မဒေးကျွန်း ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောလမ်းကြောင်း ပြုပြင်မည်ဖြစ်၍ သွားလာခွင့် နှစ်လခွဲပိတ်ပင်

မဒေးကျွန်းဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအား ပြုပြင်တူးဖော်ခြင်းလုပ်ငန်း (Dredging Project)ကို လာမည့် ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ 

By Admin 04 Jul 2024

မဒေးကျွန်းဆိပ်ကမ်းတွင် တန်ချိန် ၃၀၀,၀၀၀ ဆန့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။ 
မဒေးကျွန်းဆိပ်ကမ်းတွင် တန်ချိန် ၃၀၀,၀၀၀ ဆန့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။ 

DMG ၊ ဇူလိုင် ၄ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းတချို့ကို လုပ်ဆောင်သွားမည်ဖြစ်၍ မဒေးကျွန်းအနီးပင်လယ်ပြင်တွင် ဒေသခံများသွားလာခွင့်ကို စစ်ကောင်စီက နှစ်လခွဲအထိ ပိတ်ပင်လိုက်သည်။ 

မဒေးကျွန်းဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအား ပြုပြင်တူးဖော်ခြင်းလုပ်ငန်း (Dredging Project)ကို လာမည့် ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်သည်။ 

Hopper Dredger, Reem Island (Call Sign: V7OJ2) ရေယာဉ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရေလမ်းကြောင်း တူးဖော်မည့်ဧရိယာ၊ ရာသီဉတုဆိုးရွားပါက ခေတ္တနားခိုမည့်ဧရိယာ၊ မြေသားစုပုံမည့်ဧရိယာ စသည့် သြဒိနိတ်များ သတ်မှတ်ထားသည်။ 

ထို့ကြောင့် ရေလမ်းကြောင်းအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းခွင်ဧရိယာမှ ၅၀၀ မီတာပတ်လည်နှင့် ရာသီဥတု ဘေးအန္တရာယ်ခိုလှုံမည့်ဧရိယာမှ ၂၅၀ မီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရဟု စစ်ကောင်စီက ထုတ်ပြန်သည်။
    
စစ်ကောင်စီကန့်သတ်ချက်ကြောင့် ပင်လယ်ပြင်ကို အမှီပြုနေရသော ဒေသခံပြည်သူများမှာ အခက်အခဲများနှင့် ကြုံတွေ့လာရနိုင်ကြောင်း ပြောဆိုကြသည်။ 

“မဒေးကျွန်းဘက်က ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေကြတာ။ အဲဒါကို နှစ်လကျော်ပိတ်လိုက်ရင်တော့ ရေလုပ်ငန်းနဲ့ အသက်မွေးနေသူတွေမှာ စားရေးသောက်ရေးခက်ခဲသွားမယ်။ နောက်တစ်ခုက ကျန်းမာရေးကိစ္စအတွက် အရေးပေါ်သွားလာရာမှာလည်း  အခက်အခဲတွေ ရှိလာနိုင်တယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် AA တို့ စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီသည် တရုတ်စီမံကိန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်နေခြင်းမှာ တရုတ်၏အကာအကွယ်ကို တဖက်လှည့်ဖြင့် ရယူနေခြင်းဖြစ်သည်ဟု နိုင်ငံခြားစီမံကိန်းများကို စောင့်ကြည့်လေ့လာသူများက ပြောသည်။ 

တရုတ်စီမံကိန်းစောင့်ကြည့်သူ ဦးထွန်းကြည်က “ဒီလိုတိုက်ပွဲကာလမှာ စစ်ကောင်စီက တရုတ်စီမံကိန်းတွေကို အကောင်ထည်ဖော်နေတာက တရုတ်က ဖိအားပေးနေတာလည်း အများကြီးပါမယ်။ တရုတ်ဘက်ကတော့ သူတို့စီမံကိန်းတွေကို လုံးဝ အထိခိုက်ခံမှာ မဟုတ်ဘူး။ နောက်တစ်ခုက  စစ်ကောင်စီဟာ AA ရဲ့ မြို့သိမ်းတိုက်ပွဲကို ခုခံနိုင်စွမ်းမရှိတော့ တရုတ်ရဲ့အကူအညီကိုယူပြီး ကာကွယ်ချင်နေတာလည်းပါတယ်” ဟု ပြောသည်။  

ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီ ရေကြောင်းရဲတပ်ဖွဲ့ကို တရုတ်က ကင်းလှည့်ရေယာဉ် ၆ စီး ထောက်ပံ့ပေးခဲ့သည်။ 

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ဆို့ထားပြီး၊ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ကြိုကြားဖြစ်ပွားမှုလည်း ရှိနေသည်။ သို့သော်လည်း အခြားမြို့နယ်များကဲ့သို့ မြို့သိမ်းတိုက်ပွဲအထိ ပြင်းထန်ခြင်း မရှိသေးပေ။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ထဲမှကွန်တိန်နာပေါင်း (၇)သန်း ကုန်တင်ကုန်ချပြုလုပ်နိုင်မည့် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က လျာထားကြောင်း သိရသည်။ 

ဗီဒီယိုများ