- AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
- မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ
- မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
- တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား
တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား
အသက် (၅၁) နှစ်အရွယ် ဒေါ်ခင်မျိုးချေမှာ စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့သည့် ခမရ - ၃၄၆ တပ်ရင်းအနီး ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သည်အထိ ပြင်းထန်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
06 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးမှာ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)၊ ညနေ ၃ နာရီကျော်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သိရသည်။
အသက် (၅၁) နှစ်အရွယ် ဒေါ်ခင်မျိုးချေမှာ စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့သည့် ခမရ - ၃၄၆ တပ်ရင်းအနီး ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သည်အထိ ပြင်းထန်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
"ဘယ်ဖက်ခြေထောက် ဒူးဆစ်အောက်တစ်ပိုင်း ပြတ်ထွက်သွားတာ။ ညာဖက်ခြေထောက်မှာလည်း ဒဏ်ရာနည်းနည်း ရသွားပါတယ်။ အခုတော့ ဆေးကုသပေးနေပါပြီ။ နောက်ခြေထောက် တစ်ဖက်ကတော့ စိုးရိမ်ရတဲ့အခြေနေ မဟုတ်ပါဘူး" ဟု တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုင်းဆိုသလို ရှိနေသည်။
ဖေဖော်ဝါရီ ၃ ရက်ကလည်း ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ စစ်ကျန်လက်နက် ဗုံးသီးပေါက်ကွဲခဲ့ သဖြင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်နှင့် ဖေဖော်ဝါရီ ၅ ရက်အတွင်း မြေမြှုပ်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ရခိုင်တွင် အာရက္ခတပ်တော်က ထိန်းချုပ်နယ်မြေအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများအပြင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်နှင့်ပတ်သက်၍လည်း အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသည်။
သို့သော်လည်း ရခိုင်ကျေးလက်ဒေသအများစုမှာ တိုက်ပွဲနယ်မြေဖြစ်ပွားခဲ့သဖြင့် ဒေသခံများမှာလည်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဆက်လက် ရင်ဆိုင်ကြုံတွေ့ နေကြရဆဲ ဖြစ်သည်။
" တကျော့ပြန်ရခိုင်တိုက်ပွဲမှာ တော်တော်လည်းပြင်းထန်ခဲ့တယ်။ ဒီလိုဆိုတော့ မိုင်းနဲ့ စစ်ကျန် လက်နက်တွေ နေရာတိုင်းလိုလိုမှာ အများကြီး ပြန့်ကျဲရှိနိုင်တယ်။ အခု အေအေက မိုင်းရှင်းလင်းရေးတွေ လုပ်နေတာတွေ့ရတယ်။ ဒီအန္တရာယ်တွေက မကုန်ဆုံးနိုင်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အရေးတကြီး လိုအပ်တယ်။ ပြည်သူတွေအနေနဲ့လည်း သတိထား သွားလာနေထိုင်ဖို့လိုတယ်" ဟု ရခိုင်က လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
DMG က ကောက်ယူထားသည့် စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၆ ရက်အထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် သေဆုံးဒဏ်ရာရရှိသူ ၁၁ ဦးအထိ ရှိလာနေသည်။