- ပလပ်စတစ်ပိုက်များ ပြန်သုံးရန် အမိန့်ညွှန်ကြားစာ ထရမ့် လက်မှတ်ရေးထိုး
- စစ်တွေက စစ်ကောင်စီ တပ်စခန်းများကို AA ထိုးစစ်ဆင်
- တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းရန် စစ်ခေါင်းဆောင် ထပ်ပြောပြန်
- ရခိုင်တွင် ၁၀ ရက်အတွင်း အရပ်သားထိခိုက်သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်
- အာရက္ခပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး ဆန်းစစ်ချက်
ထိန်းချုပ်ဒေသများတွင် AA က မိုင်းနှင့် စစ်ကျန်လက်နက် အသိပညာပေး လုပ်ဆောင်နေ
အာရက္ခတပ်တော် (ULA/AA) သည် ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့၊ ရွာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်အန္တရာယ် ကင်းစင်ရေး အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေမှုနှင့် သတိပေး ဆိုင်းဘုတ် စိုက်ထူမှုများကို ပို၍လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
08 Jan 2025
![ထိန်းချုပ်ဒေသတစ်ခုတွင် AA က မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးမှုများ လုပ်ဆောင် နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- APM)](https://assets.dmediag.com/2025/1/K1.jpg)
DMG ၊ ဇန်နဝါရီ ၈
အာရက္ခတပ်တော် (ULA/AA) သည် ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့၊ ရွာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်အန္တရာယ် ကင်းစင်ရေး အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေမှုနှင့် သတိပေး ဆိုင်းဘုတ် စိုက်ထူမှုများကို ပို၍လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် ရခိုင်က သိမ်းပိုက်ထားသည့် မြို့နယ်များတွင် မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ် အသိပညာပေးများကို UL/AA က အရက်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေ ကြောင်း ပြောဆိုကြသည်။
“AA ကတော့ မိုင်းပညာပေး ဆိုင်းဘုတ်ထောင်တာ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ သူတို့ကိုယ်တိုင် သတိပေးတာတွေ ရှိတယ်။ အဓိကတော့ စစ်ကောင်စီတပ်စွဲ နေထိုင်ခဲ့တဲ့ နေရာတွေမှာ အများကြီး သတိပေး ဆိုင်းဘုတ်ထောင်ထားတာတွေ ရှိတယ်” ဟု ပလက်ဝဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ဒေသခံများမှာ ထိခိုက်သေဆုံးနေရသဖြင့် စစ်ကောင်စီတပ်စခန်းချခဲ့သည့် နေရာများနှင့် တိုက်ပွဲဖြစ်ရာ နေရာများကို မသွားရန်၊ တားမြစ်ထားသည့် နေရာများကို မသွားရန်စသည့် အသိပညာပေးမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
AA သည် မြို့၊ ရွာများကို သိမ်းပိုက်သည့် အချိန်မှစကာ ဒေသခံများကို မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် အသိပေးမှုများ ရှိသော်လည်း လက်ရှိတွင် ပို၍လုပ်ဆောင်လာနေကြောင်း ပြောဆိုကြသည်။
ယင်းအပြင် စစ်ကောင်စီ တပ်စွဲခဲ့သည့် နေရာများ၊ တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီးအနားသို့ ဒေသခံများ သွားရောက်မှုမရှိစေရန် AA က ကြပ်မတ်စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
AA က မိုင်းအန္တရာယ် အသိပညာပေးများ လုပ်ဆောင်နေသော်လည်း တစ်ဖက်တွင် မိုင်းအန္တရာယ်ကြောင့် ဒေသခံအချို့မှာ နေရပ်ပြန်ရန် ခက်ခဲနေသဖြင့် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။
“ရွာအနီးအနားက တောတောင်တွေမှာ စစ်တပ်က တပ်စွဲနေထိုင်ခဲ့တာ ရှိတယ်။ တပ်တော် (AA) ကတော့ မိုင်းရှင်းလင်းရေး လုပ်ထားပေမယ့်လည်း နေရာစုံတော့ မလုပ်နိုင်သေးဘူး။ တချို့ရွာသားတွေဆိုလည်း ရွာထဲဝင်ပြီး မနေရဲသေးဘူး” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း AA ထိန်းချုပ်ထားသည့် မြို့နယ်များမှ ဒေသခံများမှာ ဝမ်းရေအတွက် သွားလာ လှုပ်ရှားစဉ် မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရရှိသူအများအပြား ရှိနေသည်။
“ဒေသခံပြည်သူတွေ အများစုကတော့ သူတို့တွေရဲ့ စားဝတ်နေရေးကြောင့် မိုင်းအန္တရာယ်ကို ထင်သလောက် သတိမူကြမယ်လို့ မယူဆနိုင်ဘူး။ နေရပ်ပြန်နေထိုင်တဲ့ သူတွေအတွက် မိုင်းအန္တရာယ် ကင်းရှင်းအောင် အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ ဦးစားပေးလုပ်ဆောင်ပေးဖို့ လိုအပ်တယ်” ဟု နိုင်ငံရေးသမား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်နှင့် ပလက်ဝတွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် အရပ်သား သေဆုံးသူ ၁၂၃ ဦးထိရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားသည်။