- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
အာဏာသိမ်း ၄ နှစ်ပြည့်နှင့် စစ်ရေး၊ နိုင်ငံရေး အလားအလာ
အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များအပြင် နွေဦးတော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများစွာဖြင့် နိုင်ငံတဝန်း စစ်မျက်နှာအများအပြားကို ရင်ဆိုင်နေရပြီး ထိန်းချုပ်နယ်မြေအများအပြားလည်း လက်လွှတ်ထားရသည်။
02 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၂
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းသက်တမ်း ၄ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
၄ နှစ်တာကာလအတွင်း စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များအပြင် နွေဦးတော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများစွာဖြင့် နိုင်ငံတဝန်း စစ်မျက်နှာအများအပြားကို ရင်ဆိုင်နေရပြီး ထိန်းချုပ် နယ်မြေအများအပြားလည်း လက်လွှတ်ထားရသည်။
အာဏာသိမ်းပြီးချိန်မှ စ၍ စစ်ကောင်စီသည် အရေးပေါ်ကာလအဖြစ် ၆ လ တစ်ကြိမ် သက်တမ်းတိုးအုပ်ချုပ်လာသည်မှာ ၇ ကြိမ်တိုင် ရှိပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းနေသည်။
အခြားတစ်ဖက်တွင်လည်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအတွက် စစ်ရေးနည်းဖြင့် တိုက်ခိုက်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နွေဦးတော်လှန်ရေးအင်အားစုများလည်း ရှိနေသည်။
၂၀၂၅ စစ်ရေး အလားအလာ
လက်ရှိ စစ်ကောင်စီသည် ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မြို့ ပေါင်း ၉၄ မြို့ အထိ လက်လွှတ်ထားရပြီး တိုင်းစစ်ဌာနချုပ် ၂ ခု အပါအဝင် တပ်စခန်းအများအပြား စွန့်လွှတ်ထားရသည်။
အာရက္ခတပ်တော် (AA) သည် စစ်ကောင်စီ ထိန်းချုပ်မှုအားကောင်းသည့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းအတွင်း ပိုင်းသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းပစ် ကူများဖြင့် ခုခံနေ၍ နေ့စဉ်တိုက်ပွဲပြင်းထန်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းအတွင်း ရခိုင်နယ်စပ်အနီး၌ စစ်ကောင်စီ၏ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကြောင့် တိုက်ပွဲများပြင်းထန်နေသည်ဟု AA က ထုတ်ပြန်ခဲ့သည်။
အာရက္ခတပ်တော်နှင့် နွေဦးတော်လှန်ရေးအင်အားစုများ ထိုးစစ်ဆင်နေသည့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့သည် စစ်ရေးအရများစွာ အရေးပါပြီး မဟာဗျူဟာကျသည့် နေရာဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။
" ရခိုင်ရိုးမ အရှေ့ဖက်ခြမ်း၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်းကို တိုက်နိုင်ရင် ဧရာဝတီနဲ့ ရခိုင်ရိုးမကြားမှာ တော်လှန်ရေးအင်အားစုတွေ နေရာယူဖို့ စုဖွဲ့ဖို့လိုတယ်။ အာရက္ခတပ်တော်ကလည်း နောက်ကွယ်က အထောက် အကူပေးထားနိုင်သလို တစ်ဖက်မှာလည်း အာရက္ခတပ်တော်က နောက်ကျောလုံတာပေါ့ " ဟု နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
ပဲခူးတိုင်းနှင့် မကွေးတိုင်းတွင် စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသည့် စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ)များ ရှိပြီး မကွေးတိုင်းတွင် (ကပစ) စက်ရုံ ၁၅ ခုနှင့် ပဲခူးတိုင်းတွင် ၃ ခု အခြေစိုက်ထားသည်။ယင်းကြောင့် အာရက္ခတပ်တော်၏ ထိုးစစ်များကြောင့် ကပစ စက်ရုံများလုံခြုံရေးမှာ အထူးစိုးရိမ်စရာ ဖြစ်လာနေကြောင်း ပြောဆိုကြသည်။
" အာရက္ခတပ်တော်ကတော့ ပဲခူး၊ မကွေး၊ ဧရာဝတီဘက်မှာ တိုက်နေတာ တွေ့ရပါတယ်။ AA ကတော့ ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တဲ့အတွက် မြန်မာပြည်သူတစ်ရပ်လုံးနဲ့ အတူရှိပြီး စစ်အာဏာရှင်ပြုတ်ကျတဲ့ အဆုံးစွန် ထိ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဝင်သွားမယ်လို့ မြင်ပါတယ် " ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ကချင်ပြည်နယ်၏ ဒုတိယအဆင့်ရှိ စစ်ရေး၊ စီးပွားရေးအရ အရေးပါသည့် စစ်ကောင်စီ၏ စကခ (၂၁) ရှိရာ ဗန်းမော်မြို့အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု (စရဖ-စု)၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ် (ထပရ-၉၃၃)၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၁၁)၊ အမှတ် (၅) ဆက်သွယ်ရေးတပ် (ဆသရ-၅)၊ အမှတ် (၃၁၄) အမြောက်တပ်(အမတ-၃၁၄)၊ အမှတ် (၃၆၆) အမြောက်တပ် (အမတ-၃၆၆) တို့ရှိသည်။
KIA အနေဖြင့် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်လျှင် ကချင်ပြည်နယ်ရှိ အခြားစစ်ကောင်စီတပ်စခန်းများအား တောက် လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့် အခြေအနေဖြစ်သွားမည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
AA နှင့် KIA တပ်များကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဦး ဆောင်သည့် တပ်ဖွဲ့များမှာ ထိုးစစ်၊ စစ်မျက်နှာဖွင့်ရန် လိုအပ်ကြောင်း ပြောဆိုမှုများရှိနေသည်။
" တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ရေးအရ တာဝန်ကျေတဲ့ အနေအထားဖြစ်သွားပြီ။ စစ်အာဏာရှင် ပြုတ်ကျဖို့အတွက် စစ်ရေးအပြောင်းအလဲဖြစ်ဖို့အတွက် မန္တလေး၊ မကွေး၊ စစ်ကိုင်း အဲဒီအလယ်ပိုင်းဒေသတွေကို ဗမာတပ်တွေက ဦးဆောင်တိုက်၊ ကချင်၊ ရခိုင်နဲ့ ချင်း ကဝင်ကူတိုက်လို့ ထိန်းချုပ်နိုင်သွားရင် စစ်ကောင်စီပြုတ်ကျဖို့ သေချာသွားပြီ။ NUG အနေနဲ့လည်း တိုက်စစ်ဖွင့်ဖို့လိုတယ်။ စစ်ကောင်စီတပ်သားတွေက တိုက်တိုင်း ရှုံး ဖြစ်နေတာလေ။ အဓိက တိုက်ဖို့ပဲလိုတယ် " ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ရှုမြင်သည်။
KIA နှင့် PDF ပူးပေါင်းတပ်များက တရုတ်နယ်စပ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ AA နှင့် PDF ပူးပေါင်းတပ်များက ရခိုင်နယ်စပ်၊ ကရင်ပြည်နယ်တွင် KNU နှင့် PDF ပူးပေါင်းတပ်များ၊ ချင်းပြည်နယ်တွင် CNF နှင့် PDF ပူးပေါင်း တပ်များ၏ တိုက်ခိုက်မှုများကို ခံနေရကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် ပြောသည်။
ရွေးကောက်ပွဲ အိမ်မက်နှင့် နိုင်ငံရေး အပြောင်းအလဲ
စစ်ကောင်စီသည် အာဏာသိမ်းကာလ ၄ နှစ် မပြည့်မီ တစ်ရက်အလို ဇန်နဝါရီ ၃၁ ရက်တွင် အရေးပေါ်ကာလအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ၇ ကြိမ်မြောက်အဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်သည်။
လက်ရှိ စစ်ကောင်စီသည် ပုဒ်မ ၄၁၉ အရ ရွေးကောက်ခံ နိုင်ငံတော် သမ္မတအာဏာ မရှိဘဲ ၇ ကြိမ်တိုင် သက်တမ်းတိုးနေခြင်းမှာ စစ်အာဏာရှင်တို့၏ လက်နက်အားကိုး လုပ်ရပ်သာဖြစ်ကြောင်း ဥပဒေပညာရှင်များက ရူမြင်ကြသည်။
" စစ်ကောင်စီက သမ္မတကိုတောင် ဖမ်းချုပ်ထားတာလေ။ ဆိုတော့ သူတို့မှာ ၄၁၉ အာဏာမရှိဘူး။ လုပ်ချင်ရာ တွေ လျှောက်လုပ်နေတော့ သူတို့ ဘာလုပ်လုပ် တရားမဝင်ဘူး " ဟု ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထိန်းချုပ်နယ်မြေများ လက်လွှတ်လာရချိန်တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေများ၌ သန်းခေါင်စာရင်းကောက်ယူထားပြီး စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများဖြင့် ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
သို့သော် ရွေးကောက်ပွဲ ကြိုးပမ်းခြင်းသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေကြပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေဖြင့် ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
" သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေ တဖြည်းဖြည်းနည်းလာတော့ သူတို့ ရွေးကောက်ပွဲ အိမ်မက်က ဖြစ်လာနိုင်မှာ မဟုတ်ဘူး " ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ရှေ့နေ ဦးကြီးမြင့်ကလည်း "စစ်ကောင်စီအတွက် ရွေးကောက်ပွဲလုပ်နိုင်ဖို့တော့ အခွင့်အလမ်းနည်းတယ်။ လုပ်နိုင်သွားရင်တော့ တရားဝင် အစိုးရဖြစ်သွားမှာပေါ့ဗျာ။ ပြည်တွင်းမှာ ဘာပဲပြောပြော ပြည်ပနိုင်ငံတွေ ကြား မှာတော့ တရားဝင်အစိုးရဖြစ်မယ်။ ဒါတွေက တရုတ် ရုရှားစတဲ့ အာဏာရှင်နိုင်ငံတွေက ပေါ်ပေါ်ထင်ထင် ကျောထောက်နောက်ခံ မပြုပေးဘူးလို့ မပြောနိုင်ဘူး " ဟု ဆိုသည်။
ပြီးခဲ့သည့် (ကာလုံ) အစည်းအဝေးတွင်လည်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သတ်၍ အလေးထားပြောကြားခဲ့သည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်သည် တရုတ်နိုင်ငံက အဓိက တိုက်တွန်းပေးနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။
မြောက်ပိုင်း ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ကောင်းနေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် နေပြည်တော်သို့ လာ၍ စစ်ကောင်စီနှင့် တွေ့ဆုံပြီးနောက်ပိုင်း ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့ကို နယ်စပ်ဂိတ်များ ပိတ်၍ ဖိအားပေးသည့်အပြင် ခြိမ်းခြောက်မှုများလည်း လုပ်ခဲ့သည်။
တရုတ်၏ ဖိအားပေးမှုကြောင့် MNDAA နှင့် TNLA တပ်တို့သည် စစ်ကောင်စီနှင့် အပစ်ရပ် ဆွေးနွေးရန်အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း MNDAA တပ်နှင့် အပစ်ရပ်ခဲ့ကာ TNLA နှင့်လည်း ဆွေးနွေးပွဲများ မကြာမီ ပြုလုပ်မည်ဟုလည်း သိရသည်။
" တရုတ်ကတော့ သူကိုယ်တိုင်ကလည်း တစ်ပါတီ စနစ်နဲ့ နိုင်ငံဆိုတော့ အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီ ဖြစ်လာမှာကို လုံးဝထောက်ခံမှာ မဟုတ်ဘူး။ သူတို့ အဆုံးစွန်အထိ စစ်ကောင်စီကို မကယ်တင်ဘူးလို့ မပြော နိုင်ဘူး။ သို့သော် တော်လှန်ရေးအင်အားစုတွေဘက်ကသာ အားသာလာမယ်ဆိုရင် တရုတ်က စစ်ကောင်စီထက် တော်လှန်ရေး အင်အားစုတွေဘက်ဆီ ရောက်လာနိုင်တယ် " ဟု ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။
ကချင်ဒေသမှ မြေရှားသတ္တုများကို အတိုင်းအတာတစ်ခုထိ အားထားရသည့် တရုတ်နိုင်ငံသည် KIA အား ကိုးကန့် တပ်ကဲ့သို့ ဖိအားပေးခြင်း မလုပ်နိုင်ပေ။
အလားတူ ရခိုင်ဒေသတွင်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် တရုတ် စီမံကိန်းများစွာရှိပြီး အာရက္ခတပ်တော်ကို စစ်ရေးအရ တိုက်ရိုက်ဖိအားမပေးနိုင်ကြောင်းလည်း ဆိုကြသည်။
လက်ရှိ ရခိုင်တွင် တရုတ်စီမံကိန်းရှိသည့် ကျောက်ဖြူမြို့၊ အိန္ဒိယ စီမံကိန်းရှိသည့် စစ်တွေနှင့် မာန်အောင်မြို့ များသာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် အနေအထားဖြစ်နေသည်။
" အာရက္ခတပ်တော်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်ထားပြီး သူတို့ အကျိုးစီးပွားတွေကိုလည်း ကာ ကွယ်မယ်လို့ တရားဝင်ပြောပြီးသားဖြစ်တယ်။ ဒါကြောင့် တရုတ်နဲ့ အိန္ဒိယ ဖိအားကတော့ သိပ်ပြဿနာ မရှိ နိုင်ဘူး " ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
ပြီခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် အာရက္ခတပ်တော် AA သည် နိုင်ငံရေး နည်းလမ်းနှင့် တွေ့ဆုံဆွေး နွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန် စွာပြုလုပ်ခဲ့ခြင်းက စစ်ကောင်စီအနေဖြင့် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒမရှိခြင်းကို ပြသရာရောက်ကြောင်း ပြောဆိုကြသည်။
စစ်ကောင်စီကလည်း နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိကြောင်း မကြာခဏ ပြောဆိုထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ နိုင်ငံတဝန်းတွင် ဆက်တိုက်လုပ်နေခြင်းကြောင့် အရပ်သားထိခိုက် သေဆုံးမှု များလည်း နေ့စဉ်မြင့်တက်နေသည်။
မည်သို့ပင်ဆိုစေကာမှု လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်ပြုလုပ်နေသည့် စစ်ကောင်စီသည် ပြည်သူ ထောက်ခံမှု မရှိခြင်းကြောင့် တစ်နိုင်ငံလုံး ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ မသေချာပေ။
ထို့အတူ ပြည်မဒေသများသို့ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များ အဟုန်ပြင်းလာနိုင်သဖြင့် ၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်စနစ်အလုံးစုံ ပြိုပျက်သွားမည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဟု သုံးသပ်နေကြသည်။