- ရခိုင်တွင် ၁၀ ရက်အတွင်း အရပ်သားထိခိုက်သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်
- အာရက္ခပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး ဆန်းစစ်ချက်
- ကျောက်ဖြူတွင် စစ်ကောင်စီက အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ရှိလာ
- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
ကျောက်ဖြူတွင် စစ်ကောင်စီက အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ရှိလာ
ဇန်နဝါရီ လကုန်ပိုင်းမှစ၍ ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄) တပ်ရင်းနှင့် အမှတ် (၃၂) ရဲတပ်ရင်းတို့တွင် သေနတ်ပစ်ဖောက် စစ်ရေးလေ့ကျင့်မှု၊ လုံခြုံရေးဂိတ်များတွင် အင်အားတိုးချဲ့ခြင်းနှင့် တပ်စခန်းများတွင်လည်း လုံခြုံရေးတိုးမြှင့်ကာ စစ်ရေးပြင်ဆင်နေသည်။
12 Feb 2025
![ကျောက်ဖြူတွင် စစ်ကောင်စီက အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ရှိလာ](https://assets.dmediag.com/2025/2/SSC-Feb12.jpg)
DMG ၊ ဖေဖော်ဝါရီ ၁၂
တရုတ်စီမံကိန်းတည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စစ်အင်အားများထပ်မံဖြည့်တင်း၍ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီ လကုန်ပိုင်းမှစ၍ ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄) တပ်ရင်းနှင့် အမှတ် (၃၂) ရဲတပ်ရင်းတို့တွင် သေနတ်ပစ်ဖောက် စစ်ရေးလေ့ကျင့်မှု၊ လုံခြုံရေးဂိတ်များတွင် အင်အားတိုးချဲ့ခြင်းနှင့် တပ်စခန်းများတွင်လည်း လုံခြုံရေးတိုးမြှင့်ကာ စစ်ရေးပြင်ဆင်နေသည်။
"မြို့ဝင်ပေါက်ကို ပိတ်ဆိုထားတဲ့ နှမ်းဖဲတောင်၊ အုန်းတော၊ မလကျွန်းနဲ့ ကျောက်တစ်လုံးက စစ်ဆေးရေး ဂိတ်တွေမှာ ဆိုရင်လည်း ဒီရက်ပိုင်းအတွင်း လူအင်အားတွေ ထပ်ဖြည့်နေတာရှိတယ်" ဟု ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့ကို ဝိုင်းပတ်ထားသည့် သံဇစ်မြစ်တလျှောက်တွင်လည်း စစ်သင်္ဘော ၇ စီးထက်မနည်း နေရာယူအထိုင်ချထားပြီး အုံးကျွိန်ကျွန်း (ဒေသအခေါ်) တွင်လည်း စစ်သင်္ဘောများ ဆိုက်ကပ်၍ ရေကြောင်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။
ထို့အပြင် ဓညဝတီ ရေတပ်ဌာနချုပ်အနီးဝန်းကျင်ရှိ သစ်ပုတ်တောင်၊ စစ်တော၊ စိုင်ခြုံ၊ စိုင်ခြုံဒွိန်၊ စည်မော်၊ ရှောက်ချောင်းရွာများ၊ ကျောက်ဖြူ - ရန်ကုန် ကားလမ်းအနီးရှိ မင်းတက်တောင်၊ ကမ်းဒီး၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်စသည့် ကျေးရွာတို့တွင်လည်း ကင်းပုန်းဝပ်ခြင်း၊ စစ်ကြောင်းထိုးသွားလာမှုများ ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီ ၉ ရက်က ရှောင်ချောင်းကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် စိုင်ခြုံကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီက ကင်းပုန်းဝပ်ခြင်း၊ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းနှင့်အတူ ယာယီစခန်းချ နေထိုင်မှုများ ရှိလာ၍ ယခုရက်ပိုင်းအတွင်း ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။
" ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ပျားတဲရွာအနီးမှာ ယာယီတပ်စခန်းချပြီး နေထိုင်သွားလို့ ပျားတဲ၊ ကပ်သပြေနဲ့ ရှောက်ရှောင်းရွာကလူတွေ ကြောက်ပြီးတော့ မနည်းထွက်ပြေးသွားကြတယ်" ဟု ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာမှ တိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က တစ်လလျှင် တစ်ကြိမ်ခန့်သာ စစ်ကောင်စီက အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး သွားလာခြင်းများ ရှိသော်လည်း ဇန်နဝါရီ လလယ်ပိုင်းမှစကာ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး သွားလာမှုများ ၃ ကြိမ်အထိ ရှိလာနေကြောင်း ဒေသခံများက ပြောသည်။
အာရက္ခတပ်တော် (AA) က အမ်းမြိုနယ်ရှိ (နပခ) ဌာနချုပ်နှင့် တောင်ကုတ်မြိုနယ်ရှိ စကခ (၅)တို့ကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ကျောက်ဖြူမြိုခံအများစုမှာ ဘေးလွတ်ရာတိမ်းရှောင် ခဲ့ကြသည်။
လက်ရှိ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနေပြီး အာရက္ခတပ်တော်ကလည်း မြို့ကို ဝိုင်းရံပိတ်ဆို့ထားသဖြင့် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသည်။
တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူကို ကာကွယ်ရန် စစ်ကောင်စီက အစွမ်းကုန်ကြိုးပမ်းနေသလို အခြား တစ်ဖက်တွင်လည်း အာရက္ခတပ်တော် (AA)က မြို့ကို ဝိုင်းရံပိတ်ဆို့ထားမှုကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။
" လက်ရှိရော၊ အနာဂတ်အတွက်ပါ တရုတ်စီမံကိန်းတွေရှိနေတဲ့ ဒီကျောက်ဖြူကို စစ်ကောင်စီက အလွယ်တကူတော့ လက်လွှတ်မှာ မဟုတ်ဘူး။ AA အတွက်ကလည်း တရုတ်နဲ့ စီးပွားရေစကားတွေ ပြောဆိုနိုင်ဖို့နဲ့ ရခိုင်က စစ်ကောင်စီရဲ့ ရေကြောင်းစစ်ကူတွေကို ထိန်းချုပ်ဖို့အတွက် ဒီကျောက်ဖြူဟာ အရေးပါနေတာမို့ နှစ်ဘက်စလုံးရဲ့ စစ်ရေးအင်အားဖြည့်တင်းမှုနဲ့ လှုပ်ရှားမှုတွေဟာ အချိန်မရွေး ထိပ်တိုက်တွေ့နိုင်တယ်" ဟု ကျောက်ဖြူအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ပြီး အဆိုပါနေရာများတွင် ရေတပ်နှင့် ကြည်းတပ်အင်အားများကို ဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားသည်။