- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အာရက္ခတပ်တော်၏ ထူးခြားသည့် အောင်မြင်မှုများ နောက်ကွယ်က အချက် ၅ ချက် အပိုင်း (၁)
The Diplomat မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Rajeev Bhattacharyya ရဲ့ 5 Factors That Catapulted Arakan Army to Unprecedented Success Against the Myanmar Military ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ Rajeev Bhattacharyya ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။
08 Jan 2025
မြန်မာပြည်ထဲမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအထဲ အာရက္ခတပ်တော်ဟာ စတင်ထူထောင်ပြီး ဆယ်စုနှစ် နှစ်ခု မပြည့်သေးခင်မှာပဲ ထိန်းချုပ်နယ်မြေ အများဆုံး ကိုင်ထားနိုင်သူ ဖြစ်လာပါတယ်။ လက်ရှိမှာ စစ်ကောင်စီလက်ထဲက လွတ်မြောက်အောင် AA က တိုက်ယူခဲ့တဲ့ မြို့နယ်စုစုပေါင်း ၁၃ မြို့နယ် ရှိနေပါပြီ။
AA ရဲ့ သိမ်းပိုက်နယ်မြေထဲမှာ ချင်းပြည်တောင်ပိုင်းနဲ့ ရခိုင်ပြည်ထဲက ဧရိယာ အများအပြား ပါဝင်ပါတယ်။ AA ဟာ လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ နယ်မြေတွေကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပါ တယ်။
AA ကို ၂၀၀၉ ခုနှစ်မှာ တပ်မှူးချုပ်ထွန်းမြတ်နိုင် အပါအဝင် အဖွဲ့ဝင် ၂၆ ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ကူညီထောက်ပံ့မှုနဲ့ ဖွဲ့စည်းခဲ့တဲ့ AA ဟာ ၂၀၁၅ ခုနှစ်မှာတော့ ရခိုင်မြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲ စတင်ခဲ့ပါတယ်။ နောင်ငါးနှစ်အထိ တိုက်ပွဲတွေဟာ ကြိုကြားကြိုကြား ရှိနေခဲ့ပါတယ်။
၂၀၂၀ နိုဝင်ဘာမှာ AA ဟာ မြန်မာစစ်တပ်နဲ့ အလွတ်သဘော အပစ်အခတ် ရပ်စဲလိုက်ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်အစောပိုင်းမှာပဲ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပြန်ဖြစ်လာပြီး အဲဒီနှစ် နိုဝင်ဘာလမှာတော့ အပစ်အခတ် ရပ်စဲရေးအတွက် ခနော်ခနဲ့ သဘောတူညီမှု ရှိလာပြန်ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး AA ဟာ အင်အားပြည့် ထိုးစစ်ကြီးကို စတင်ဆင်နွှဲခဲ့တာ လက်ရှိအချိန် အထိပါပဲ။
ဆိုတော့ AA အခုလို အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေပါသလဲ။ ဒီပလိုမက် သတင်းဌာနနဲ့ အင်တာဗျူးတစ်ရပ်မှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်ကို ဗမာအုပ်ချုပ်ရေး လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းခဲ့ကြတဲ့ အစောပိုင်း ရခိုင်တော်လှန်ရေး မျိုးဆက်တွေရဲ့ အရှုံးတွေကနေ သင်ခန်းစာယူသလို၊ AA ရဲ့ ခေါင်းဆောင်မှု၊ လူထုကို စည်းရုံးသိမ်းသွင်းနိုင်စွမ်း၊ မဟာမိတ်ဖွဲ့နိုင်တဲ့ အရည်အခြင်း စတာတွေကို ထောက်ပြပါတယ်။ ဒီအရည်အချင်းတွေကြောင့်ပဲ AA နဲ့ သူ့ရဲ့ နိုင်ငံရေးအဖွဲ့ ULA တို့ဦးဆောင်တဲ့ အားကောင်းခိုင်မာတဲ့ လှုပ်ရှားမှုတစ်ရပ်ကို တည်ဆောက်နိုင်ခဲ့တာလို့ သူကပြောပါတယ်။
ရခိုင်ပြည်တခွင်မှာ ခရီးသွားခဲ့စဉ်က စာရေးသူ လေ့လာခဲ့တာတွေ၊ ULA AA တပ်ဖွဲ့ဝင်တွေနဲ့ ဆွေးနွေး မေးမြန်းမှုတွေကို အခြေခံပြီး ပြောရရင်တော့ မြန်မာစစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ AA ရဲ့ အောင်မြင်မှုမှာ အရေးပါတဲ့အချက် ငါးချက် ရှိပုံရပါတယ်။
အဓိက အဆုံးအဖြတ်ပေးတဲ့ ခေါင်းဆောင်မှုစွမ်းရည်
မြောက်ဦးနဲ့ ကျောက်တော်ရဲ့ နိုင်ငံရေးမှူးဖြစ်ပြီး ULA ရဲ့ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဦးဦးလှစောကို ဒီပလိုမက်က ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူက “AA အောင်မြင်ရတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပေမယ့် ခေါင်းဆောင်မှုဟာ အဓိကကျတဲ့ အချက်” လို့ ပြောပါတယ်။ ဗမာအုပ်ချုပ်ရေး လက်အောက်က လွတ်မြောက်ဖို့အတွက် ရခိုင်မှာ ရှေ့ပိုင်းက ထူထောင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုပုံစံ အမျိုးမျိုးကို ကြည့်ရင် ဒီအချက်ဟာ မြင်သာပါတယ်။ ဒီ့အပြင်ကို “AA ဟာ အသိုင်းအဝိုင်း အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး ဒီလှုပ်ရှားမှုမှာ လူတိုင်းအကျုံးဝင်အောင် လုပ်ထားတယ်။ ရှေ့ကအဖွဲ့တွေဟာ ဒီလို မလုပ်ခဲ့ကြဘူး။ လူမျိုး ဘာသာအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာ မရှိဘူး” လို့ သူကပြောပါတယ်။ “ဒီမူဝါဒဟာ နိုင်ငံတည်ဆောက်ရေးရဲ့ ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်ကနေ ဆင်းသက်လာတာ” လို့လည်း ဦးဦးလှစောက ပြောပါတယ်။
အဖွဲ့ကို ဘယ်လိုတိုးချဲ့ ဖွဲ့စည်းခဲ့တယ် ဆိုတာကို AA နဲ့ ULA တပ်ဖွဲ့ဝင်တွေက ဒီပလိုမက်ကို အခုလို ရှင်းပြကြပါတယ်။ ကချင်မှာ စတင်ခဲ့တဲ့ စစ်သင်တန်းတွေ မတိုင်မီတည်းက လမ်းပြမြေပုံတစ်ရပ် ခိုင်ခိုင်မာမာ ချမှတ်ထားပြီလို့ သူတို့က ပြောပါတယ်။ ၂၀၀၉ ခုနှစ်နောက်ပိုင်း ၂ နှစ်အတွင်းမှာ သင်တန်း လေးခုပေးနိုင်ခဲ့ပြီး အရာရှိတွေနဲ့အတူ စစ်သည် ၄၀၀ ဝန်းကျင် မွေးထုတ်နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ သင်တန်းဆင်းစစ်သည်တွေ KIA နဲ့အတူ စခန်းထိုင်ပြီး မြေပြင်အတွေ့အကြုံ ရယူရေး၊ ရန်ကုန် စစ်တွေနဲ့ မန္တလေးတို့မှာ ကွန်ရက်တစ်ရပ် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ AA ဟာ လူသစ်စုဆောင်းရေး ကွန်ရက်တစ်ရပ် ထူထောင်ဖို့အတွက် ရခိုင်ပြည်ထဲက ကျောင်းသားခေါင်းဆောင်တွေနဲ့ သံဃာတွေကို စိစစ်ရွေးထုတ်ပါတယ်။ AA အဖွဲ့ဝင်တွေဟာ ၂၀၁၄ ခုနှစ်တည်းက ရခိုင်ပြည်တစ်ဝန်းရှိ နေရာအနှံ့အပြားမှာ ထိုးဖောက်ဝင်ရောက်ပြီး အထိုင်ချထားကြပါပြီ။ ဒီကာလအတွင်း ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံကိုလည်း AA ခေါင်းဆောင်တွေဟာ အများပြည်သူရှေ့မှာ ယူနီဖောင်းနဲ့ ပထမဆုံး လူလုံးပြ တက်ရောက်ခဲ့ပါတယ်။
AA ဟာ နောက်ပိုင်းမှာ အကြီးအကျယ် နာမည်တက်လာတဲ့အတွက် လူထုကြားမှာ စိမ့်ဝင်အခြေချဖို့ ပိုလွယ်ကူသွားပါတယ်။ ၂၀၁၅ မှာ AA ဟာ မြန်မာစစ်တပ်အပေါ်မှာ အကြီးစားတိုက်ပွဲ တစ်ရပ်ကို ပထမဆုံး ဆင်နွှဲလိုက်ပါတယ်။ ရမ်းချောင်းဒေသမှာ ပြောက်ကျားနည်းစနစ် အသုံးပြု တိုက်ခိုက်ခဲ့တဲ့ AA ကြောင့် မြန်မာစစ်တပ်ဟာ တပ်ဆုတ်ခဲ့ရပါတယ်။
AA စစ်ဒေသမှူး ဖြစ်သူ ဗိုလ်ကြီးတစ်ဦး ထောက်ပြတာကတော့ ပလက်ဝအပါအဝင် ရခိုင်မြောက်ပိုင်းဒေသနဲ့ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံဆုံရာ ချင်းပြည်တောင်ပိုင်း ဧရိယာတစ်ဝိုက်ဟာ ထောက်ပို့စခန်းတစ်ခု ထူထောင်ရေးအတွက် ကနဦးအဆင့်မှာ အဖွဲ့က ဦးစားပေး အာရုံစိုက်ခဲ့တဲ့ နေရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“အိန္ဒိယ ဘင်္ဂလားဒေ့ရှ် တို့နဲ့ အပြန်အလှန် ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ဖို့အတွက် လိုအပ်တာကြောင့် ဒီဒေသကို ရွေးချယ်ခဲ့တာ၊ မြန်မာစစ်တပ်ဟာလည်း တောင်ပိုင်းမှာထက် ဒီဘက်မှာ ပိုအားနည်းတယ်လေ” လို့ သူကပြောပါတယ်။
ဒီဒေသမှာ အုပ်ချုပ်ရေး အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၅ မှာ ULA ကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ သင်တန်းစခန်းတွေကိုပါ ထူထောင်ခဲ့ပါတယ်။
ဒီလိုအားထုတ်မှုတွေနဲ့ တချိန်တည်းမှာပဲ AA ဟာ ရှမ်းပြည်အပါအဝင် ရင်းမြစ်နေရာ အများအပြားက လက်နက်တွေကို ရခိုင်ပြည်ထဲ တိတ်တဆိတ် ခိုးသွင်းနိုင်အောင်လည်း ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
အာရက္ခလေ့လာရေးစင်တာ (Centre for Arakan Studies) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာ တစ်စောင်မှာ “AA ခေါင်းဆောင်များသည် ရနိုင်သမျှ လမ်းကြောင်းများ အားလုံးကို အသုံးပြုကာ ကချင်သို့မဟုတ် ရှမ်းပြည်မြောက်ပိုင်းမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အသုတ်လိုက် စေလွှတ်ခဲ့ကြသည်။ လက်နက်ခဲယမ်းများ ကိုလည်း ကုန်းလမ်း၊ ရေလမ်း စိန်ခေါ်မှုများကြားမှ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ မှတစ်ဆင့် ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်ဟု သိရသည်” လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ တိုက်ပွဲအရှိန် မြင့်တက်လာချိန်မှာတော့ AA ခေါင်းဆောင်တွေဟာ စစ်ဆင်ရေးတွေ ဆင်နွှဲရာမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိုမို ထိရောက်ဖို့ လိုအပ်ချက်ကို သတိပြုလာကြပါတယ်။ ဗိုလ်ကြီးနဲ့ ဒုဗိုလ်ကြီးတွေ ဦးဆောင်တဲ့ စစ်ဒေသ ကိုးခုအထိ ဖွဲ့စည်းပါတယ်။ လျှို့ဝှက်နေရာတစ်ခုမှာ စစ်ရုံးဖွင့်ပြီး ဒီစစ်ဒေသတွေကို ဦးဆောင်ညွှန်ကြားပါတယ်။ ဒီစစ်ရုံးကိုတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့က အရာရှိကြီးတွေရဲ့ အကူအညီနဲ့ လည်ပတ်ပါတယ်။
တော်လှန်ရေးအုပ်စုတွေနဲ့ မဟာမိတ်ဖွဲ့ခြင်း
AA ဟာ နိုင်ငံတစ်ဝန်းက တခြား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတဲ့အတွက် သူ့ရဲ့ ဖြန့်ကြက်မှုကို ပိုအထောက်အကူ ဖြစ်စေပါတယ်။ လက်ရှိမှာ AA တပ်ဖွဲ့ဝင်တွေဟာ ကရင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာပါ ဖြန့်ကြက် တည်ရှိနေကြတာ ဖြစ်ပါတယ်။
AA ဟာ ပထမဆုံးအဖြစ် ၂၀၁၅ မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ဖြစ်လာပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့လည်း ပါဝင်ဖွဲ့စည်းထားတာပါ။
အဖွဲ့ဝင်ဖြစ်လာတဲ့ AA ဟာ ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ AA ဟာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် ၂ နှစ်အကြာမှာတော့ MNDAA ၊ TNLA တို့နဲ့အတူ ညီနောင်မဟာမိတ်သုံးဖွဲ့ (Three Brotherhood Alliance) အဖွဲ့ဝင် ဖြစ်လာပါတယ်။ ဒီအဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်ရှိစစ်ပွဲရဲ့ အလှည့်အပြောင်းကြီး တစ်ရပ်လို့ ယူဆကြပါတယ်။
တခြားအုပ်စုတွေနဲ့ မဟာမိတ်ဖွဲ့ခြင်းက AA ကို “ထောက်ပံ့ရေးရင်းမြစ်တွေနဲ့ အကူအညီတွေ ရရှိစေခဲ့သလို မတူညီတဲ့ အုပ်စုအမျိုးမျိုးဆီက တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ နည်းနာတွေလည်း သင်ကြားခွင့်ရစေခဲ့တယ်” လို့ ULA အရာရှိကြီး တစ်ဦးဖြစ်သူ ဇီဗားဂိုး (Zevago) က ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုက “AA အတွက် စိန်ခေါ်မှုအသစ်တွေ ပေါ်ထွက်လာစေပြီး အဖွဲ့အနေနဲ့ မဟာဗျူဟာတွေကို လိုက်လျောညီထွေဖြစ်အောင် ပြန်ညှိကာ မဟာမိတ်အသစ်တွေ ထပ်ရှာခဲ့ရတယ်” လို့ သူကပြောပါတယ်။
AA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင် ဆက်နွယ်ပတ်သက်ဖို့ ငြင်းဆန်ထားပါတယ်။ NUG ဟာ အာဏာသိမ်းမှု နောက်ပိုင်းမှာ တိမ်းရှောင်လာကြတဲ့ လွှတ်တော်အမတ်တွေ၊ ဥပဒေပြုအမတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ NUG နဲ့ ဆက်ဆံရေး သဘောသဘာဝကို ဖြေကြားပေးဖို့ မေးမြန်းတဲ့ အခါမှာတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျွန်တော်တို့မှာ ကိုယ်ပိုင်အမြင်၊ ခံယူချက်နဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ အာရက္ခပြည်သူလူထုက အာရက္ခဒေသ လွတ်မြောက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တချိန်တည်းမှာပဲ မြန်မာပြည်သူလူထုလည်း သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို မြန်နိုင်သမျှမြန်မြန် ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။
AA ဟာ NUG နဲ့ ပတ်သက်လို့ သတိကြီးကြီးထားပြီး ဆက်ဆံနေလင့်ကစား တစ်ဘက်မှာလည်း အာဏာသိမ်းမှု နောက်ပိုင်း ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဖွဲ့စည်းခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေကိုတော့ စစ်သင်တန်းနဲ့ လက်နက်တွေ ကူညီထောက်ပံ့နေတာပါ။ ဒီအထဲမှာ ဆက်ဆံမှုအများဆုံး မဟာမိတ်ကတော့ ချင်းပြည်နယ်ထဲက လက်နက်ကို်င်အုပ်စု ခြောက်ဖွဲ့ ပေါင်းထားတဲ့ ချင်းညီနောင်မဟာမိတ် (CBA) ဖြစ်ပုံရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်မှာဆိုရင် CBA ဟာ မတူပီမြို့ကို စစ်တပ်လက်ကနေ သိမ်းယူခဲ့ပါတယ်။
အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်က ဝင်လာမယ့် အခြေခံကုန်စည် စီးဆင်းမှု လမ်းကြောင်းတွေကို ထိန်းချုပ်ထားနိုင်ရေးမှာ မတူပီမြို့အပါအဝင် ဆက်စပ်ဧရိယာတွေကို သိမ်းယူနိုင်ခဲ့တာဟာ AA အတွက် အသက်တမျှ အရေးပါတယ်လို့ ယူဆရပါတယ်။
အပိုင်း (၂) ကို မကြာမီ ဆက်လက်ဖော်ပြသွားပါမည်။
ဗီချန်ဒရာကူးမား
The Diplomat မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Rajeev Bhattacharyya ရဲ့ 5 Factors That Catapulted Arakan Army to Unprecedented Success Against the Myanmar Military ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ Rajeev Bhattacharyya ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။