စစ်ကောင်စီ စစ်မှုထမ်းနည်း ဥပဒေသည် ပြည်သူများကို ပိုမိုဖိနှိပ်လာနိုင်

ထိုနည်းဥပဒေတွင် သာမာန်အရပ်သားများအပြင် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်းပါဝင်ပြီး ဆင့်ခေါ်ခံရသူများမှာ ပြည်ပထွက်ခွာခွင့်များ ကန့်သတ်ခံရမည်ဖြစ်သည်။

By Admin 25 Jan 2025

ပုံစာ - စစ်မှုထမ်းအပတ်စဉ် ၄ မှ သင်တန်းသားများအား ၂၀၂၄ ဩဂုတ်လတွင် တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေးဌာန။
ပုံစာ - စစ်မှုထမ်းအပတ်စဉ် ၄ မှ သင်တန်းသားများအား ၂၀၂၄ ဩဂုတ်လတွင် တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေးဌာန။

DMG ၊ ဇန်နဝါရီ ၂၅

ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီပြဌာန်းလိုက်သည့် စစ်မှုထမ်းနည်းဉပဒေမှာ မြန်မာနိုင်ငံတဝန်းလုံးရှိ ပြည်သူများအပေါ် ပိုမိုဖိနှိပ်မှုဖြစ်လာစေနိုင်ကြောင်း ဉပဒေကျွမ်းကျင်သူများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေကြသည်။

နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများခံနေရသည့် စစ်ကောင်စီသည် စစ်မှုထမ်းနည်း ဥပဒေများကို အခန်း (၁၀) ခန်း၊ နည်းဥပဒေ အပိုဒ်ပေါင်း (၅၉) ပိုဒ်၊ နောက်ဆက်တွဲ ပုံစံ (၁၂) ခုဖြင့် အသက်သွင်း ပြဌာန်းလိုက်ခြင်းဖြစ်သည်။

ထိုနည်းဥပဒေတွင် သာမာန်အရပ်သားများအပြင် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်းပါဝင်ပြီး ဆင့်ခေါ်ခံရသူများမှာ ပြည်ပထွက်ခွာခွင့်များ ကန့်သတ်ခံရမည်ဖြစ်သည်။

ဥပဒေအရ ကင်းလွတ်ခွင့်၊ သက်သာခွင့်များအတွက် နည်းဥပဒေကို ပြဌာန်းလေ့ရှိသော်လည်း ယခု စစ်ကောင်စီ၏ စစ်မှုထမ်းနည်းဥပဒေသည် ပြည်သူလူထုအပေါ် ပိုမိုရက်စက်သည့် ဥပဒေသာဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းက သုံးသပ်ကြသည်။

“ဥပဒေ တစ်ခု ပြဌာန်းရင် ပြည်သူလူထုကို အခွင့်အရေးပေးတဲ့ နည်းဥပဒေ ဆိုတာထပ်ထုတ်ပေးရတယ်။ အခုလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းကတည်းက နည်းဥပဒေထုတ်ပေးပါလို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ စစ်မှုထမ်းနည်းဥပဒေလည်း ထွက်လာရော “ဟာ....” ဆိုပြီး ပြည်သူလူထုကို သက်သာခွင့်မပါဘဲ ပိုမိုရက်စက်တဲ့ တင်းကြပ်မှုတွေပဲ ပါလာတာတွေ့ရတယ်” ဟု ဝါရင့်ရှေ့နေ ဦးကြီးမြင့်က DMG ကိုပြောသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို  ၁၀၂၇ စစ်ဆင်ရေး အရှိုန်ကောင်းနေချိန် ၂၀၂၄ ခုနှစ်၊  ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်းခဲ့ပြီး တစ်နှစ်နီးပါးအကြာ နည်းဥပဒေအား ဆက်လက် ပြဌာန်းလိုက်ခြင်းဖြစ်သည်။

စစ်မှုထမ်းနည်းဥပဒေ - ၃၁ အရ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သည် အမိန့်စာဆင့်ခေါ်မည့်သူများနှင့် ပတ်သတ်၍ ဆန္ဒပြုသူများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်ပြီး လိုအပ်သည့်အရေအတွက်မပြည့်လျှင် မဲနှိုက်ရွေးချယ်သည့် နည်းလမ်းကို အသုံးပြုခွင့်ပေးထားသည်။

ULA တရားရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးတစ်ဦးက “နည်းဥပဒေ ပြဌာန်းတယ်ဆိုတာက ပြည်သူတွေတွေ ကောင်းကျိုးနဲ့ တိုင်းပြည်အေးချမ်းသာယာဖို့အတွက်ပဲ ပြဌာန်းတာဖြစ်တယ်။ ဒါပေမဲ့ အခု ပြဌာန်းချက်က ပြည်သူတွေအခွင့်အရေးကို ချိုးဖောက်ရာရောက်သလို အနာဂတ်တွေလည်း ပျက်စီးစေတယ်။ စစ်ကောင်စီက သူတို့ အကျိုးအတွက်ပဲ ပြဌာန်းတာလို့ မြင်မိတယ်” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်း ရှိပြီး ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကာ အရေးပေါ် အခြေအနေဟု သတ်မှတ်လျှင် စစ်မှုထမ်းကာလ ၅ နှစ် အထိ သက်တမ်းတိုးနိုင်ကြောင်း စစ်ကောင်စီ စစ်မှုထမ်းနည်းဥပဒေတွင် ပြဌာန်းထားသည်။

လက်ရှိ စစ်ကောင်စီသည် တစ်လလျှင် စစ်မှုထမ်းလူဦးရေ ၅,၀၀၀ နှုန်းဖြင့် သင်တန်းပေးနေပြီး အပတ်စဉ် (၉) အထိ ရောက်ရှိနေကာ ယင်းအထဲတွင် မတရားဖမ်းဆီးခံရ၍ စစ်မှုထမ်းနေရသူများလည်း အများအပြားရှိနေကြောင်း ပြောဆိုကြသည်။

အာဏာသိမ်းကာလ ၄ နှစ်အတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရသူ ၂၈,၃၅၀ ဦး ထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP )၏ ယမန်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယခု ပြဌာန်းလိုက်သည့် နည်းဥပဒေအရ စစ်ကောင်စီထိန်းချုပ်နယ်မြေမှ ဒေသခံများအပြင် ရန်ကုန်နှင့် ပြည်မတွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်လူငယ်များမှာလည်း စိုးရိမ်စရာဖြစ်လာနေကြောင်း ပြောဆိုကြသည်။

“စစ်ကောင်စီက တိုင်းပြည်ကို စစ်ဝါဒကြီး သွတ်သွင်းပြီး စစ်ရေးနဲ့ပဲ အုပ်ချုပ်သွားမယ့် သဘောဖြစ်တယ်။ သူတို့ ထိန်းချုပ်နယ်မြေမှာ စစ်ဘေးရှောင်နေကြတဲ့ ရခိုင်လူငယ်တွေကိုလည်း အချိန်မရွေး စစ်မှုထမ်းအဖြစ် ဆွဲသွင်းနိုင်တဲ့ အခြေအနေဖြစ်သွားပြီ။ ကျောင်းသင်ရိုးတွေမှာပါ ထည့်မယ်ဆိုတာက အယုတ်ညံ့ဆုံး ဖြစ်သွားပြီ ကလေးငယ်တွေရဲ့ စိတ်ထဲကို စစ်စရိုက်တွေကို ရိုက်သွင်းဖို့ ကြိုးစားလာတာဖြစ်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ရှုမြင်သည်။

စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ ၅၉ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းများကို အခြေခံပညာကျောင်းမှ အစပြု၍ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံတဝန်းတွင် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တပ်စခန်းပေါင်း ၁၈၀ နီးပါး လက်လွှတ်ထားရပြီဖြစ်ကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။