စမ်းသပ်တူးဖော်နေတဲ့ လေးတောင်မြို့က ရေနံလုပ်ကွက်သစ် (ဓာတ်ပုံသတင်း)

ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့က တောလယ်ရွာမှာ ဒေသခံတွေနဲ့အတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က ရေနံလုပ်သား (၁၀၀) ခန့်လာရောက်ပြီး ရေနံလုပ်ကွက်သစ်တွေကို စမ်းသပ်တူးဖော်နေပါတယ်။

By Admin 18 Jul 2023

စမ်းသပ်တူးဖော်နေတဲ့ လေးတောင်မြို့က ရေနံလုပ်ကွက်သစ် (ဓာတ်ပုံသတင်း)

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့က အမှတ် (၄) ရပ်ကွက်(တောလယ်ရွာ)မှာ ဒေသခံတွေနဲ့အတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က ရေနံလုပ်သား (၁၀၀) ခန့် လာရောက်ပြီး ရေနံလုပ်ကွက်သစ်တွေကို စမ်းသပ်တူးဖော်နေကြပါတယ်။

အဲဒီနေရာမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကနေ ရေနံ စမ်းသပ်တူးဖော်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ရေနံတွင်းပေါင်း ၅၀ ခန့် ရှိပါတယ်။ တွင်းအချို့မှာတော့ ရေနံအနည်းငယ်ထွက်ရှိတယ်လို့ ရေနံတူးနေသူတွေက ပြောကြပါတယ်။

ရေနံကို မြေအောက်အနက် ပေ ၆၀၀ နှင့် ၁,၀၀၀ ကြားမှာ တွေ့ရပေမယ့် နာရီပိုင်းမျှသာ ရေနံထွက်ရှိတာကြောင့် အဲဒီထက်အနက်ကို စမ်းသပ်တူးဖော်နိုင်ဖို့ စက်ယန္တရားနဲ့ နည်းပညာ အခက်အခဲတွေ ရှိနေကြတာပါ။

အခုစမ်းသပ်တူးဖော်နေတဲ့ ရေနံလုပ်ကွက်သစ်သာ အောင်မြင်ခဲ့ရင်တော့ ဒေသခံတွေ အလုပ်အကိုင် အဆင်ပြေလာနိုင်သလို တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စနစ်တကျ တူးဖော်သင့်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

အရင်က ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှာ တပိုင်တနိုင် ရေနံတူးဖော်ရေးလုပ်ငန်းတွေ တွင်ကျယ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း စတင်လာတဲ့နောက်ပိုင်းမှာ ရေနံထွက်ရှိမှု နည်းပါးသွားတာကြောင့် လက်ရှိမှာ တပိုင်တနိုင် ရေနံတူးဖော်ရေးလုပ်ကွက်တွေ မှေးမှိန်သွားခဲ့ရပါတယ်။

#I008