- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
ရခိုင်က မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် တွေ့ဆုံနွေးရန်ကမ်းလှမ်းပြီးနောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်လာသဖြင့် သေဆုံးဒဏ်ရာရရှိမှု မြင့်တက်ခဲ့ခြင်းဖြစ်သည်။
01 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၁
ရခိုင်တွင် စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အရပ်သားသေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရရှိသူ ၉၀ အထိရှိကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၅၅ ဦးရှိခဲ့သဖြင့် ပြီးခဲ့သည့်နှစ် တစ်လအတွင်း အရပ်သားထိခိုက်သေဆုံးမှုနှင့် နှိုင်းယဉ်ပါက ယခုနှစ် ဇန်နဝါရီလတွင် ထိခိုက်သေဆုံးမှု ၃ ဆခန့်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။
သေဆုံးမှုများမှာ ရမ်းဗြဲမြို့နယ်တွင် ၂၇ ဦး၊ ကျောက်တော် ၉ ဦး၊ မြောက်ဦး ၂၈ ဦး၊ မြေပုံ ၁ ဦး၊ ပုဏ္ဏားကျွန်း ၄ ဦး၊ ရသေ့တောင် ၁ ဦး၊ စစ်တွေ ၁ ဦး၊ မောင်တော ၁ ဦးနှင့် ဂွမြို့နယ်တွင် ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများထဲတွင် ရမ်းဗြဲမြို့နယ်တွင် ၃၇ ဦး၊ ကျောက်တော် ၂၇ ဦး၊ မြောက်ဦး ၂၅ ဦးနှင့် မောင်တော ၁ ဦးတို့ ဖြစ်သည်။
အရပ်သားထိခိုက်သေဆုံးမှုမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှု အများဆုံးဖြစ်သည်။
ရခိုင်က မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် တွေ့ဆုံနွေးရန်ကမ်းလှမ်းပြီးနောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်လာသဖြင့် သေဆုံးဒဏ်ရာရရှိမှု မြင့်တက်ခဲ့ခြင်းဖြစ်သည်။
" အခုနောက်ပိုင်း ဗုံးကြဲတာတွေက အကြိမ်အရေအတွက် ပိုများလာတယ်။ အရပ်သားစုတဲ့ နေရာတွေကို ပိုရွေးပြီး ချသလို မြင်မိတယ်။ ဘယ်အချိန် ငါ့အလှည့်ရောက်မလဲဆိုတာမျိုးလည်း ပိုတွေးမိလာတယ်။ လေယာဉ်သံ ကြားရင် ဘယ်မှာ ပြေးပုန်းရမှန်းမသိဘူး " ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ အရပ်သား နေထိုင်ရာမြို့/ရွာများကို အဓိက ပစ်မှတ်ထားတိုက်ခိုက်လာနေပြီး လူအစုလိုက်အပြုံလိုက်သေဆုံးမှုကို တွေ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၆ ဦး သေဆုံးကာ ၃၅ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄၀၀ နီးပါး မီးလောင် ပျက်စီးခဲ့သည်။
ဇန်နဝါရီ ၁၁ ရက်ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး ၁၅ လုံးအထိ ကြဲချခဲ့သဖြင့် အရပ်သား ၉ ဦး သေဆုံးကာ ၂၇ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဇန်နဝါရီ ၁၈ ရက်က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့် နေ ရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့် အမျိုးသမီး ၂၈ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသဖြင့် သေဆုံးဒဏ်ရာရသူအရေအတွက်မှာ နေ့စဉ်တိုးလာနေပြီး ဒေသခံများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ခံစားနေကြရသည်။
"စစ်ကောင်စီက စစ်ပွဲဖြစ်တဲ့ နေရာမဟုတ်ဘဲ အရပ်သားနေထိုင်ရာကို အစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးအောင် ဗုံးကြဲမှုတွေ ပိုလုပ်လာတာက အင်မတန်စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ပါပဲ။ အဓိကတော့ လက်လွှတ်လိုက်ရတဲ့ နေရာတွေအတွက် ရှုံးမဲမဲနေတဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပေါ့။ ဒါတွေကို ကြည့်မယ် ဆိုရင်တော့ လူ့အခွင့် အရေးကို ချိုးဖောက်ရုံတင်မက စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ဆက်နွှယ်ကျူးလွန်နေတဲ့ ရာဇဝတ်မှု ဖြစ်တယ်" ဟု နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်(SRIN)မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က DMG သို့ ပြောသည်။
လက်ရှိ ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိနေပြီး ဒေသခံများမှာလည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရကာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဌအသီးသီးတွင် အခက်အခဲများနှင့် ရင်ဆိုင်ဖြတ်ကျော်နေကြရသည်။