတို့ဖြစ်ပြီး ရခိုင်တွင် ၁၇၅ ကြိမ်၊ စစ်ကိုင်း ၁၁၁ ကြိမ်၊ မကွေး ၈၉ ကြိမ်နှင့် တိုက်ပွဲအများဆုံးတွင် ရခိုင်ဒေသဖြစ်သည်။

နိုင်ငံတဝန်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများသည် တပ်မမှူး၊ (စကခ)မှူး၊  ဗျူဟာမှူး စသည့် ဒုတိုင်းမှူးအဆင့်အထိ လက်နက်ချဖမ်းဆီးခံရမှု၊ သေဆုံးမှုများရှိနေ၍ ထင်သလောက်အင်အားမတိုးနိုင်တော့ဟု စစ်ရေးအကဲခတ်သူတို့က ရှုမြင်ကြသည်။

“အရင်တုန်းကဆိုရင် တပ်မှူးတစ်ယောက် စကခမှူး တစ်ယောက်ဆိုတာ တပ်ရင်း ၁၀ ရင်းနဲ့ အခြေပြုပြီးတော့ လှုပ်ရှားတယ်။ အခုက တပ်မမှာတောင် အင်အားကို ဒီလိုမျိုး မသုံးနိုင်တော့တာ။ အခုဆိုရင် တပ်မ ၉၉ ကနေ တပ်ရင်း ၇ ရင်း တက်လာတယ်။ နောက်တပ်တပ်ရင်းတစ်တပ်ရင်း တက်လာရင် ၈ ရင်းဖြစ်မယ်။ ဒါပေမဲ့ သူတို့ အရင်လောက် အရာရှိအင်အား မသုံးနိုင်ဘူး ” CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများသည် ယခင်ကထက် ပိုပြီးစည်းလုံးမှုကောင်းလာနေပြီး မဟာမိတ်ဖွဲ့ကာ တိုက်နေသောကြောင့် တိုက်ပွဲအရှိုန်ပိုပြီး မြင့်တက်လာနေသည်။

လက်ရှိ ရခိုင်ရိုးမတစ်ကြောက တော်လှန်ရေးအင်အားစုများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး  ထိုမှတစ်ဆင့် မကွေး၊ ဧရာဝတီ စသည့် မြေပြန့်ဒေသများသို့  ထိုးစစ်အရှိန်မြှင့်ရန် ပြင်ဆင်နေကြသည်။

စစ်ကောင်စီမှာ  လေကြောင်း၊ ရေကြောင်းအင်အားများရှိနေသော်လည်း တပ်သားများအနေဖြင့် စိတ်ဓာတ်ရေးရာ ကျဆင်းနေသဖြင့် ယခုနှစ် ၂၀၂၅ တွင်လည်း အလဲလဲအပြိုပြိုနှင့် မြင်ရနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက မှတ်ချပြုကြသည်။

“တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဒီအရှိုန်အဟုန်တိုင်းသာသွားနေရင် မြန်မာစစ်တပ်အနေနဲ့ ပိုလို့ထိုးစစ်ကနေ ခံစစ်၊ ခံစစ်ကိုတောင် ကောင်းကောင်းမွန်မွန် မလုပ်နိုင်တော့ဘဲ နယ်မြေတွေကို စွန့်လွတ်ရတဲ့ အနေအထားကို ရောက်သွားပါတယ်။ စစ်သည်တွေရဲ့ စိတ်ဓာတ် တိုက်ရည်ခိုက်ရည် ချွတ်ခြုံကျနေတဲ့ အခြေအနေမျိုး ရောက်နေတယ်။ သူတို့ အနေနဲ့ နာလန်ထူနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် မြန်မာစစ်တပ် အနေနဲ့ နောက်ထပ် အလဲလဲအပြိုပြိုနဲ့ မြင်နေရမှာဖြစ်တယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦဖေသန်းက ပြောသည်။

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများက မြို့ပေါင်း ၉၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ ( BNI ) ၏ ယနေ့ထုတ် အစီရင်ခံစာအရ သိရသည်။