ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရေကြည်မြို့နယ်၊ မြောက်စမ်းရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင်စစ်ရှောင် ၉ ဦးအား အာရက္ခတပ်တော် (AA)နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

By Admin 25 Jan 2025

ပုံစာ - ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ရခိုင်စစ်ရှောင်များ အားတွေ့ရစဉ်။(ဓာတ်ပုံ- RFA)
ပုံစာ - ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ရခိုင်စစ်ရှောင်များ အားတွေ့ရစဉ်။(ဓာတ်ပုံ- RFA)

DMG ၊ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်သို့ ရောက်ရှိနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ စစ်ဘေးရှောင် ၉ ဦးကို ဇန်နဝါရီ ၂၂ တွင် ရေကြည်မြို့နယ်အခြေစိုက် အမတ - ၃၄၄ အမြောက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရေကြည်မြို့နယ်၊ မြောက်စမ်းရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင်စစ်ရှောင် ၉ ဦးအား အာရက္ခတပ်တော် (AA)နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

“သူတို့ကို စစ်ကောင်စီက AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ပြောတယ်။ ဘယ်သူ ဘယ်ဝါနဲ့ ဂွမြို့နယ် ဘယ်ရွာကဆိုတာတော့ ကျမတို့ စုံစမ်းနေဆဲပဲ။ ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးလည်း လေးယောက် ပါသွားတယ်။ လက်ရှိအချိန် အထိတော့ ပြန်လွတ်တာ မရှိသေးဘူး” ဟု ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယင်းစစ်ဘေးရှောင်များကို စစ်ကောင်စီက အမတ - ၃၄၄ တပ်ရင်းအထဲတွင် ဖမ်းဆီးထားကြောင်း သိရသည်။ 

အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတို့၏ ထိုးစစ်များမှာ ဧရာဝတီတိုင်းသို့ ကူးစက်လာပြီးနောက် စစ်ကောင်စီသည် ရခိုင်စစ်ဘေးရှောင်များကို ပစ်မှတ်ထားဖမ်းဆီးမှုများ ရှိလာခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းဒေသခံ ရခိုင် ၁၁ ဦးကို စစ်ကောင်စီက အာရက္ခတပ်တော်နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်၊ ရွှေသောင်ယံမြို့တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (ပူးပေါင်းတပ်)တို့ အကြားတိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီသည် ရခိုင်စစ်ရှောင်များကို စစ်ဆေးခြင်း၊ သွားလာခွင့်ကန့်သတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း လေးမျက်နှာမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် ရခိုင်စစ်ရှောင်နောက်တစ်ဦးက ပြောသည်။

“ဧရာဝတီမှာ စစ်ရှောင်နေရတဲ့ ရခိုင်တွေရဲ့ ဘဝတွေလောက် ဖိနှိပ်ခံရတာ မရှိဘူး။ စစ်ကောင်စီနဲ့ အသိုင်းအဝိုင်းတွေက အမြင်ကြည်ကြတာ မဟုတ်ဘူး။ သွားတာ၊ လာတာကအစ သတိထားပြီးနေကြရတယ်။ မကြာခဏ ရခိုင်စစ်ရှောင်တွေကို ဖမ်းဆီးမှုတွေ ရှိနေတာကြောင့်လည်း စိုးရိမ်းမှုတွေကတော့ အပြည့်ပဲ” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းတွင် ဂွမြို့နယ်နှင့် သံတွဲမြို့တို့က စစ်ဘေးရှောင် သောင်းနှင့်ချီ ခိုလှုံနေကြပြီး အဆိုပါ စစ်ဘေးရှောင်များကို စစ်ကောင်စီက ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်ပိတ်ပင်ထားကြောင်း ပြောဆိုကြသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ မကျည်းဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့ကို ဇန်နဝါရီလ ၁၇ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီက ရွှေသောင်ယံမြို့နှင့် ချောင်းသားမြို့တို့မှာ ခံစစ်ပြင်ဆင်ထားသည်။