- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
တိုက်ပွဲဖြစ်မည်ကိုစိုး၍ ကျောက်ဖြူမြို့ခံများ နေရပ်စွန့်မှု ပိုများပြားလာ
အာရက္ခတပ်တော်(AA)က အမ်းမြို့ (နပခ ) ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ကျောက်ဖြူမြို့ခံများမှာ တဖြည်းဖြည်းနှင့် မြိုပေါ်မှ တိမ်းရှောင်မှုများရှိခဲ့ရာကနေ ယခု ဇန်နဝါရီလဆန်းပိုင်းတွင် ပို၍ များပြားလာနေခြင်း ဖြစ်သည်။
23 Jan 2025

DMG ၊ ဇန်နဝါရီ ၂၃
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပေါ်လာမည်ကိုစိုးရိမ်၍ မြို့ခံများမှာ ကျေးလက်ဒေသများနှင့် ပြည်မဘက်သို့ တိမ်းရှောင်သူ များပြားလာနေကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)က အမ်းမြို့ (နပခ ) ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ကျောက်ဖြူမြို့ခံများမှာ တဖြည်းဖြည်းနှင့် မြိုပေါ်မှ တိမ်းရှောင်မှုများရှိခဲ့ရာကနေ ယခု ဇန်နဝါရီလဆန်းပိုင်းတွင် ပို၍ များပြားလာနေခြင်း ဖြစ်သည်။
“အစကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲ နေမယ်ဆိုပြီး ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ ကိုယ့်ရပ်ကွက်က လူတော်တော်များများက ရွာဘက်တွေကို သွားကုန်ကျတော့ ကိုယ်လည်းမနေရဲတော့ဘဲ ထွက်လာခဲ့လိုက်တာ” ဟု တောင်ရင်းရပ်ကွက်မှ တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်ဖြူတွင် ပြီးခဲ့သည် ၂၀၂၄ ခုနှစ် အစောပိုင်းမှစ၍ လူဦးရေ ထက်ဝက်ခန့်မှာ မြို့ပေါ်မှ ထွက်ခွာတိမ်းရှောင်နေကြေသော်လည်း ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စားသောက်ရေး စသည့် အခက်အခဲများကြောင့် ဇွန်လနောက်ပိုင်းတွင် မြို့ပေါ်သို ပြန်လည်ဝင်ရောက်မှုများ ရှိခဲ့သည်။
ယခုအခါ ပြန်လည်ဝင်ရောက်နေထိုင်သူများအပြင် ယခင်က မြို့ပေါ်တွင် ကျန်ရှိခဲ့သူများပါ ကျေးလက်ဒေသများသို့ ထွက်ခွာတိမ်းရှောင်နေကြသဖြင့် မြို့ပေါ် လူဦးရေ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။
“အရင်က လူတအားစည်တဲ့ မြို့မဈေးကြီးမှာတောင် ဈေးလာဝယ်သူတွေ မရှိသလောက်ဖြစ်သွားပြီ။ ဈေးအပါ အဝင်မြို့ထဲက ဆိုင်ခန်းတွေဆိုရင်လည်း ပိတ်ထားတဲ့ဆိုင်တွေ မနည်းရှိတယ်။ အခုဆို မြို့မှာ ပိုပြီးမှ ခြောက်ကပ်နေ လောက်မယ်ထင်တယ်” ဟု ဇန်နဝါရီ ဒုတိယအပတ်က ကျောက်ဖြူမြို့မှ တိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့ကို စစ်ကောင်စီ လုံးခြုံရေး ဂိတ်များအထပ်ထပ်ချထားပြီး စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။
ထို့အတူ အာရက္ခတပ်တော်ကလည်း ကျောက်ဖြူမြို့ကို ဝန်းရံပိတ်ဆို့ထားပြီး စစ်ရေးပြင်ဆင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ယင်းအထဲက မြို့ခံများမှာ ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့်၊ ရရာနည်းလမ်းအသုံးပြုကာ ထွက်ခွာနေကြကြောင်း ဆိုသည်။
ကျောက်ဖြူတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ပြင်းထန်တိုက်ပွဲများ မရှိသေးသော်လည်း လက်ရှိ စစ်ကောင်စီသည် မြို့အနီးရှိ ဂုံးချွိန်၊ အုန်းတော၊ မလကျွန်း၊ ပြိုင်းစေ့ကေနှင့် မင်းတပ်တောင်ကျေးရွာတို့ကို လုံခြုံရေးတင်းကျပ်မှုနှင့် ဧည့်စာရင်းစစ်ဆေးမှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း သိရသည်။