- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
မကွေး၊ စစ်ကိုင်းတွင် တော်လှန်ရေးတပ်များ ထိုးစစ် အရှိန်ပိုမြင့်လာ
တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု အားကောင်းလာသည်နှင့်အမျှ စစ်ရေးနယ်မြေမှာလည်း တဖြည်းဖြည်းကျယ်ပြန့်လာနေပြီး ယခုအခါ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ရှိန်ပို၍ မြင့်တက်လာနေသည်။
09 Mar 2025

DMG ၊ မတ် ၉
တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု အားကောင်းလာသည်နှင့်အမျှ စစ်ရေးနယ်မြေမှာလည်း တဖြည်းဖြည်းကျယ်ပြန့်လာနေပြီး ယခုအခါ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ရှိန်ပို၍ မြင့်တက်လာနေသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားမှု ၀.၇ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သော်လည်း မကွေးတိုင်းတွင် ၂၀ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းတွင် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း တိုက်ပွဲအကြိမ်ရေ ၂၉ ကြိမ်အထိ ရှိခဲ့ပြီး မကွေးတိုင်းတွင် ၇ ကြိမ်နှင့် အများဆုံးပြီး စစ်ကိုင်းတိုင်းတွင် ၆ ကြိမ်ဖြင့် ဒုတိယအများဆုံးရှိခဲ့ကြောင်း နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။
"တိုက်ပွဲတွေကတော့ မကွေးနဲ့ စစ်ကိုင်း ဆိုတာထက် ပဲခူး၊ ဧရာဝတီဘက် အထိကို ပါလာတဲ့ သဘော ရှိပါတယ်။ ဒါပေမဲ့ မကွေးနဲ့ စစ်ကိုင်းဘက်မှာတော့ ပိုပြီး ပြင်းလာနိုင်တဲ့ အနေအထားလို့ မြင်တယ်။ ဒီနှစ်ထဲမှာဆိုရင်လည်း ကပစ စက်ရုံတွေအနီးထိ ထိုးဖောက်တိုက်ခိုက်လာတာမျိုး တွေ့ရပါတယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရှုမြင်သည်။
လက်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာစခန်းနှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်နေ၍ တိုက်ပွဲနေ့စဉ် ပြင်းထန်နေသည်။
နတ်ရေကန်ဗျူဟာကိုသာ သိမ်းပိုက်နိုင်ပါက အမ်း - ပဒါန်းလမ်းကို အခြေပြုပြီး မြေပြန့်ဒေသများသို့ ဆက်လက် စစ်ဆင်ရေးပြုလုပ်ရန် လွယ်ကူသွားမည်ဖြစ်သဖြင့် တိုက်ပွဲများပို၍ ပြင်းထန်လာနိုင်ကြောင်း အကဲခတ်တို့က သုံးသပ်ထားကြသည်။
စစ်ကောင်စီသည် ရိုးမကိုကျော်၍ မကွေးတိုင်းသို့ ထိုးဖောက်လာသည့် AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်ကို ခုခံရန် စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းကာ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိသည်။
လက်ရှိ AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်ဦးတည်ရာ သော့ချက်များသည် စစ်ကောင်စီ၏ အသက်သွေးကြော ဖြစ်သည့် ကပစ စက်ရုံများသို့ပါ ခြိမ်းခြောက်လာနေသည်ဟုလည်း စစ်ရေး၊ နိုင်ငံရေးအကဲခတ်သူတို့က ဆိုသည်။
"ဒီစက်ရုံတွေဟာ စစ်ကောင်စီအတွက် အင်မတန် အရေးပါတာကြောင့် မဖြစ်မနေ သိမ်းရပါလိမ့်မယ်။ ဒါမှသာ ဖက်ဆစ်စစ်တပ်(စစ်ကောင်စီ)ရဲ့ လက်နက်ကျည်ထောက်ပံ့မှုကို ဖြတ်တောက်နိုင်ဖို့ထဲက တစ်ခုဖြစ်တယ်။ အဲဒီဟာတွေကို သိမ်းပြီးမှသာ ဒီတော်လှန်ရေးဟာ AA ရဲ့ တော်လှန်ရေး၊ တခြားပြည်မမှာ ရှိတဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့ပေါင်းစုံရဲ့ အားဟာ ပိုပြီးတော့ ရှေ့အလားအလာ ကောင်းနိုင်လိမ့်မယ်" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က DMG နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။
လက်ရှိ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များသည် စစ်ကောင်စီ၏ အရေးပါသော နယ်မြေဒေသများကို ရွေ့လျားလာနေ၍ ယခုနှစ်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းအထိ တိုက်ပွဲများကျယ်ပြန့်လာနိုင်ကြောင်းလည်း လေ့လာသူများက ရှုမြင်ထားကြသည်။