ဒေါ်လာ ၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားတဲ့ကျွန်းပေါ်က ဒေသခံတွေရဲ့ဘဝ
တကယ်တော့ ဒီစီမံကိန်းကြီးမှာ နောက်ဆက်တွဲအဖြစ် ကျောက်ဖြူ - ကူမင်း ရထားလမ်း စီမံကိန်းကလည်း သက်ဝင်လှုပ်ရှားလို့ နေပါတယ်။ လက်ရှိအချိန်ထိတော့ ကူမင်းကနေ မန္တလေးအထိသာ မြန်မာအစိုးရဘက်က ခွင့်ပြုထားတယ်ဆိုပေမဲ့ တရုတ်အစိုးရရဲ့ စီးပွားရေးမူဝါဒအရ ရခိုင်ပြည်နယ် မဒေးကျွန်းအထိရောက်အောင် သဘောတူညီမှုတစ်မျိုးမျိုးနဲ့ ဖောက်လုပ်လာနိုင်ပါတယ်။ ဥပမာ - ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့လို နေရာတွေမှာ စက်မှုဇုန်တွေ ထူထောင်ပေးမယ်ဆိုတဲ့ သဘောတူညီမှုမျိုး လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်တဲ့သူတွေလည်း ရှိနေပါတယ်။
09 Dec 2019
Written by > တောင်စဉ်သား
ဒီဇင်ဘာ ၉၊ DMG
လွန်ခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်လောက်က ပြည်မကလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့ဆုံဖို့ ကျောက်ဖြူမြို့ကို ခရီးထွက်ခဲ့ပါတယ်။ ကျွန်တော့်မိတ်ဆွေက မှတ်တမ်းရုပ်ရှင်သမားတစ်ယောက်ဆိုတော့ သူက ဒီ ကျောက်ဖြူ-ကူမင်း ဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်းနဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း ဖြတ်သန်းသွားရာတလျှောက် ဒေသခံပြည်သူတွေရဲ့ ထိခိုက်နစ်နာမှု၊ အကျိုးအမြတ်ရရှိမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေကို မှတ်တမ်းရုပ်ရှင်တစ်ခု ထုတ်လုပ်မယ်လို့ သိရပါတယ်။
ကျောက်ဖြူကို ရောက်သွားတော့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီကလူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
အဲဒီကမှတဆင့် တရုတ်တွေ ဒေါ်လာ ၃ ဘီလျံကျော်လောက် ရင်းနှီးမြှုပ်နှံထားတဲ့ မဒေးကျွန်းကို ခရီးဆက်ထွက်ခဲ့ကြပါတယ်။ ကျောက်ဖြူကနေ မဒေးကျွန်းကို ပဲ့ထောင်စက်လှေငယ်လေးနဲ့ ၁ နာရီလောက် သွားလိုက်ရင် ရောက်ပါတယ်။
မဒေးကျွန်းကို ရောက်တော့ တရုတ်တွေရဲ့ ရေနက်ဆိပ်ကမ်းကို ကြည့်ချင်တယ်ပြောတဲ့အခါ စက်လှေသမားက ကြောက်ကြောက်လန့်လန့်နဲ့ လိုက်ပို့ပေးလို့ ကျောက်မော်ကြီးဆိုတဲ့နေရာမှာ တည်ဆောက်ထားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ သိုလှောင်ရုံတွေကို မြင့်တွေ့ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ အနီးကပ်တော့ ကြည့်ခွင့် မရခဲ့ပါဘူး။ အဲဒီ စီမံကိန်းနေရာအနီးမှာ တပ်မတော်(ရေ) စစ်သင်္ဘောတချို့ ဆိုက်ကပ်ထားတာကို တွေ့ရပြီး အဲဒီအနီးအနားကဖြတ်ရင် စစ်ဆေးမေးမြန်းတာ၊ တားဆီးတာတွေလုပ်တယ်လို့ စက်လှေသမားက ပြောပြလို့ သိခဲ့ရပါတယ်။ အဲဒါနဲ့ပဲ အနားအထိ ကပ်မကြည့်တော့ဘဲ ပြန်လှည့်လာခဲ့ကြရတယ်။
ကျောက်မော်ကြီးကနေ နောက်ပြန်လှည့်ပြီး ၁၀ မိနစ်လောက် မောင်းလာတဲ့အခါမှာတော့ မဒေးကျွန်းရဲ့ ဆိပ်ကမ်းကို ရောက်ရှိပါတော့တယ်။ ကျောက်ဖြူမြို့နယ် အောက်မြဒေးကျွန်း ဆိပ်ကမ်းမှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ အပြာရောင်နောက်ခံပေါ်မှာ အဖြူရောင်နဲ့ရေးထားတဲ့ ဆိုင်ဘုတ်လေးကတော့ အတော်အသင့် ထည်ဝါနေတာကို တွေ့မြင်ရပါတယ်။
ယင်းဆိုင်းဘုတ်နဲ့အတူ ကတ်ထူစက္ကူပြားပေါ်မှာ မှင်နဲ့ရေးထားတဲ့ ကျေးရွာအတွင်း အရက်သေစာရောင်းချ၊ သောက်သုံးခွင့်ကို ပိတ်ပင်ထားတဲ့ ကျေးရွာဂါမ ပညတ်ချက်တစ်ခုကိုလည်း ယှဉ်တွဲပြီး ချိတ်ဆွဲထားတာကို မြင်တွေ့ခဲ့ရပါတယ်။
မဒေးကျွန်းပေါ်မှာ ကျေးရွာအုပ်စု နှစ်ခုရှိပြီးတော့ ပြိန်၊ ရွာမ၊ ကျောက်တန်းနှင့် ပန်းထိမ်ဆည်ဆိုတဲ့ ရွာလေးရွာရှိပြီး အိမ်ခြေပေါင်း ၇၄၀ ကျော် ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ အဓိက စီးပွားရေးအနေနဲ့ ရေလုပ်ငန်း၊ ကွမ်းသီးလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတို့ကို လုပ်ကိုင်ကြတယ်လို့လည်း ယင်းကျွန်းပေါ်မှာ ထော်လာဂျီမောင်နေသူတစ်ဦးက ပြောပြပါတယ်။
မဒေးကျွန်းဆိပ်ကမ်းကနေ တရုတ်တို့ရဲ့စီမံကိန်းတည်ရှိရာ ကျောက်မော်ကြီးသို့ ထော်လာဂျီနဲ့ ခရီးဆက်ခဲ့ကြပါတယ်။ ထော်လာဂျီနဲ့ ၁၅ မိနစ်လောက် သွားပြီးတဲ့အခါမှာတော့ ထည်ဝါလှတဲ့ အဆောက်အဦးတွေကို မြင်တွေ့ရပါတော့တယ်။ ဒါပေမဲ့ အဲဒီနေရာက ကန့်သတ်ထားတဲ့နယ်မြေ ဖြစ်တဲ့အတွက် အနီးအနားအထိတော့ သွားခွင့်မရခဲ့ပါဘူး။
ဒီ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း စီမံကိန်းဟာဆိုရင်ဖြင့် တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ CNPC ကုမ္မဏီက တည်ဆောက်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားတာလည်း ဖြစ်ပါတယ်။
ဒီကျွန်းပေါ်မှာ ကျေးရွာ လေးရွာသာ ရှိတယ်လို့ ပြောပေမဲ့လည်း အဲဒီ စီမံကိန်းဧရိယာမှာ ပါဝင်လုပ်ကိုင်နေကြသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ လာရောက်နေထိုင်ကြတဲ့ အိမ်ခြေ ၃၀ ခန့်ရှိတဲ့ ရွာလေးတစ်ရွာကို တွေ့ခဲ့ရပါတယ်။ ရွာလေးကို လျှောက်ကြည့်ရင်း စာသင်နေတဲ့ ကလေးတွေရဲ့အသံကို ကြားလို့ ဘေးဘီဝဲယာကို လိုက်ကြည့်တဲ့အခါ တဲကုပ်သာသာ ခနိုခနဲ့ ဆောက်လုပ်ထားတဲ့ အဆောင်လေးတစ်ခုထဲက စာရွတ်တဲ့ အသံတွေ ထွက်နေတာ မြင်လိုက်ရတော့ စိတ်ထဲမကောင်းဖြစ်မိခဲ့တယ်။
ကျောင်းဆောင်လေးက လမ်းမကို ဘေးတိုက်အနေအထားလေးဆောက်ထားတော့ ကျောင်းရဲ့ဆိုင်းဘုတ်ကလေးဟာလည်း ကျောင်းရဲ့ဘေးမှာ ချိတ်ဆွဲထားတာ တွေ့လိုက်ရတယ်။ အခြေခံပညာ မူလတန်းကျောင်း ကျောက်မော်ကြီးကျေးရွာ ကျောက်ဖြူမြို့နယ် လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်လေးဟာ အရောင်တွေပြေမှိန်ကာ ညှိုးငယ်စွာတည်ရှိနေပါတယ်။
အမှန်တကယ်တော့ ဒီကျောင်းဆောင်ကလေးဟာ တရုတ်တို့ရဲ့ စီမံကိန်းကွပ်ကဲရေးရုံးနဲ့ဆိုရင် မီတာ ၁၀၀ လောက်သာ ဝေးတဲ့နေရာမှာ တည်ရှိနေတာပါ။ ရွာလမ်းကို ကြည့်လိုက်ပြန်တော့ ချိုင့်ခွက်တွေ၊ ကျောက်တုံးတွေနဲ့ မြင်မကောင်းအောင်ပဲ ဆိုးဝါးလှပါတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် ကျေးရွာက ကိုယ်ထူကိုယ်ထ တည်ထောင်ထားတဲ့ စာသင်ကျောင်းလေးမှာ ကျောင်းသားမိဘတွေက လစာပေးပြီး ငှားရမ်းထားတဲ့ ဆရာမလေး နှစ်ယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။
ဒီကျေးရွာလေးဟာ အစိုးရက တည်ဆောက်ပေးထားတဲ့ ကျေးရွာတစ်ရွာမဟုတ်ပေမဲ့လည်း ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာနဲ့ တခြားကျေးရွာတွေကို ဆက်သွယ်ပေးထားတဲ့လမ်းပေါ်မှာပဲ တည်ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လျှပ်စစ်မီးနှင့် သောက်သုံးရေ မရရှိပါဘူး။ တရုတ်တို့ရဲ့ စီမံကိန်းတွေအတွက် ရေချိုရရေးဟာလည်း အဓိက ပါဝင်တာကြောင့် ဒီစီမံကိန်းရဲ့ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာမှာတော့ တာတမံတစ်ခုကိုတည်ဆောက်ထားပြီး အဲဒီတာတမံက ရေတွေကို ပိုက်လိုင်နဲ့ သွယ်တန်းထားတယ်လို့ ဒီရွာလေးမှာ ဈေးရောင်းနေတဲ့ ဒေါ်ဝေတင်က ပြောပါတယ်။
“သူတို့ကားတွေလည်း ဒီလမ်းကသွားနေကြတာပဲ။ ဒါပေမယ့် ဒီလမ်းလေးကို ဘာမှ မလုပ်ပေးကြဘူး၊ မိုးရာသီဆိုရင် ဒီလမ်းက ရွှံ့တွေဗွက်တွေနဲ့ သွားရတာ အဆင်မပြေဘူး။ သူတို့နေရာမှာတော့ မီးတွေ ထိန်ထိန်ပြောင်နေတာ ကျွန်မတို့မှာတော့ ကိုယ့်ဘာသာကိုယ် ဆိုလာပြားနဲ့ ဘက္ထရီမီးလေးပဲ သုံးနေရတယ်။တခါတလေ သင်္ဘောကြီးတွေကမ်းမှာ ကပ်ထားရင်တော့ အဲဒီက မီးရောင်က ရွာနောက်ဖက်က တစ်တောင်လုံးတောင် လင်းထိန်နေတာ။ ရေဆိုလည်း ဒီလိုပဲ၊ ကျွန်မတို့နေတဲ့ ရွာထဲကပဲ မြေကြီးထဲမြှုပ်ပြီး သွယ်ထားတာ၊ ကျွန်မတို့ကတော့ ရေမရဘူး”လို့ လွန်ခဲ့တဲ့ ၈ နှစ်ခန့်က တောင်ကုတ်မြို့နယ်က ပြောင်းရွှေ့လာရောက်နေထိုင်သူ ဒေါ်ဝေတင်က ဆိုပါတယ်။
စီမံကိန်းကြီးတွေမှာ လာရောက်လုပ်ကိုင်ရင် ဝင်ငွေအများအပြားရမယ်ထင်ပြီး နေ့စားအလုပ်သမားများအဖြစ် လာရောက် လုပ်ကိုင်ကြသူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း လုပ်အားခတွေက နိုင်ငံတော်က သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခ ၄၈၀၀ တောင် မရကြဘဲ တစ်နေ့ကို ၄၀၀၀ နဲ့ အလုပ်လုပ်နေကြတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ ဒေသခံရေလုပ်သားတွေအနေနဲ့လည်း ငါးသယံဇာတ ရှားပါလာတာအပြင် စီမံကိန်းဧရိယာတဝိုက်နဲ့ သံဇစ်မြစ်မှာပါ ငါးမဖမ်းရတဲ့ နေရာကန့်သတ်ချက်တွေ ရှိနေတာကြောင့် ငါးပုဇွန် ရရှိမှုမှာ အရင်ကထက် နည်းပါးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံဇစ်မြစ်ရဲ့ အလယ်ရိုးတစ်လျှောက်ကို သင်္ဘောကြီးများ ဝင်ထွက်သွားလာရာလမ်းကြောင်းအဖြစ် ဟိုဖက်ဒီဖက် ၁ မိုင်နီးပါးခန့်ကို ဗောကြီးတွေချထားပြီး အဲဒီဗောကြီးတွေချထားတဲ့ အလယ်ကြားမှာ ဘယ်သူမှ ပိုက်ချခွင့် မရှိကြပါဘူး။ ဒီလမ်းကြောင်းဟာ တကယ်တော့ တရုတ်ရေနံတင်သင်္ဘောကြီးတွေ သွားလာရအဆင်ပြေအောင် လုပ်ပေးထားတာဖြစ်ပါတယ်။
ရန်ကုန်ကနေ ရောက်လာပြီးတော့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးတဲ့အဖွဲ့ထဲက ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) ခေါင်းဆောင်ဟောင်းတစ်ယောက်ကတော့ “ဒီစီမံကိန်းကနေ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမယ်၊ ပြည်သူတွေဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ဘယ်လိုအနေအထားကိုကြည့်ပြီး ယုံကြည်ရမှာလဲ။ အခုပဲ ကြည့်လေ ဒီလောက်နီးနီးလေးမှာ နေထိုင်တဲ့လူတွေတောင် ရေမရှိ၊ မီးမရှိ နေထိုင်နေကြရတာ၊ သင်စာကျောင်း အပြိုအပျက်နဲ့ စာသင်နေရတာ၊ သူတို့ကိုယ်တိုင် သွားနေတဲ့လမ်းလေးကိုတောင် ပြင်မပေးတာ။ နိုင်ငံနဲ့ချီပြီး အကျိုးအမြတ် ဖြစ်ထွန်းလာမယ်ဆိုတာ စကားလုံးသက်သက်ပဲဖြစ်မယ်” လို့ သုံးသပ်ခဲ့ပါတယ်။
တကယ်တမ်း ကြည့်လိုက်တော့လည်း မျက်စိရှေ့မှာ ကွက်ကွက်ကွင်းကွင်း မြင်နေရတာက ယိုင်နဲ့နဲ့ စာသင်ကျောင်းဆောင်လေးနဲ့ သူနောက်က အဆောက်အဦးကြီးက မလိုက်ဖက်လှပါဘူး။
နောက်တစ်ခု ထူးခြားတာကတော့ မဒေးကျွန်း ဆိပ်ကမ်းအနီးက သဘာဝအတိုင်းပေါက်ရောက်နေတဲ့ ဒီရေတောလေးတွေမှာ ကုမ္မဏီး ဆိုင်းဘုတ်လေးတွေ စိုက်ထူထားတာပါပဲ။ စစချင်းမြင်မိတဲ့အချိန်က သဘာဝပတ်ဝန်းကျင်သမားတွေက ဒီရေတောလေးတွေ ကိုယ်တိုင်စိုက်ပျိုးထားတယ်အထင်နဲ့ ဆိပ်ကမ်းမှာတွေ့တဲ့ ငါးဖမ်းသမားတစ်ယောက်ကို မေးကြည့်တော့ “ဘယ်သူမှ လာစိုက်တာတော့ မတွေ့မိပါဘူး၊ နဂိုကတည်းရှိနေတဲ့အပင်လေးတွေပါ၊ နောက်တော့ ဆိုင်းဘုတ်တွေ ရောက်လာတာပဲတွေ့တယ်” လို့ ဆိုပါတယ်။
တကယ်တော့ ဒီစီမံကိန်းကြီးမှာ နောက်ဆက်တွဲအဖြစ် ကျောက်ဖြူ - ကူမင်း ရထားလမ်း စီမံကိန်းကလည်း သက်ဝင်လှုပ်ရှားလို့ နေပါတယ်။ လက်ရှိအချိန်ထိတော့ ကူမင်းကနေ မန္တလေးအထိသာ မြန်မာအစိုးရဘက်က ခွင့်ပြုထားတယ်ဆိုပေမဲ့ တရုတ်အစိုးရရဲ့ စီးပွားရေးမူဝါဒအရ ရခိုင်ပြည်နယ် မဒေးကျွန်းအထိရောက်အောင် သဘောတူညီမှုတစ်မျိုးမျိုးနဲ့ ဖောက်လုပ်လာနိုင်ပါတယ်။ ဥပမာ - ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့လို နေရာတွေမှာ စက်မှုဇုန်တွေ ထူထောင်ပေးမယ်ဆိုတဲ့ သဘောတူညီမှုမျိုး လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်တဲ့သူတွေလည်း ရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီရထားလမ်းသာ ပေါက်သွားခဲ့ရင် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်တွေဟာ တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေလက်ကြားကို ဖြတ်စရာမလိုဘဲ တရုတ်ကနေ ကျောက်ဖြူ၊ ကျောက်ဖြူကနေ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဈေးကွက်ကို ကုန်ကျစရိတ် အနည်းငယ်နဲ့ ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်။
အချိန်ကလည်း အများကြီး မပေးနိုင်တာနဲ့ ဒေသခံပြည်သူတချို့နဲ့ တွေ့ဆုံပြီး နေဝင်ခါနီးလောက် ပြန်မယ်ဆိုတော့ စက်လှေမောင်းသမားက နေဝင်ရင် ပြန်ရတာအဆင်မပြေဘူး၊ စောစောလုပ်ကြပါဆိုတာနဲ့ပဲ ညနေလေးနာရီလောက်မှာ မဒေးကျွန်းကို နှုတ်ဆက်ခဲ့ရပါတယ်။
စက်လှေသမား ပြောပြတာကတော့ ကျောက်ဖြူနဲ့ မဒေးကျွန်းကြားမှရှိတဲ့ သစ်ပုတ်တောင် ရေတပ်ဌာနချုပ်စခန်းအနီး ညနေ ၆ ကျော်ရင် ဖြတ်သန်းသွားလာခွင့် မရှိတော့ဘူးလို့လည်း သိရပါတယ်။ မကြာသေးမီ လပိုင်းလောက်က ရေတပ်စခန်းအနီမှာ လင်မယားနှစ်ယောက်စီးလာတဲ့ စက်လှေကို ပစ်ခတ်ခဲ့ရာမှာ လင်ယောက်ျားဖြစ်သူ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖြူအထူးစီးပွားရေဇုန် (SEZ) နဲ့ ပတ်သက်လို့လည်း ဝိဝါဒကွဲပြားမှုတွေလည်း ရှိနေပါတယ်။ စီပွားရေးလုပ်ငန်းတွေဝင်လာရင် အလုပ်အကိုင်အခွ့်အလမ်းတွေ ပေါများလာမယ်၊ နည်းပညာတွေဖွံ့ဖြိုးလာမယ် ဆိုပြီး ထောက်ခံတဲ့သူတွေ ရှိသလို၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိလာမယ်၊ လယ်ယာမြေသိမ်းဆည်းခံရမှုတွေ ရှိလာမယ်၊ အဓမ္မ ပြောင်းရွှေ့မှုတွေ ဖြစ်လာပြီး ကုမ္မဏီးကြီးတွေကပဲ အကျိုးအမြတ်ရကာ ဒေသခံတွေအတွက် အကျိုးခံစားခွင့် တစ်စုံတရာ အာမခံချက်မရှိဆိုပြီး ကန့်ကွက်တဲ့လူတွေလည်း ရှိနေပါတယ်။
မဒေးကျွန်းပေါ်မှာ ပြုလုပ်ထားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတဲ့အပေါ် ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းကြည်ကတော့ “ပထမဆုံး နစ်နာသူတွေကတော့ ဒေသခံပြည်သူတွေပေါ့၊ ရှာဖွယ်စားသောက်ရတဲ့ နယ်မြေကျဉ်းသွားတယ်။မြေယာ သိမ်းဆည်းခံရမှုတွေရှိတယ်၊ ဒါပေမဲ့ သူတို့ဘဝတွေ ဘာမှ တိုးတက်ပြောင်းလဲမသွားဘူး။ နောက်ထပ် နစ်နာသူတွေကတော့ ရခိုင်ပြည်သူတွေပေါ့၊ ဒီ ဂက်စ်တို့ ဘာတို့ ရောင်းချလို့ရတဲ့ ငွေတွေကို မူလပိုင်ရှင်ရခိုင်ပြည်နယ်အတွက် ရာခိုင်နှုန်းဘယ်လောက် ပြန်သုံးမယ်လို့ သတ်မှတ်ထားတာ မရှိတော့ ဒုတိယအနေနဲ့ ရလိုင်ပြည်သူတွေ နစ်နာမယ်။ နောက်ထပ် နစ်နာတာကတော့ မြန်မာအစိုးရပေါ့။ အခုတော့ အကျိုးအမြတ်ရနေတာမှန်ပေမဲ့ ရေရှည်မှာဆိုရင် အစိုးရကိုယ်တိုင်က ရသင့်သလောက်မရတဲ့အတွက် နစ်နာမှုတွေ ရှိလာမှာအမှန်ပဲ။ ဒါပေမဲ့ ဒီစီမံကိန်းတွေပေါ်ကနေ တရုတ်အစိုးရကတော့ အမြဲတမ်းအကျိုးအမြတ် ရနေမှာပဲ”လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
ကျောက်မော်ကြီးကျေးရွာက ရွှေ့ပြောင်အခြေချနေထိုင်သူ ဒေါ်ဝေတင်ကတော့ သူကိုယ်တိုင် ကျောက်တစ်ကျင်းကို တစ်သောင်းပေးပြီး နှစ်သောင်းဖိုးခင်းထားရတဲ့ လမ်းကလေးကောင်းစေချင်တာရယ်၊ ကျောင်းသားမိဘတွေက ကလေးတစ်ယောက်အတွက် နှစ်သောင်းခွဲစီ ကျခံနေရတဲ့စရိတ်တွေကို အကုန်အကျ သက်သာစေလိုတာရယ်ကြောင့် စီမံကိန်းဧရိယာ အနီးက ကျေးရွာလေးကို အစိုးရပိုင်းက မဆောင်ရွက်နိုင်ရင်တောင် ကုမ္မဏီပိုင်းက ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရင် သူတို့ရွာလေးရဲ့ အခြေအနေဟာ တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်နေဆဲပဲဖြစ်ပါတယ်။