တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းမှ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ ဖမ်းချုပ်ထား

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က မ‌ဒေးကျွန်းရဲစခန်းမှ ရဲတပ်သားတစ်ဦးမှာ လက်နက်တိုက်ကို ဖောက်ထွင်းပြီး လက်နက်များကိုယူဆောင်ကာ AA ထံ ထွက်ပြေးသွားပြီးနောက် ကျန်ရဲတပ်သားများကို ဖမ်းဆီးထားခြင်းဖြစ်သည်။ 

By Admin 08 Aug 2024

ရခိုင်ပြည်၊ သံတွဲမြို့ရှိ ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်က တွေ့ရစဉ်။
ရခိုင်ပြည်၊ သံတွဲမြို့ရှိ ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၈ 

တရုတ်စီမံကိန်းတည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မဒေကျွန်းနယ်‌‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၇ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်‌ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က မ‌ဒေးကျွန်းရဲစခန်းမှ ရဲတပ်သားတစ်ဦးမှာ လက်နက်တိုက်ကို ဖောက်ထွင်းပြီး လက်နက်များကိုယူဆောင်ကာ AA ထံ ထွက်ပြေးသွားပြီးနောက် ကျန်ရဲတပ်သားများကို ဖမ်းဆီးထားခြင်းဖြစ်သည်။ 

“အဲဒီရဲတပ်သားက စခန်းမှာရှိသမျှလက်နက်တွေ အကုန်နီးပါးကို ယူပြီးတော့ ထွက်ပြေးသွားတာ။ သူထွက်ပြေးပြီး နောက်တစ်နေ့မှာ စစ်သားတွေရောက်လာပြီး ရဲစခန်းမှာကျန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကုန်လုံးကို ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်” ဟု ‌မဒေးကျွန်းဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးသွားသည့် ရဲတပ်သားထံတွင် လက်နက်ငယ် မျိုးစုံ ၁၀ လက်၊ ကျည်ဆံမျိုးစုံ အတောင့် ၅၀ ဆယ်ကျော်နှင့် လက်ပစ်ဗုံးများလည်း ပါသွားကြောင်း သိရသည်။ 

လက်ရှိတွင် မဒေးကျွန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)တပ်ရင်းနှင့် ကျောက်ဖြူ အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း DMG က စုံစမ်းသိရှိရသည်။

မဒေးကျွန်းရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၃ ဦးရှိပြီး တစ်ကျော့ပြန် ရခိုင်တိုက်ပွဲ နောက်ပိုင်းတွင် ယင်းရဲစခန်းမှ ULA/AA ထံသို့ လက်နက်ချဝင်ရောက်သူ ၄ ဦးထက်မနည်းရှိကြောင်း ‌ဒေသခံများက ပြောသည်။

“ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိုင်း စစ်သားတွေက ရောက်လာပြီးတော့ ဒီကျွန်းက အမျိုးသားတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်လေ့လုပ်ထရှိတယ်။ အဲဒါကြောင့် မတော်မတရား ဖမ်းဆီးခံရမှာစိုးလို့ တချို့အမျိုးသားတွေ ထွက်ပြေးနေကြရတယ်” ဟု ‌မဒေးကျွန်းဒေသခံ နောက်တစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့နယ်အတွင်း မဒေးကျွန်းအပါအဝင် မြိုချောင်း၊ စနဲ၊ ဇင်ချောင်း၊ မင်းပြင်၊ ကပိုင်ချောင်း၊ ကွမ်းချောင်း ကျေးရွာတို့တွင် နယ်မြေရဲစခန်းများရှိပြီး မဒေးကျွန်းမှလွဲ၍ အခြားရဲစခန်းများကို AA က သိမ်းပိုက်ထိန်းချုပ်သည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား ထိတွေ့တိုက်ပွဲအနည်းငယ်မှလွှဲ၍ တိုက်ပွဲများပြင်းထန်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုတို့ကြောင့် ကျေးရွာ ၃၀ မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။

မဒေးကျွန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာရှိနေပြီး မိုင် ၅၀၀ နီးပါး ရှည်လျားသော တရုတ်-မြန်မာ ရေနံပိုက်လိုင်း အစပြုသည့် နေရာလည်းဖြစ်သည်။

ရခိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၂၈ ခုအထိရှိပြီး တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်သည်။ အများစုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဖြစ်ကြောင်း ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းများအရ သိရသည်။