ယူကရိန်း ခရီးသည်တင်လေယာဉ် အီရန်တွင် ပျက်ကျ

ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၇၆ ဦးလိုက်ပါလာသော ယူကရိန်းခရီးသည်တင်လေယာဉ်သည် အီရန်နိုင်ငံအတွင်း ပျက်ကျခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမတွေ့ရှိရဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

By Foreign Desk 08 Jan 2020

အသက်ရှင်ကျန်ရစ်သူရှိမည့် လက္ခဏာမရှိချေ (ဓာတ်ပုံ - AFP)

ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၇၆ ဦးလိုက်ပါလာသော ယူကရိန်းခရီးသည်တင်လေယာဉ်သည် အီရန်နိုင်ငံအတွင်း ပျက်ကျခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမတွေ့ရှိရဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ် PS 752 သည် တီဟီယန်ရှိ အီမန်ခိုမေနီလေဆိပ်မှ ယူကရိန်းနိုင်ငံ ကိဗ်ယက်သို့ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်အများစုမှာ အီရန် နှင့် ကနေဒါတို့မှဖြစ်သည်။

လေယာဉ်ပျက်ကျရခြင်း အင်ဂျင်ချို့ယွင်းမှုကြောင့်ဟု တီဟီယန်ရှိ အီရန်သံရုံးက အစောပိုင်းတွင်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကြေညာချက်ကို ပြန်လည်ဖယ်ရှားသွားခဲ့သည်။

လေယာဉ်ပျက်ကျရခြင်းနှင့်ပတ်သက်ပြီး ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုမပြုလုပ်ရသေးမီ ထွက်ပေါ်လာသော မည်သည့်မှတ်ချက်မျိုးမှ တရားဝင်ခြင်းမရှိကြောင်း ၎င်းကပြောကြားသည်။

အီရန်မီဒီယာများကမူ PS 752 ပျက်ကျရခြင်းမှာ နည်းစနစ်ပိုင်းပြဿနာကြောင့်ဟု ဖော်ပြကြပြီး မည်သည့်အရေးပေါ်အခြေအနေကြေညာချက်မှ ရရှိခဲ့ခြင်းမရှိကြောင်း လေကြောင်းအာဏာပိုင်တစ်ဦး၏ ပြောကြားမှုကို ကိုးကားဖော်ပြလျက်ရှိသည်။

ပျက်ကျသွားခဲ့သော Boeing 737-800 NG အမျိုးအစားလေယာဉ်၏ ကိုယ်ထည်နှင့် အင်ဂျင်အစိတ်အပိုင်းများကို ယင်းလေယာဉ်ထွက်ခွာရာ လေဆိပ်မှ ၆ မိုင်ခန့်အကွာတွင် တွေ့ရှိခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းများက ခရီးသည်များကို လိုက်လံရှာဖွေလျက်ရှိသည်။

ယခုလေယာဉ်ပျက်ကျမှုမဖြစ်ပွားမီ နာရီပိုင်းအလိုက အီရန်က အီရတ်ရှိအမေရိကန်စစ်စခန်း ၂ ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် ယင်းတိုက်ခိုက်မှုနှင့် လေယာဉ်ပျက်ကျမှုကြား ဆက်စပ်မှုရှိသည်ဟူသော အထောက်အထားတွေ့ရခြင်း မရှိပေ။

PS 752 ခရီးစဉ်တွင်လိုက်ပါသွားသော ခရီးသည်များမှာ အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဉ်ဝန်ထမ်း ၉ ဦးအပါအဝင် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖရန် ၄ ဦး၊ ဗြိတိသျှ ၃ ဦးနှင့် ဂျာမန် ၃ ဦး တို့ဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အဆိုပါလေယာဉ်ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်မှာ ၁၆၉ ဦးဖြစ်သော်လည်း ၂ ဦးမှာ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ခြင်း မရှိကြောင်းလည်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ဆက်စပ်သတင်း
အမေရိကန်လေတပ်စခန်း နှစ်ခုအား အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်