- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် J2-8243 သည် အဇာဘိုင်ဂျန်မှနေ၍ ရုရှားနိုင်ငံသို့ မိုင်ပေါင်း ရာနှင့်ချီကာ ပျံသန်းလာခဲ့ရာတွင် ကက်စပီယန်ပင်လယ်၏ တစ်ဖက်ကမ်းသို့အရောက်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။
26 Dec 2024
အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၂၅ ရက်နေ့က ကာဇက်စတန်နိုင်ငံ၊ အက်ခ်တာအူမြို့အနီးတွင် ပျက်ကျခဲ့ပြီး လူ ၃၈ ဦး အသက်ဆုံးရှုံးသွားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ယူကရိန်း၏ဒရုန်းတိုက်ခိုက်မှုကို မော်စကိုက ကာကွယ်ခဲ့သည့် ရုရှားနယ်မြေမှနေ၍ လမ်းကြောင်းပြောင်းလဲခဲ့ပြီးနောက် ယခုကဲ့သို့ ပျက်ကျခဲ့ခြင်းလည်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်ခဲ့သူ ၂၉ ဦးသည် လက်ရှိအချိန်တွင် ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် J2-8243 သည် အဇာဘိုင်ဂျန်မှနေ၍ ရုရှားနိုင်ငံသို့ မိုင်ပေါင်း ရာနှင့်ချီကာ ပျံသန်းလာခဲ့ရာတွင် ကက်စပီယန်ပင်လယ်၏ တစ်ဖက်ကမ်းသို့အရောက်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့က ငှက်အုပ်နှင့် ဝင်တိုးမိပြီး ယခုလို ပျက်ကျသွားခဲ့ခြင်းဖြစ်နိုင်ခြေ ရှိကြောင်း ပြောထားသည်။
သို့သော် လေကြောင်းစောင့်ကြည့်ရေး ကျွမ်းကျင်ပညာရှင် တစ်ဦးကမူ ယင်းအကြောင်းရင်းမှာ မဖြစ်နိုင်ကြောင်း အကြံပြုပြောကြားခဲ့သည်။
အာဏာပိုင်များက ပင်လယ်ပြင်ကို လေယာဉ် ဖြတ်ကျော်ပျံသန်းရသည့် အကြောင်းရင်းကို ချက်ချင်းရှင်းပြခြင်း မရှိသော်လည်း လေယာဉ်ပျက်ကျမှုမှာ ယခုလအတွင်း ရုရှားနိုင်ငံတောင်ပိုင်းရှိ ချေချင်းညာဒေသကို ယူကရိန်းက ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပျံသန်းမှု လမ်းကြောင်းပေါ်ရှိ အနီးဆုံး ရုရှားလေဆိပ်ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပိတ်ထားခဲ့သည်။
လေယာဉ်ဦးတည်ရာ လမ်းကြောင်းဖြစ်သော ဂရော့ဇ်နီ ရှိ ချီချင်းမြို့တွင် ယခုလအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ကိဗ်ဘက်က အသိအမှတ်ပြုထားခြင်း မရှိခဲ့ပေ။
အဇာဘိုင်ဂျန် သမ္မတ အယ်လ်ဟမ် အလီယက်ဗ် က ၎င်းရရှိထားသော အချက်အလက်များအရ လေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပြောင်းသွားခဲ့သည်ဟု ပြောကြားခဲ့ပြီး ပျက်ကျရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးဘဲ အပြည့်အဝ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရမည်သာဖြစ်ကြောင်း ထပ်လောင်း ပြောကြားသွားခဲ့သည်။
“ဒီဖြစ်စဉ်ဟာ အဇာဘိုင်ဂျန်ပြည်သူလူထုအတွက် ကြီးမားတဲ့ဝမ်းနည်းမှုကြီး ဖြစ်လာစေခဲ့တဲ့ ကြေကွဲစရာဖြစ်စဉ်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျခဲ့သည့် ဗီဒီယိုဖိုင်တွင် လေယာဉ်သည် ပင်လယ်ကမ်းစပ်ကို ဝင်တိုက်လိုက်ချိန်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့်အတူ မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး အနက်ရောက်မီးခိုးများ တလိပ်လိပ် ထူထပ်စွာ တက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ကျန်ရစ်ခဲ့သော လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းမှ အပိုင်းအစများ လွင့်ထွက်ထိမှန်ကာ သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာအနာတရဖြစ်ပြီး လဲကျနေသော ခရီးသည်များကိုလည်း တွေ့မြင်ကြရသည်။