ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ

၃ လအတွင်း ဒေသခံ ၁၂၆ ဦး သေဆုံးကာ၊ ဒဏ်ရာရရှိသူ ၂၀၈ ဦးအထိ ရှိခဲ့ပြီး ယင်းအထဲတွင် အောက်တိုဘာလတွင်း အရပ်သားထိခိုက်သေဆုံးမှုမှာ အများဆုံးဖြစ်သည်။

By Admin 03 Dec 2024

ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာမှ ဒေသခံများ။ (ဓာတ်ပုံ - APM)
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာမှ ဒေသခံများ။ (ဓာတ်ပုံ - APM)

DMG ၊ ဒီဇင်ဘာ ၃

ရခိုင်ပြည်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဒေသခံ ၃၃၄ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

၃ လအတွင်း ဒေသခံ ၁၂၆ ဦး သေဆုံးကာ၊ ဒဏ်ရာရရှိသူ ၂၀၈ ဦးအထိ ရှိခဲ့ခြင်းဖြစ်သည်။ ယင်းအထဲတွင် အောက်တိုဘာလတွင်း အရပ်သားထိခိုက်သေဆုံးမှုမှာ အများဆုံးဖြစ်ပြီး သေဆုံးသူ ၆၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၅ ဦးအထိရှိခဲ့ကြောင်း DMG ၏ စာရင်းအရ သိရသည်။

နိုဝင်ဘာလတွင်လည်း စစ်ကောင်စီ‌၏ လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၃၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅ ဦး အထိရှိခဲ့သည်။

အလားတူ စက်တင်ဘာလတွင် စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရရှိခဲ့သည်။

" တိုက်ပွဲတွေ အမြန်ရပ်ဖို့ကိုပဲ ဆုတောင်းတယ်။ တိုက်ပွဲဖြစ်နေသရွေ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ လူတွေ ထိခိုက်နေမှာပဲ " ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် နှစ်ဦး သေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။

" စစ်ကောင်စီဗုံးကြဲတဲ့ နေရာတိုင်းက အရပ်သားနေတဲ့ နေရာတွေချည်းပဲ။ စစ်ကောင်စီက အကြောင်းပြချက်မရှိဘဲ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ရာဇဝတ်မှုကျူးလွန်နေတာ " ဟု မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြို့များအပြင် AA သိမ်းပိုက်ထားသည့်မြို့များကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေသဖြင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေကြသည်။

နိုင်ငံ‌ရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက " နိုင်ငံတကာကတော့ စစ်ကောင်စီရဲ့ ပြစ်မှုတွေကို စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့ တတ်နိုင်သမျှ စီးပွားရေးဖြတ်တောက်တာ၊ စစ်ကောင်စီကို စက်နက်လက်ပစ္စည်း မရောင်းအောင် တိုက်တွန်းတာတို့ လုပ်ကြပါတယ် " ဟု ပြောသည်။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ တစ်နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၇၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁,၅၆၃ ဦး အထိရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၏ စာရင်းအရ သိရသည်။