မန္တလေးနှင့် မကွေးတိုင်းရှိ ရေနံလုပ်ကွက်များ ပိတ်သိမ်းခံရ၍ လူသုံးသိန်းကျော် အလုပ်လက်မဲ့ဖြစ်နေ

မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ ရေနံလုပ်ကွက်များ ပိတ်သိမ်းခံရ၍ လုပ်ငန်းရှင်နှင့် အလုပ်သမား သုံးသိန်းကျော်မှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း ရေနံမြေလုပ်ငန်းရှင်များထံမှ သိရသည်။

By Admin 12 Jun 2023

ဓာတ်ပုံ - တက်မ ရေနံမြေ လုပ်သားများ စုံစည်းရာ
ဓာတ်ပုံ - တက်မ ရေနံမြေ လုပ်သားများ စုံစည်းရာ

DMG ၊ ဇွန် ၁၂

မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ ရေနံလုပ်ကွက်များ ပိတ်သိမ်းခံရ၍ လုပ်ငန်းရှင်နှင့် အလုပ်သမား သုံးသိန်းကျော်မှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း ရေနံမြေလုပ်ငန်းရှင်များထံမှ သိရသည်။

မကွေးတိုင်း မင်းဘူးအနာက်ရှိ ရေနေမ၊ ဓါးပင်၊ သရက်မြို့နှင့် အထက်မင်းလှရှိ ငနောင်မှန်း၊ ရေနံမ၊ ထန်းကိုင်း၊ ရွာသစ်၊ ဒဟပ်ပင်၊ ကျောက်ထက်၊ နလဲ စသည့် ရေနံလုပ်ကွက်များကို စစ်ကောင်စီက ဇွန်လ ၅ ရက်နေ့တွင် ပိတ်သိမ်းလိုက်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ထိုရေနံလုပ်ကွက်များမှာ သက်တမ်း ၁၈ နှစ်ခန့်ရှိသော လုပ်ကွက်များဖြစ်ပြီး လုပ်ငန်းရှင်နှင့် အလုပ်သမား စုစုပေါင်း တစ်သိန်းကျော်ရှိကာ ၎င်းတို့သည် လက်ရှိတွင် အလုပ်လက်မဲ့ပြဿနှင့် ရင်ဆိုင်နေကြရသည်။

“ရှိသမျှကုန်ပြီဗျ။ လမ်းစရိတ်မရှိလို့ အိမ်ကနေ ငွေနှစ်သိန်း ပြန်မှာလိုက်ရတယ်။ ဘာဆက်လုပ်ရမယ်မှန်း မသိအောင် စိတ်ညစ်နေရတယ်” ဟု ငနောင်မှန်း ရေနံလုပ်ကွက်က လုပ်ငန်းရှင် ကိုနိုင်မင်းထက်က ပြောသည်။

ငနောင်မှန်း ရေနံလုပ်ကွက်တွင် ကလပ်နှင့် တူးလက်စ ပေ ၃၀၀ အနက်ရှိ ရေနံလုပ်ကွက်ကိုပါ ပိတ်သိမ်းခံရပြီး ရင်းနှီးမြှုပ်နှံမှုငွေ ကျပ်သိန်း ၃၃၀ ဆုံးရှုံးခဲ့ရကြောင်း ကိုနိုင်မင်းထက်က ဆက်ပြောသည်။

အလားတူ မန္တလေးတိုင်းရှိ တက်မရေနံလုပ်ကွက်ကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ပိတ်သိမ်းရန်ညွှန်ကြားခဲ့ပြီး လိုက်နာမှုမရှိလျှင် တည်ဆဲဥပဒေနှင့် ဒေသန္တရဥပဒေတို့ဖြင့် အရေးယူမည်ဟု ပြောဆိုသည့်အတွက် ပိတ်သိမ်းလိုက်ရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

တက်မရေနံလုပ်ကွက်တွင် လုပ်ငန်းရှင်နှင့် အလုပ်သမားစုစုပေါင်း နှစ်သိန်းခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဆိုကာ ပိတ်သိမ်းခံရခြင်းဖြစ်သည်။ ထိုစွပ်စွဲချက်အပေါ် လုပ်ငန်းရှင်များက ငြင်းဆန်ကြပြီး ၎င်းတို့မှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှု မရှိခဲ့ကြောင်း ပြောဆိုကြသည်။

“ကျနော်တို့ကတော့ နေ့ချင်းညချင်း အလုပ်လက်မဲ့ဖြစ်သွားတယ်။ ငယ်ငယ်ကတည်းက ရေနံအလုပ်ကိုလုပ်လာတော့ အခု ဘာလုပ်စားလို့ လုပ်စားရမှန်းမသိဘူး။ ကျနော်တို့လို လုပ်ငန်းရှင်တွေသာမက ကျင်းပက်တဲ့လုပ်သားတွေ၊ ဝါးတာဂျစ်လုပ်တဲ့သူတွေ၊ ဈေးဆိုင်တွေ၊ သုံးဘီးကားမောင်းသူတွေကအစ အလုပ်လက်မဲ့ဖြစ်သွားတယ်” ဟု တက်မရေနံလုပ်ကွက်မှ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရေနံလုပ်ကွက်များသည် PDF အဖွဲ့များကို ထောက်ပံ့နေကြောင်း စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများတက်လာပြီးနောက် စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်းရှိ ရေနံလုပ်ကွက်များကို ပြီးခဲ့သည့် မေလမှစ၍ စတင်ပိတ်သိမ်းခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနကလည်း ဒေသန္တရ ရေနံချက်လုပ်ငန်းများ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် သက်တမ်းရှိ လုပ်ငန်းလုပ်ကိုင်နေခြင်းတို့အား ဆိုင်းငံ့ထားမည်ဟု မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရေနံလုပ်ကွက်များ ပိတ်သိမ်းခံရသဖြင့် လုပ်ငန်းရှင်များမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခဲ့ရပြီး လုပ်ငန်းခွင်ကို အမှီပြုနေကြသည့် သိန်းနှင့်ချီသော အလုပ်သမားမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးပညာရေးကအစ အခက်ခဲများ ရှိနေကြသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်နှင့် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တစ်နှစ်ခွဲကျော်ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးမှုနှင့် အများဆုံးရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းခွင်အတွင်း အလုပ်ရရှိမှု ၁ ဒသမ ၁ သန်း နည်းပါးသွားကြောင်း ဖော်ပြသည်။

#I004