ရမ်းဗြဲတွင် ရေနံတူးဖော်နေသူ ၁၀ ကျော် ဖမ်းဆီးခံရ

ဇူလိုင်လ ၁၉ ရက်နေ့က ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ရေနံလုပ်ကွက်သို့ ရောက်ရှိလာပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသည်ဟုဆိုကာ ရေနံတူးဖော်နေမှုကို ရပ်ဆိုင်းရန်ပြောကြားခဲ့သည်။

By Admin 21 Jul 2023

လေးတောင်မြို့အနီး စမ်းသပ်တူးဖော်နေသော ရေနံလုပ်ကွက်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
လေးတောင်မြို့အနီး စမ်းသပ်တူးဖော်နေသော ရေနံလုပ်ကွက်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၁

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၄) ရပ်ကွက် တောလယ်ရွာအနီးတွင် ရေနံလုပ်ကွက် စမ်းသပ်တူးဖော်နေသူ ၁၃ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ရေနံလုပ်ကွက်သို့ ရောက်ရှိလာပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသည်ဟုဆိုကာ ရေနံတူးဖော်နေမှုကို ရပ်ဆိုင်းရန်ပြောကြားခဲ့သည်။

ယင်းနောက် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်ရဲစခန်းတွင် ခံဝန်လက်မှတ်ထိုးရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဟု အမည်မဖော်လိုသူ လေးတောင်ဒေသခံတစ်ဦးက ပြောသည်။

“ရဲစခန်းက လက်မှတ်ထိုးဖို့ခေါ်တဲ့အတွက် သူတို့တွေက အဲဒီကို သွားလိုက်ကြတာ။ ရဲစခန်းကိုရောက်တော့ ပြန်မလွှတ်တော့ဘဲ အဖမ်းခံလိုက်ရတာလို့ သိရတယ်။ ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး နောက်ထပ်ထူးခြားတဲ့ အခြေအနေတွေတော့ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ လာရောက်ကာ ရေနံစမ်းသပ်တူးဖော်နေသူများဖြစ်ပြီး လက်ရှိတွင် မည်သည့်သတင်းအစအနမှ မသိရှိရသေးပေ။

လေးတောင်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က “မနေ့ကတော့ ရေနံတူးဖော်တဲ့ထဲက ၃ ယောက်ကို မြို့နယ်ရဲတပ်ဖွဲ့က ခေါ်သွားတယ်လို့တော့ သိရတယ်။ ကျန်တဲ့အခြေအနေတွေကိုတော့ ကျနော်လည်း သေချာမသိရသေးပါဘူး” ဟု ပြောသည်။

လေးတောင်မြို့၊ တောလယ်ရွာအနီးတွင် ဒေသခံများအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ ရေနံလုပ်သား ၁၀၀ ခန့် လာရောက်ကာ ယခုနှစ် ဇန်နဝါရီလမှစ၍ ရေနံစပ်းသပ် တူးဖော်နေခြင်းဖြစ်သည်။ ရေနံတွင်းပေါင်း ၅၀ ခန့်ကို စမ်းသပ်တူးဖော်ထားပြီး မြေအောက်အနက် ပေ ၆၀၀ နှင့် ၁,၀၀၀ ကြားတွင် ရေနံ အနည်းငယ်တွေ့ရှိထားကြောင်း တူးဖော်နေသူများထံမှ သိရသည်။

ရေနံတစ်တွင်း တူးဖော်ရန်အတွက် ကာလပေါက်ဈေးအရ ငွေကျပ် သိန်း ၁၅၀ ဝန်းကျင်ကုန်ကျပြီး ရေနံမထွက်၍ အရှုံးပေါ်နေရသည်အထဲ ယခုကဲ့သို့ ဖမ်းဆီးခံရသဖြင့် ဆုံးရှုံးမှုပိုကြီးမားသွားသည်ဟု ရေနံလုပ်သားများက ပြောကြသည်။

ဖမ်းဆီးခံရသည့် ရေနံလုပ်သားနှင့် နီးစပ်သူတစ်ဦးက “ဖမ်းဆီးတာမျိုးထက် ညှိနှိုင်းတာမျိုး လုပ်ပေးသင့်တယ်။ တရားမဝင်ဘူးဆိုရင်လည်း တရားဝင်အောင် ဘယ်လိုလုပ်ကြမလဲ။ တကယ်လို့ ဒီရေနံတူးဖော်မှု အောင်မြင်ခဲ့မယ်ဆိုရင် ဒေသတွင်းအလုပ်အကိုင်တွေ အများကြီးရှိလာနိုင်တဲ့အတွက် ဒါကို ခွင့်ပြုဖို့သင့်ပါတယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းထံ DMG က ဆက်သွယ်ခဲ့ရာတွင် အစည်းအဝေးတက်ရောက်နေ၍ မအားလပ်ကြောင်း ပြောဆိုသဖြင့် တုန့်ပြန်မှုမရရှိခဲ့ပေ။

လက်ရှိ ရေနံစမ်းသပ်တူးဖော်နေသော နေရာအနီးတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်အချိန်က မိရိုးဖလာ ရေနံတူးဖော်မှုလုပ်ငန်းများရှိခဲ့ပြီး ယခုတဖန် မြေတူးစက်များဖြင့် စမ်းသပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ရေနံတူးဖော်မှု အောင်မြင်ပါက တပိုင်တနိုင် ရေနံလုပ်ငန်းများ တွင်ကျယ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှိလာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယခင်က ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ တပိုင်တနိုင် ရေနံတူးဖော်ရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သော်လည်း တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်း စတင်ချိန်မှစ၍ ရေနံထွက်ရှိမှုနည်းပါးသွားကာ ရေနံလုပ်ကွက်များလည်း ပျောက်ကွယ်သွားခဲ့ရသည်။

#I008